ဆောင်းရာသီမှာ သောက်သင့်တဲ့ဖျော်ရည် (၃) မျိုး

ကိုယ်တို့တွေဟာ များသောအားဖြင့်တော့ ကော်ဖီပူပူလေးနဲ့အချမ်းဒဏ်ကိုအံတုကြတာပါပဲ။ ကော်ဖီတွေလက်ဖက်ရည်တွေသောက်ရတာရိုးနေပြီ ဆန်းဆန်းပြားပြားလေးသောက်ချင်တဲ့သူတွေအတွက် ကျန်းမာရေးနဲ့ညီညွှတ်ပြီး ရောဂါကာကွယ်ပေးတဲ့ ဖျော်ရည်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

 

၁။ သုံးထပ်ကွမ်းဘယ်ရီဖျော်ရည်

ဘယ်ရီသီးတွေမှာ ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ ဓာတ်တိုးပစ္စည်းတွေ ကြွယ်ဝစွာပါဝင်တာကြောင့် ခုခံအားကိုတိုးမြှင့်ပေးပြီး ဆောင်းတွင်းမှာအလွယ်တကူဖြစ်တတ်တဲ့ နှာစေးချောင်းဆိုးနဲ့ ဖျားနာခြင်းတွေကို အပြည့်အဝကာကွယ်ပေးမှာပါ။

ဒီဖျော်ရည်လေးမှာ ဘယ်ရီသီး (၃) မျိုးပါဝင်တာကြောင့် သုံးထပ်ကွမ်းဘယ်ရီဖျော်ရည်လို့အမည်ပေးထားပါတယ်။ပါဝင်ပစ္စည်းတွေနဲ့ပြုလုပ်ပုံအဆင့်ဆင့်ကို ကြည့်လိုက်ကြရအောင်နော်။

 

ပါဝင်ပစ္စည်းများ

အေးခဲထားတဲ့ စတော်ဘယ်ရီအနှစ်တစ်ခွက် ( ရေနွေးခွက်အသေးလေး )
အေးခဲထားတဲ့ ရက်စ်ဘယ်ရီအနှစ်သုံးခွက်တစ်ခွက်တင် (ရေနွေးခွက်အသေးလေးရဲ့သုံးပုံတစ်ပုံလို့ပြောတာပါ)
အေးခဲထားတဲ့ ဘလူးဘယ်ရီအနှစ်ခွက်တစ်ဝက်ခန့်
အခွံနွှာပြီးပါးပါးလှီးထားတဲ့ ကီဝီသီးနှစ်လုံး

အချိုးအစားတွေကို ကိုယ်လိုချင်သလို ညှိယူလို့ရတယ်ဆိုတာ သိတယ်ဟုတ်။

ဘယ်ရီသီးအနှစ်တွေကိုအရင်သမမျှတအောင်ရောမွှေလိုက်ပါ၊ ကီဝီသီးအချပ်လေးတွေကို အပေါ်ကတင်ပါ။ နို့ဆီတွေသကြားတွေကို ဖြစ်နိုင်ရင်မထည့်စေချင်ပါဘူးနော် ဘယ်ရီတွေရဲ့စွမ်းရည်ကိုလျော့ကျစေမှာမို့ပါ။ မထည့်ပဲမနေနိုင်ရင်တော့ အရသာပေါ်တယ်ဆိုရုံလေးထည့်နိုင်ပါတယ်။

 

၂။ ဂျင်းသံပုရာ

ရာသီမရွေးသင့်တော်ပြီး အစာကြေရင်ချောင်စေတာကတော့ ဂျင်းသံပုရာပါပဲ။ (ရထားတွေပေါ်မှာ လိုက်ရောင်းတဲ့ ဂျင်းသံပုရာရှောက်သီးဆေးပြားတွေကိုပြောတာ မဟုတ်ဘူးနော် အဲဒါတွေက ဆေးသကြားတွေ :3 )

ဂျင်းသံပုရာဖျော်ရည်လေးရဲ့ ပြုလုပ်ပုံက အင်မတန်ရိုးရှင်းပါတယ်။

သံပုရာသီး (အစစ်နော် သံပယိုတွေက အာနိသင်မရှိဘူး) နဲ့ ဂျင်းကို အကွင်းလိုက်ကလေးတွေလှီးပြီး ရေနွေးခွက်ကလေးထဲ မိနှစ်နှစ်ဆယ်ခန့်ထည့်စိမ်ထားပါ။ (ရေအေးတွေမရဘူးနော်) ရေနွေးလေးတွေဝါကျင့်ကျင့်အရောင်ပြောင်းပြီဆိုမှ ပျားရည်လေးလိုသလောက်ထည့်မွှေပြီး သောက်နိုင်ပါပြီ။ ပျားရည်တွေအများကြီးထည့်ရင် ချောင်းဆိုးချွဲကျပ်ပြီး ဝမ်းတော်လားမှာကိုသတိပြုပါ။

 

၃။ အုန်းလိမ္မော်

ဘယ့်နှယ် ပျားလိမ္မော်လည်းမဟုတ်ဘူးလို့တွေးနေကြပြီလား။ ပျားလိမ္မော်ထက်ကောင်းတဲ့ အုန်းလိမ္မော်ပါ။ အုန်းသီးအနှစ်တွေနဲ့ လိမ္မော်ဖတ်ကလေးတွေကို ရောမွှေပြီး ကျန်တဲ့အဆာပလာတွေထည့်ထားတဲ့ အရသာအလွန်ကောင်းတဲ့ ဖျော်ရည်လေးဟာ အစာကြေလွယ်စေပြီး ရောဂါကာကွယ်ပေးတာမို့ ကျန်းမာရေးကိုလည်းအတော်လေးအထောက်အကူပြုပါတယ်။

ပါဝင်ပစ္စည်းတွေကတော့

အုန်းသီးအနှစ်အနည်းငယ် (အများကြီးထည့်ရင် သွေးတိုးပါလိမ့်မယ်)
လိမ္မော်သီးနှစ်လုံး
မုန်လာဥနီအနှစ်တစ်ခွက်
ဒိန်ချဉ်ခွက်သေးတစ်ခွက်

အားလုံးကိုရောမွှေပြီးသောက်သုံးနိုင်ပါပြီ။ဒိန်ချဉ်ကတော့ မထည့်လည်းရပေမယ့် အသားအရည်ကိုစိုပြေစေတာမို့ ဆောင်းတွင်းမှာ အသားပက်တတ်တဲ့သူတွေအတွက်ကောင်းပါတယ်။

အရာရာဟာ တန်ဆေးလွန်ဘေးပဲမို့ ဘေးဖြစ်အောင်မသောက်ပဲ ဆေးဖြစ်အောင်သောက်ခြင်းဖြင့် ကိုယ့်ကိုကိုယ်ဂရုစိုက်နိုင်ကြပါစေ။

156 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.