ဒါလေးကို ဖတ်ပြီးသွားရင်တော့ သင့်ခွေးလေးကိုတစ်ချက်လောက်ပွေ့ရမ်းနမ်းရှုံ့ဖြစ်မှာအသေအချာပါပဲ။ခွေးမရှိတဲ့လူတစ်ယောက်ဆိုရင်လည်း ချက်ချင်းပဲခွေးလေးတစ်ကောင်လောက်ကောက်မွေးချင်စိတ်ပေါက်သွားပါလိမ့်မယ်။
သင်နာမကျန်းဖြစ်ခြင်းနည်းပါးလာမယ်
ကိုယ်တို့လူသားတွေဟာ ပိုးမွှားတွေကိုတော်တော်လေးမုန်းကြပါတယ်။ ပိုးသတ်ဆေးတွေဖျန်းတယ်၊ပိုးသတ်ဆေးတွေသောက်တယ်။ပိုးမွှားဆို ဝေးဝေးကရှောင်ကြတယ်။။အဲ… ကိုယ်တို့ချစ်တဲ့ခွေးလေးတွေကျ တကယ့် ပိုးမွှားကွန်တိန်နာလေးတွေပါ။ သူတို့နဲ့ လက်ပွန်းတတီးနေတယ်ဆိုတာ ပိုးမွှားတွေနဲ့ ဖက်လဲတကင်းပေါင်းနေသလိုပါပဲ။
ဟာ… ဒါဖြင့် မင်းဟာက ဘာကျန်းမာရေးအထောက်အကူပြုတာတုန်း လို့မေးချင်နေကြပြီလား။ ဆန္ဒတွေမစောပါနဲ့လေ။ ဒီလိုပါ။ အဲ့လို ပိုးမွှားတွေနဲ့ ဒွေးရောယှက်တင်နေခြင်းဖြင့်
သင့်ခန္ဓာကိုယ်ရဲ့ရောဂါကာကွယ်ရေးစနစ်ကို လေ့ကျင့်သင်ကြားပေးသလိုဖြစ်ပြီး တစ်ခုခုဆိုခံနိုင်ရည်ပိုရှိလာမှာပါ။
အံမယ် အံမယ် ခံနိုင်ရည်ရှိအောင်ပဲ ခွေးမွေးပြီး အလုပ်ရှုပ်ခံရဦးမလား။ အားဆေးတွေသောက်မှာပေါ့လို့မပြောနဲ့နော်။ အားဆေးတွေက သင့်ကိုမျက်လုံးတောက်တောက်လေးတွေနဲ့
မော့ကြည့်မှာမဟုတ်သလို သင်အလုပ်ကပြန်လာရင် ကိုယ်ပေါ်ပြေးတက်ပြီးကြိုဆိုကြမှာမဟုတ်ပါဘူး။
သင် ကိုယ်လက်လေ့ကျင့်ခန်းတွေပိုလုပ်ဖြစ်လာမယ်
ခွေးလေးတွေဟာ ညနေပိုင်းတွေ လမ်းလျှောက်ထွက်ချင်ကြသလို သင်နဲ့အတူတူအချိန်ဖြုန်းချင်ကြပါတယ်။ သင်ကလည်းချစ်တော့ ပန်းခြံလိုနေရာမျိုးတွေ လိုက်ပို့ဖြစ်မှာပါပဲ။ အဲလိုနဲ့ သင်ဟာ ညနေဘက်တွေမှာပုံမှန်လမ်းလျှောက်ဖြစ်ပြီး ကျန်းမာရေးပိုကောင်းလာမှာပါ။
သင့်ကို လူချစ်လူခင်ပေါစေတယ်
ဒါကတော့ စိတ်ကျန်းမာရေးပေါ့လေ။ စစ်တမ်းကောက်ယူချက်တွေအရ မိန်းကလေးတွေဟာ ခွေးတစ်ကာင်မွေးထားတဲ့ယောက်ကျားလေးတွေကို ပိုမိုစိတ်ဝင်စားလေ့ရှိကြပြီး ခွေးနဲ့အတူလမ်းလျှောက်ထွက်လာတဲ့ကောင်လေးတွေကို မိတ်ဖွဲ့ချင်စိတ်တွေ တဖွားတဖွားပေါ်ပေါက်လေ့ရှိကြပါတယ်တဲ့။ ဘာကြည့်နေတာလဲ လူပျိုကြီးတွေ အစွံထုတ်ဖို့ ခွေးပြေးဝယ်တော့လေ 😛
သင့်ကို စိတ်ဖိစီးမှုလျော့နည်းစေတယ်
ဒါကတော့ အသေအချာပါပဲ။ သူတို့ကိုရင်ခွင်ထဲထည့်ထားပြီး ခံစားရသမျှတွေရင်ဖွင့်လို့ရပါတယ်။သူတို့က နားလည်သယောင်နဲ့ ငြိမ်ငြိမ်လေးနားထောင်နေပါလိမ့်မယ်။
သင် စိတ်လုံခြုံမှုပိုရှိလာမယ်
ဒါပေါ့။ သင်အိပ်ပျော်နေတုန်း အိမ်ကို သူခိုးမကပ်အောင် ဟောင်သင့်ဟောင် မာန်သင့်မာန်ပြီး စောင့်ရှောက်ပေးနေတာ ဘယ်သူမှတ်လို့တုန်း။ သင်လမ်းထွက်ရင်လည်း တစ်ယောက်ယောက်နဲ့ရန်ဖြစ်ကြည့် သူကပြေးကိုက်ပြီးသားပဲ။
သင်ပိုမိုပျော်ရွှင်လာမယ်
ခွေးလေးတစ်ကောင်ပိုင်ဆိုင်ထားပြီးမပျော်ရဘူးဆိုတဲ့လူရှိရင် ခေါ်လာပြစမ်းပါ။ အနည်းဆုံးတော့ သူ့အနားမှာရှိနေတဲ့အချိန်သင့်နှုတ်ခမ်းမှာ အပြုံးတွေခိုတွဲနေမှာပါ။
ခွေးရှိတဲ့သူတွေကလည်း ကိုယ့်ခွေးလေးကိုပိုချစ်ပြီး ခွေးမရှိသေးသူတွေလည်း လမ်းပေါ်ကခွေးလေးတွေကိုပိုကြင်နာပေးနိုင်ကြပါစေပေါ့။