လူတွေနဲ့ပေါင်းသင်းဆက်ဆံရာမှာ လိမ္မာပါးနပ်မှုရှိဖို့တော့လိုပါတယ်။ တစ်ချို့လူတွေက ခင်မင်တတ်တယ်..ကိုယ်က စကားစလိုက်တာနဲ့ သူနဲ့ကိုယ် စိတ်ဝင်စားမယ့်အကြောင်းအရာတွေကိုရွေးချယ်ပြောတတ်ကြတယ်။ တစ်ချို့ကျတော့လည်း အေးဆေးပဲနေတတ်တာလား၊ အပေါင်းသင်းပဲ မလုပ်ချင်တာလား ? ကိုယ်က ၁ဝခွန်းလောက်ပြောမှသူ့ဘက်က တစ်ခွန်းဘဲ ထွက်လာတယ်ဆိုရင် ထားလိုက်တော့။ သူကိုယ်နဲ့ မဆက်ဆံချင်တာ သေချာပြီ။ ဒီလိုလူတွေကို ဘယ်လို
ဆက်ဆံမလဲဆိုတော့.. ဘယ်လိုမှမဆက်ဆံပါနဲ့။ ကိုယ့်ဘက်ကtry ကြည့်ပြီးပြီပဲ။ သူ့ဘက်က အင်တင်တင်လုပ်နေတာ၊ ရှိပါစေလေ..။ ”သူက ချေမိုးနေလိုက်တာ… အောက်ချခံပြီးလိုက်ပေါင်းနေရတယ်” လို့တော့ မတွေးပါနဲ့။ စိတ်ထဲ ဘာမှမထားနဲ့.. သူ့အမြင်မှာ ကိုယ့်အပေါ်တစ်ခုခုလွဲနေတာလည်းဖြစ်နိုင်တယ်။
ဒီတော့ တစ်ခါမှ မတွေ့ဖူး မရင်းနှီးဖူးသေးတဲ့လူနဲ့တွေ့လို့ ဘယ်လိုစကားစရမှန်းမသိဘူးဖြစ်နေရင်.. အရင်ဆုံးပြုံးပြလိုက်ပါ။ အလုပ်တူတူလုပ်တဲ့လူဆို စကားပြောလို့ကောင်းပါတယ်။ ဘယ်ကလာလဲ..?နာမည် ၊ အသက်၊ အရင်ကရော ဘယ်မှာလုပ်ခဲ့တာလဲ ? ဒါတွေမေးလို့ရတယ်နော်။ ထမင်းစားရင် အတူတူစားဖို့ခေါ်။ ဟင်းတွေလဲစားကြနဲ့သိပ်ပျော်ဖို့ကောင်းပါတယ်။
လုပ်ငန်းခွင်မှာမှ မဟုတ်ဘူး။ အခြားဘယ်နေရောက်ရောက် ဒီလိုပဲ စကားစရမှာပါပဲ။ မေးခွန်းသာ မေးပါ။ သူစိတ်ဝင်စားတဲ့အရာက ဘာဖြစ်မလဲ။ သူကျွမ်းကျင်တဲ့အရာတစ်ခုခုကို စကားထဲကနေ သိအောင်လုပ်ပါ။ ပြီးရင် အဲ့ဒီအရာနဲ့ပတ်သတ်ပြီး သူ့ကိုလမ်းကြောင်းဖွင့်ပေးလိုက်။လူဆိုတာ ကိုယ်ကျွမ်းကျင်တဲ့အရာနဲ့ပတ်သတ်ရင် အရမ်းပြောပြချင်ပါတယ်။ သင့်အနေနဲ့လည်း ဗဟုသုတရတာပေါ့။ အကျိုးမယုတ်ပါဘူး။
သိတဲ့လူရော၊ မသိတဲ့လူနဲ့ရော စကားပြောကြည့်ပါ။ မိတ်ဆွေတွေ တိုးများလာတော့ သူတို့ရဲ့အမြင်တွေ၊ ရှုထောင့်တွေ ကိုယ်သိရမယ်။ အကျိုးမြတ်တစ်ခုတည်းကိုပဲကြည့်ပြီးတော့ အပေါင်းသင်းမလုပ်ပါနဲ့။ သူ့ဆီက ငါဘာရမလဲလို့ တွေးပြီးပေါင်းတဲ့လူတွေရှိတယ်။ ရိုးသားပါ။
ရိုးသားတာ ပိုက်ဆံမကုန်ပါဘူး။ လူတွေနဲ့ဆက်ဆံလာရင်း လူတွေအကြောင်းကောင်းကောင်းသိလာမယ်။ အဲ့ဒီအခါ ဘယ်သူကပေါင်းသင်းအပ်တယ်၊ ဘယ်သူတွေက မပေါင်းသင်းအပ်ဘူးဆိုတာကို ကွဲကွဲပြားပြားနားလည်လာပါလိမ့်မယ်။ စာဖတ်သူတို့ရဲ့အတွေးတွေ၊ အမြင်လေးတွေကိုလည်း ကွန်မန့်မှာမျှဝေခဲ့လို့ရတယ်နော် ! 🙂