တောင်အာဖရိက သမ္မတဟောင်း၊ နစ်ဆင် မင်ဒဲလား အတွက် ကမ္ဘာတစ်ဝှမ်း ပူဆွေးငိုကြွေး
တောင်အာဖရိကနိုင်ငံ သမ္မတဟောင်း၊ လွတ်လပ်ရေး တိုက်ပွဲဝင်သူကြီး၊ အမြော်အမြင်ရှိ နိုင်ငံရေးခေါင်းဆောင်ကြီး၊ စာရိတ္တလမ်းပြကြီး၊ နိုဘယ်လ်ဆုရှင် နစ်ဆင် မင်ဒဲလား ဟာ အသက် ၉၅နှစ်အရွယ် ဒီဇင်ဘာလ ၅ရက်နေ့၊ ညမှာ သေဆုံးခဲ့ပါတယ်။ ကမ္ဘာအနှံ့က နိုင်ငံ့ခေါင်းဆောင်တွေ၊ သာမန် အရပ်သားတွေဟာ နစ်ဆင် မင်ဒဲလား သေဆုံးသွားတာကြောင့် ၀မ်းနည်းပူဆွေး ခဲ့ကြရပါတယ်။
တချိန်က တောင်အာဖရိကနိုင်ငံမှာ လူမျိုးအလိုက် နိုင်ငံရေး၊ လူမှုရေး အခွင့်အလမ်းတွေ တခြားစီခွဲခြားထားတဲ့ နိုင်ငံရေးစနစ်ရှိခဲ့ပါတယ်။ ဒီစနစ်ကို ဆန့်ကျင်တဲ့ နစ်ဆင်မင်ဒဲလားဟာ အကျဉ်းသားအဖြစ်နဲ့ ထောင်ထဲမှာ ၂၇နှစ်တာ အချိန်ကုန်ခဲ့ရပါတယ်။ အဲ့ဒီ့နောက်မှာတော့ သူဟာ တောင်အာဖရိကနိုင်ငံအတွက် ပထမဆုံး လူမဲသမ္မတဖြစ်လာပါတယ်။ ဥပဒေ၊ သမာဓိ၊ ဒူပေနာပေခံနိုင်မှု တွေနဲ့ပတ်သက်ပြီး ကြံ့ကြံ့ခံတဲ့ ပြယုဂ်လည်း ဖြစ်တဲ့ နစ်ဆင် မင်ဒဲလားဟာ နိုဘယ်လ်ဆုရှင်တစ်ယောက်လဲ ဖြစ်ပါတယ်။
နစ်ဆင်မင်ဒဲလားဟာ ဂျိုဟန်နပ်စ်ဘက်ဂ် မြို့ရှိ သူ့နေအိမ်မှာ မိသားစုတွေခြံရံပြီး ငြိမ်းချမ်းစွာပဲ သေဆုံးခဲ့တာဖြစ်တယ်လို့ တောင်အာဖရိက သမ္မတ ဂျကော့ ဇူးမားရဲ့ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။
“ကျုပ်တို့နိုင်ငံဟာ သူ့ရဲ့အကြီးမြတ်ဆုံးသော သားရတနာတစ်ပါး ဆုံးရှုံးလိုက်ရပြီ။ ကျုပ်တို့နိုင်ငံသားတွေ ဟာလည်း ဖခင်တစ်ယောက် ဆုံရှုံးသွားပြီ။ ဒီလိုနေ့မျိုး ကြုံလာမယ်ဆိုတာ ကြိုသိခဲ့ကြပေမယ့် ဆုံရှုံးလိုက်ရပြီဆိုတဲ့ အကြီးအကျယ်စိတ်ထိခိုက်မှုကို ဘယ်နည်းနဲ့မှ မှေးမှိန်သွားစေဖို့ မတတ်နိုင်ပါဘူး။” လို့ ၀တ်စုံနက်ဝတ်ထားတဲ့ သမ္မတဇူးမားက တောင်အာဖရိကရုပ်သံလိုင်းတွေကတဆင့် မင်ဒဲလားရဲ့ သေဆုံးမှုကို ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။
Ref:foxnews