စိတ်ဖိစီးမှုတွေကတော့ ကျားကြီးခြေရာကြီးဆိုသလို သူ့အထွာနဲ့သူ ရှိကြတာပါပဲ။ ဒါတွေကို ဘယ်လိုဖြေဖျောက်မလဲ ကြည့်လိုက်ရအောင်
၁။ လက်လွှတ်သင့်တဲ့အရာကို လက်လွှတ်ပေးပါ
ဟုတ်ပါတယ်။ ပြောသလောက်မလွယ်ပါဘူး။ ဒါပေမယ့် ဘဝမှာ ဘယ်အရာကိုရော ကိုယ်နဲ့မကွာယူသွားလို့ရလို့လဲ။ တစ်ချိန်မှာ လက်လွှတ်ရမယ်ဆိုတာ သေချာတဲ့အရာကို ဆုပ်ကိုင်ထားခြင်းက ကိုယ့်စိတ်ကိုပိုပြီးပင်ပန်းစေပါတယ်။
၂။ အသက်ရှုပါ
လွယ်လွယ်လေးပါ။ အသက်ရှုပါ။ ငါးမိနစ်လောက် အသက်ပြင်းပြင်းရှုပေးပါ။ ရှုထုတ်လိုက်တဲ့လေတွေထဲမှာ သင့်ရဲ့စိတ်ညစ်စရာတွေ အကုန်ပါသွားပြီလို့ သဘောထားလိုက်ပါ။ အဲ့လိုသဘောထားရမှာက ကိုယ့်ကိစ္စ တကယ်ပါမပါက သူ့ကိစ္စပါပဲ။
နောက်ပြီးတော့ ပြုံးပါ။ မှန်ထဲကိုကြည့်ပြီး ကိုယ့်ကိုကိုယ် နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြပါ။ပြုံးချင်စိတ်တစိုးတစိမှမရှိလည်းပဲ ပြုံးပါ။ ငါးမိနစ်လောက်ပြုံးထားခြင်းဟာ သင့်ရဲ့စိတ်အခြေအနေကိုအပေါင်းလက္ခဏာဆောင်စေပါတယ်။
၃။ အနားယူပါ
ရသမျှအချိန်လေးမှာ အနားယူပါ။ ကားပေါ်မှာ ငါးမိနစ်လောက်မှိန်းလိုက်တာပဲဖြစ်ဖြစ် ( ခါးပိုက်နှိုက်ခံရရင်တော့ မသိဘူးနော် 😛 ) ။ ညမအိပ်ခင် ကိုယ့်ခန္ဓာကိုယ်မှာ နာကျင်နေတဲ့နေရာတွေရှိမရှိ ဂရုတစိုက်စစ်ဆေးပါ(ကျီးပေါင်းတက်နေတာတို့ ခြေသလုံးကြွက်သားတွေနာနေတာတို့ နေ့ဘက်မှ
ာသတိမထားမိပဲ တစ်ခုခုနဲ့တိုက်မိထားတာတို့)။ဆေးသောက် ဆေးလိမ်း တစ်ခုခုလုပ်ထားပါ။ သင့်ခန္ဓာကိုယ်ကို သင်ကလွဲပြီးဘယ်သူမှလာဂရုစိုက်ပေးမှာ မဟုတ်ပါဘူး။ စိတ်ရောလူပါပင်ပန်းနေတဲ့အချိန်မှာ ရေနွေးနွေးလေးနဲ့ရေချိုးပြီးမှ အိပ်ပါ။
၎။ အစာကိုကြေညက်အောင်ဝါးပါ
ငယ်ငယ်ကတည်းကလူကြီးတွေပြောနေကြစကားပါပဲ။ အစာကိုကြေညက်အောင်ဝါးပါ။အရသာခံစားပါ။ အစာကိုကျေနပ်ပျော်ရွှင်စွာအရသာခံစားခြင်းဟာ ကောင်းတဲ့အပြုအမူပါ။ စားနေချိန်မှာ စိတ်အနှောက်အယှက်ဖြစ်စရာတွေမတွေးပါနဲ့။အနာဂတ်အတွက်အစီအစဉ်တွေမဆွဲပါနဲ့။ အစာကိုကြေညက်အောင်ဝါးထားရင် ခဏခဏဆာတာတွေလည်းလျော့ကျသွားပါလိမ့်မယ်။
၅။ အရေးကြီးတာ အရင်လုပ်ပါ
မပြောကောင်းမဆိုကောင်းတစ်ခုခုကြောင့်ဖြင့် အကြီးအကျယ်စိတ်ဒုက္ခရောက်နေရပြီဆိုကြပါစို့။ ဒီအရာဟာငါ့ကိုဘယ်လောက်ကြာကြာစိတ်ဒုက္ခပေးနေမှာလဲလို့ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါ။ တစ်ပတ်လား တစ်လလား တစ်နှစ်လား။များသောအားဖြင့်တော့ ကိုယ်အခုချိန်မှာသေချင်လောက်အောင်စိတ်ညစ်ရတဲ့ အရာဟာ နောက်တစ်နှစ်လောက်ဆို ဟာသဖြစ်သွားတတ်တာပါပဲ။ ဒီတော့ နောက်မှတွေ့မယ့်အရာတွေအတွက်စိတ်ညစ်မခံပဲနဲ့ လတ်တလောအရေးကြီးတာကို
အရင်လုပ်ပါ။
၆။ ဘာသာရေးလုပ်ပါ
ဘယ်ဘာသာကိုကိုးကွယ်တယ်ဆိုတာကအရေးမကြီးပါဘူး။ ကိုယ်ကိုးကွယ်တဲ့ဘာသာတရားရဲ့ အဆုံးအမတွေကိုလိုက်နာပြီး ကောင်းမွန်စွာရှင်သန်ဖို့ကအဓိကပါ။ စိတ်တွေအရမ်းရှုပ်နေပြီဆို ကိုယ်ကိုးကွယ်တဲ့ဘာသာတရားတစ်ခုခုကိုတစိုက်မတ်မတ်လိုက်စားကြည့်ပါ။ဘယ်ဘာသာမှ မကိုးကွယ်ပါဘူးတဲ့၊ရသေးတယ်၊ ကိုယ့်ကိုယ်ကိုယ်အကောင်းဆုံးတည်ဆောက်ပြီး အခြေအနေအရပ်ရပ်ကိုဝေဖန်ပိုင်းခြားနိုင်ဖို့ပါပဲ။
စိတ်ဖိစီးမှုတွေပြေပျောက်ပြီး စိတ်ဆောင်လို့အောင်နိုင်ကြပါစေ။