လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနဲ့သတင်းထွက်ခဲ့တဲ့ Onew ကို SHINee အဖွဲ့ပရိသတ်တစ်ချို့က အဖွဲ့ထဲက ထွက်ဖို့ဆက်ပြီးတောင်းဆိုနေကြတယ်လို့သိရပါတယ်။
Onew ဟာ ဒီဇင်ဘာ ၄ရက်နေ့က သူ့ရဲ့ အမှားအတွက် စာရေးသားပြီး တရားဝင်တောင်းပန်မှုလုပ်ခဲ့ပေမဲ့ ပရိသတ်တစ်ချို့ကလက်မခံကြပါဘူး။ လွန်ခဲ့တဲ့သြဂုတ်လကအဖြစ်အပျက်အတွက် အခုမှတောင်းပန်လို့ ပရိသတ်တစ်ချို့က သဘောမကျဖြစ်နေကြပါတယ်။
အဲ့ဒါကြောင့် ဒီဇင်ဘာ ၅ရက်နေ့မှာ SHINee ပရိသတ်တစ်ချို့ဟာ Onew ကိုအဖွဲ့ထဲမှထွက်ဖို့ဆက်ပြီးတောင်းဆိုမှုတွေလုပ်ခဲ့ပါတယ်။သူတို့အွန်လိုင်းပရိသတ်အဖွဲ့က “SHINee အဖွဲ့မှာမိန်းကလေးပရိသတ်တွေအများကြီးရှိပါတယ်။အဲ့ဒါကြောင့် ဒီလိုမျိုး Onew ရဲ့ အပြုအမူ၊လှုပ်ရှားမှုတွေကိုဆက်ပြီးလက်ခံဖို့၊ထောက်ခံဖို့ မဖြစ်နိုင်ပါဘူး။သူ့ရဲ့ အပြုအမူတွေက SHINee ရဲ့ ပုံရိပ်ကိုပျက်စီးစေပါတယ်။ပြီးတော့ SHINee အဖွဲ့ဆက်ပြီးအောင်မြင်ဖို့၊ လှုပ်ရှားမှုတွေကိုချောချောမွေ့မွေ့အဆင်ပြေအောင်လုပ်နိုင်ဖို့အတွက် Onew ကိုထွက်ခိုင်းဖို့ ဆက်ပြီးလုပ်ဆောင်သွားမှာပါ”လို့ရေးသားခဲ့ပါတယ်။
ဒီသတင်းကိုဖတ်ပြီးပရိသတ်တစ်ယောက်က “ဒီကိစ္စက မတော်တဆဖြစ်သွားခဲ့တာပါ။ပြီးတော့ လုပ်တဲ့သူကလည်းအမှားကိုတောင်းပန်ပြီးပါပြီ။ကိုယ့်အမှားကိုယ်သိပြီးတောင်းပန်တဲ့သူကိုဒီလိုမျိုး အဖွဲ့ထဲကထွက်ဖို့တောင်းဆိုတာ သူတို့ကိုယ်သူတို့ပရိသတ်လို့ခေါ်နိုင်သေးတယ်”လို့ ရေးသားခဲ့ပါတယ်။ပရိသတ်တစ်ယောက်ကလည်း “SHINee အဖွဲ့ဟာ တိုကျိုမြို့မှာပွဲလုပ်တုန်းက လည်း Onew မပါပဲလုပ်ခဲ့ပါတယ်။ အဲ့ဒီအတွက်ကြောင့် အရမ်းဝမ်းနည်းရပါတယ်။SHINee အဖွဲ့ဝင်တွေကလည်း အဖွဲ့ဝင်တစ်ယောက်မပါပဲလုပ်ရလို့ ပိုပြီးစိတ်မကောင်းဖြစ်နေမယ် ထင်ပါတယ်”လို့ရေးသားခဲ့ပါတယ်။
Onew ဟာ ကလပ်တစ်ခုမှာအမူးလွန်ပြီး မိန်းကလေးတစ်ယောက်ကို လိင်ပိုင်းဆိုင် ရာနှောင့်ယှက်မှု တစ်ခုကိုလုပ်ခဲ့လို့ ရဲစခန်းမှာ ငါးနာရီကြာစစ်ဆေးခံရပြီး တရားစွဲဆိုခံခဲ့ရပါတယ်။ အခုပြန်တောင်းပန်တဲ့အချိန်မှာလည်းအဖွဲ့ရဲ့ ပုံရိပ်ကိုပျက်စီးစေတယ်ဆိုပြီး ပရိသတ်အချို့က အဖွဲ့ထဲက ထွက်ဖို့ဆက်တိုက်တောင်းဆိုနေတာပဲဖြစ်ပါတယ်။