သင်က ခရီးသွားရင် တခြားသူတွေနဲ့အဆင်မပြေမှာစိုးလို့တစ်ယောက်တည်းသွားချင်တဲ့သူလား? တိတ်ဆိတ်တာကိုနှစ်သက်လို့ တစ်ယောက်တည်းနားအေးပါးအေးခရီးထွက်ချင်တာလား? တစ်ယောက်တည်းမို့လို့ ဘယ်ကိုသွားရင်ကောင်းမလဲဆိုပြီးစဉ်းစားနေရင်တော့ ဒီခရီးစဉ် ၅ခုထဲက ကြိုက်နှစ်သက်ရာကိုရွေးချယ်ပြီးတစ်ယောက်တည်းခရီးထွက်လို့ရပြီနော်။
၁) ပုဂံ
ပုဂံက အခုဆိုရင်နိုင်ငံခြားသားတွေသာမက နိုင်ငံသားတွေပါ အသွားအလာအများဆုံးဒေသ တစ်ခုဖြစ်နေပါပြီ။အရင်ကထက်ပိုပြီး ရှေးဟောင်းအမွေအနှစ်တွေကိုတန်ဖိုးထားတတ် ၊မြတ်နိုးတတ်လာကြောင့် ခရီးသွားအများဆုံးဒေသလို့တောင်ပြောလို့ရပါတယ်။ သင်ကတစ်ယောက်တည်းအေးအေးဆေးဆေးခရီးထွက်ချင်တယ်ဆိုရင် ပုဂံကို သွားဖို့ပြောချင်ပါတယ်။ သွားရေးလာရေးလည်းစိတ်ပူစရာမလိုသလို ပုဂံရောက်လို့ လမ်းညွှန်မယ့်သူတွေမရှိမှာလည်း စိတ်ပူစရာမလိုပါဘူး။ သင့်စိတ်ကြိုက်ဓာတ်ပုံတွေ ၊ရှူခင်းတွေလည်းရိုက်လို့ရပါတယ်။ရှေးဟောင်းအမွေအနှစ်ပစ္စည်းတွေကိုတော့ ဂရုတစိုက်ကိုင်တွယ်ဖို့မမေ့ပါနဲ့။
၂)ပင်လယ်ကမ်းခြေ
သင်က ပင်လယ်ကိုနှစ်သက်တတ်သူတစ်ယောက်လား?ဒါဆိုရင်တော့ ချောင်းသာ ၊ငွေဆောင်ကြိုက်ရာ ကမ်းခြေမှာ အနားယူလို့ရပါတယ်။တစ်ယောက်တည်းမို့လို့ စိတ်မညစ်ပါနဲ့။ကမ်းခြေရောက်ရင် မိတ်ဆွေသစ်တွေရလာနိုင်ပါတယ်။တကယ်လို့သင်က တစ်ယောက်တည်းအေးဆေးနေချင်တယ်ဆိုရင်လည်း သင့်စိတ်ကြိုက်ရေကူး၊ရေငုပ်၊ ရွာတွေထဲလျှောက်လည်၊ကမ်းခြေမှာစာအုပ်ဖတ်စသဖြင့် အသစ်အဆန်းတွေရှာဖွေလို့ရပါတယ်။ ပင်လယ်ဆိုတာမာယာများတတ်တာမို့ ရေထဲဆင်းမယ်ဆိုရင် ဂရုတော့စိုက်စေချင်ပါတယ်။
၃)ပြင်ဦးလွင်
ဟိုးအရင် အင်္ဂလိပ်တွေလက်ထက်ဆောက်ခဲ့တဲ့ အဆောက်အဦးတွေ၊ခြံတွေကိုမြင်တွေ့နိုင်ပါတယ်။ ရာသီဥတုကလည်းအေးအေးစိမ့်စိမ့်လေးဆိုတော့ အကြိုက်ပေါ့။ရေတံခွန်တွေရှိတာမို့ ရေဆော့ချင်လည်းရသလို နာမည်ကြီးပန်းပွဲတော်နဲ့တိုးရင်ပျော်စရာကြီးပါ။ အေးအေးဆေးဆေးဓာတ်ပုံ ရိုက်အနားယူလို့ရပါတယ်။မြင်းလှည်းလေး စီးပြီးမြို့ကိုလျှောက် ကြည့်ချင်လည်း ရတယ်နော်။သဘာဝအသီးအနှံလတ်လတ်ဆတ်ဆတ်တွေ လည်းရတာဖြစ်လို့ ကျန်းမာရေးအတွက်တော့စိတ်ချရပါတယ်။ပြင်ဦးလွင်မှာ တန်ခိုးကြီးဘုရားတွေလည်းဖူးလို့ရပြီး အချိန်ရရင် မန္တလေးကိုဆင်းပြီး လျှောက်လည်လို့ရပါတယ်။
၎)မန္တလေး
မြန်မာတို့ရဲ့ယဉ်ကျေးမှုမြို့တော် မန္တလေးကလည်းရှေးမြန်မာတွေရဲ့ဓလေ့ထုံးစံတွေများစွာတွေ့နိုင်တဲ့ နေရာတစ်ခုပါ။မန္တလေးကျုံးကြီးကလည်း နာမည်ကြီးသလို မန္တလေးနန်းတော်ကလည်း အထင်ကရပါပဲ။ရှေးဟောင်းအနုပညာ လက်ရာတွေကိုလေ့လာလို့ရသလို နာမည်ကြီးထင်ရှားခဲ့တဲ့ဦးပိန်တံတားကိုလည်းတွေ့မြင်နိုင်ပါတယ်။မန္တလေးတောင်ပေါ်ကိုမနက်စောစောလမ်းလျှောက်တက်မယ်ဆိုရင်တော့ လေကောင်းလေသန့်ရပြီး စိတ်အေးချမ်းမှာအသေအချာပဲနော်။တစ်ယောက်တည်းခရီးသွားရတာ အန္တရာယ်မရှိသလို အတွေ့အကြုံတွေ၊ဗဟုသုတတွေများစွာရနိုင်တဲ့ ခရီးစဉ်တစ်ခုပါပဲ။အချိန်ပိုသေးရင်တော့ ပြင်ဦးလွင်တက်ပြီး အပန်းဖြေလို့ရပါသေးတယ်။
၅)ကလောမြို့
တောင်ပေါ်ဒေသလေးမို့ လည်ချင်ပတ်ချင်တဲ့သူတွေအများကြီးရှိပါတယ်။ ရာသီဥတုက လည်းအေးစိမ့်စိမ့်လေးမို့ နွေရာသီအပူရှောင်ချင်တဲ့သူတွေ သဘောကျစရာပေါ့။တောင်ပေါ်ဒေသခံ တိုင်းရင်းသားတွေကလည်းရင်းနှီးဖော်ရွေကြပါတယ်။ အဲ့ဒါကြောင့် တစ်ယောက်တည်း သွားရင်တောင် အဆင်မပြေစရာအကြောင်းမရှိပါဘူး။ ကလောမှာလည်စရာပတ်စရာနေရာတွေ ကလည်းအများကြီးပါ။ထင်းရှူးမြို့တော်လို့တင်စားရလောက်အောင် သစ်ပင်တွေကလည်းလှ ၊တောင်တန်းတွေကလည်း လှလို့ တစ်ယောက်တည်းTrekking လုပ်ရင်ပျင်းဖို့အချိန်တောင် ရှိမှာမဟုတ်ပါဘူး။ လမ်းညွှန်လိုချင်ရင်လည်းအကူအညီတောင်းလို့ရပါတယ်။ တခြားလည်ပတ်စရာနေရာတွေဖြစ်တဲ့ နှစ်တစ်ရာကျော်သက်တမ်းရှိတဲ့ ကလောဘူတာ (အဲ့နေရာလေးက ဓာတ်ပုံရိုက်ရင်သိပ်လှနော်)၊ခရစ်ယာန်ဘုရားကျောင်း၊ နှီးဘုရား၊ မနက်ခင်းကလောဈေးကိုလည်း လေ့လာလို့ရပါတယ်။ကလောမြို့ပြင်က တခြား လည်ပတ်စရာနေရာတွေဖြစ်တဲ့ အောင်ပန်း၊ ပင်းတယလိုဏ်ဂူ၊ ပုန်းတလုတ်ရေကန်၊ နာမည်ကျော်ရွာငံရေပြာအိုင်၊ တောကျယ်ရေတံခွန်၊ မိန်းမရဲတောင်၊ မြင်းမထိဂူ စသဖြင့်နေရာတွေလည်းအများကြီးရှိလို့ တစ်ပတ်လောက်သာနားလိုက်ရရင် အမိုက်စားခရီးစဉ်ဖြစ်မှာပါပဲ။
တစ်ယောက်တည်းဖြစ်နေလို့ဆိုပြီး ခရီးထွက်ရမှာမကြောက်ပါနဲ့။ တစ်ယောက်တည်းသွားတော့အတွေ့အကြုံလည်းပိုရသလို အခက်အခဲတွေပိုပြီးဖြေရှင်းနိုင်လာပါတယ်။