အရောင်မဲ့ မြင်ကွင်းရှင်တွေ အနေနဲ့ စိတ်သောက သိပ်မတက်ပါနဲ့တော့။ သင်ဝယ်ယူချင်တဲ့ ပစ္စည်းရဲ့ အရောင်တွေ ကိုက်ညီမှုရှိအောင် ကူညီပေးမယ့် app တစ်ခုရနိုင်ပါပြီ။
ဖုန်း app သစ်တစ်ခုရဲ့ ကျေးဇူးနဲ့ အရောင်မဲ့ မြင်ကွင်းရှင်တွေဟာ အရောင်ကိုက်ညီမှုမရှိတဲ့ အ၀တ်အစားတွေကို မ၀တ်မိစေတော့မှာဖြစ်သလို ကိုယ်မမြင်နိုင်တဲ့အရောင်တွေကို ဘာအရောင်လဲဆိုတာကို ခွဲခြားနိုင်မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်ကပဲ ColourLife အမည်ရှိတဲ့ app တစ်ခုကို အခမဲ့ရရှိနိုင်ပါပြီ။ အရောင်ခွဲခြားဖို့ အခက်အခဲရှိတဲ့ သူတွေအတွက် ရည်ရွယ်ပြီးထုတ်လုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
App မှာပါတဲ့ ကင်မရာကို အရောင်ခွဲခြားချင်တဲ့ ၀တ္ထုပစ္စည်းကိုချိန်လိုက်တာနဲ့ ဘာအရောင်လဲဆိုတာကို ဖုန်းမျက်နှာပြင်ပေါ်မှာ ဖော်ပြပေးမှာပါ။ မြေအောက်ရထားလိုင်း မြေပုံတွေမှာပြထားတဲ့ အစိမ်းရောင်၊ အနီရောင် ခွဲခြားတဲ့နေရာမျိုးမှာလဲ အသုံးဝင်တယ်လို့ စင်ကာပူနည်းပညာတက္ကသိုလ် နည်းပြဆရာ Mr Andrew Tanက ပြောခဲ့ပါတယ်။ သူဟာ ဒီ Android App ဖြစ်လာဖို့ ကြိုးပမ်းခဲ့သူတွေထဲက တစ်ယောက်လို့ သိရပါတယ်။
Ref:herworldplus