ဒီဇိုင်နာလောကမှာ နာမည်တစ်ခုနဲ့အခိုင်အမာရပ်တည်ခဲ့သူ ရှီလာ ရဲ့ ဖန်တီးမှုတွေနဲ့ သူ့ရဲ့စိတ်ကူးစိတ်သန်းတွေဟာ အမြင်ဆန်းသလို ၀တ်တဲ့သူနဲ့လည်း လိုက်ဖက်တင့်တယ် လှပလွန်းတာမို့ ဖက်ရှင်ဒီဇိုင်းနဲ့ ပတ်သက်ပြီး သိချင်တာလေးတွေကို မေးမြန်းဖြစ်ခဲ့တာအခါ ‘ ကို သျှီလာ ၂၀၀၇၊ ၂၀၀၈လောက်မှာ ဒီဇိုင်နာလောကကို စတင်ဝင်ရောက်ခဲ့တယ်။ ကိုသျှီလာ တကယ်တမ်းဝါသနာပါတာက ဒီဇိုင်နာမဟုတ်ဘူး။ အနုပညာအလုပ်ပေါ့နော်။ ဒါပေမဲ့ မျိုးရိုးစဉ်ဆက်မိဘတွေက ဒီလုပ်ငန်းကို လုပ်ခဲ့တဲ့အတွက် ကိုယ့်ရင်ထဲမှာ ၀ါသနာပါမှန်းမသိ ပါခဲ့တယ်။ ကိုယ့်ရဲ့ လက်ဦးဆရာက မန္တလေးက Fit Size tailor စက်ချုပ်ဆိုင်က ဦးမြင့်ဦးပါ။ ကျွန်တော်ရန်ကုန်ကို ၂၀၀၀ခုနှစ်က စရောက်ပါတယ်။ စရောက်ပြီးတော့ ၂၀၀၇၊ ၂၀၀၈လောက်မှာ ဒီဇိုင်နာလောကကို စ၀င်ပါတယ်။ အရင်ဆုံး ဒီဇိုင်နာမရူပါရွှေက ဦးစီးပြီး ဖွင့်လှစ်တဲ့ ဂျပန်ရက်တိုသင်တန်းမှာ၁၀ရက် စတက်တယ်။ အဲဒါပြီးတော့ ဒီဇိုင်နာမမေယွင်း ဒိုဇိုက သင်တန်းဆင်းတဲ့ အစ်မဆီမှာ ကျွန်တော်တက်ဖြစ်တယ်။ ဒါပေမဲ့သင်ဆရာ၊ မြင်ဆရာတွေကတော့ ကျွန်တော့ဘ၀မှာ အများကြီးပါပဲ။ ဘာလို့လဲဆိုတော့ ဒီမှာရှိနေတဲ့ နာမည်ကြီးဒီဇိုင်နာတွေဖြစ်တဲ့ မပုံ့တို့ ၊အန်တီပေါက်တို့၊ ကိုပြည်စိုးအောင်တို့ အားလုံးက ကိုယ့်ရဲ့ မြင်ဆရာတွေကြီးပါပဲ။ သူတို့မှမဟုတ်ဘူး။ ကျွန်တော့်မျက်စိထဲမှာ ဖက်ရှင်ကျနေတဲ့သူတွေအားလုံးကို ကျွန်တော်ဆရာတင်ပါတယ်ခင်ဗျ။’လို့ သူ့အကြောင်းကို ပြောပြပါတယ်။
ပထမဆုံးသူ့ရဲ့ဝတ်စုံကို ၀တ်ပေးခဲ့တဲ့ အမှတ်တရနဲ့ ပတ်သက်ပြီး သူက ‘ရပ်ကွက်ထဲက ကောင်မလေးတစ်ယောက်ကို ၀တ်ပေးခဲ့တာပါ။ အမှန်တိုင်းပြောရရင် ကှိုသျှီလာဒီဇိုင်နာလောကထဲကို ၀င်ကာစမှာ အရမ်းခက်ခဲခဲ့တယ်။ မဉ္ဖူဆိုတဲ့ ညီမလေးတစ်ယောက်က ကိုသျှီလာရဲ့ လိပ်ပြာ ၀တ်စုံကြီးနဲ့ Miss People ပြိုင်ပွဲမှာဝင်ပြိုင်ခဲ့တယ်။ ရပ်ကွက်ထဲက ကောင်မလေးကိုခေါ်ပြီး ကိုယ်ကိုယ်တိုင်သင်ပေးတယ်။ ကိုယ်ကိုယ်တိုင်ဖိနပ်တွေဝယ်ပေးတယ်။ ဒီလောကထဲကို ပထမဆုံးစပြီး ၀င်ခဲ့ရတာပေါ့။ သူပြီးတဲ့အခါကျတော့ ကိုသျှီလာဆိုပြီး လူသိလာတာ ချမ်းမီမီကိုကြောင့်ပါ။ သူက Miss Oramin Fမှာသျှီလာဝတ်စုံနဲ့ ဆုရခဲ့တာပါ။ အဲဒီကနေစပြီး သျှီလာဝတ်စုံနဲ့သင်ဇာဝင့်ကျော်၊ အေးမြတ်သူ၊ မိုးယုစံတို့ မျက်နှာဖုံးလေးတွေ ရိုက်ဖြစ်ပြီးတော့ ၀င်လာခဲ့ရတာပါ’တဲ့။
ဒီလိုအခက်အခဲတွေကြားကနေ နာမည်တစ်လုံးနဲ့ ရပ်တည်လာနိုင်တဲ့အပေါ်မှာတော့ ‘ကျေနပ်တယ်။ ကိုယ့်ကိုယ်ကိုယ် ဒီဇိုင်နာတစ်ယောက်လိုလဲ မခံယူသေးပါဘူး။ ဒီဇိုင်နာတစ်ယောက်ဆိုတာ အဖက်ဖက်မှာ ပြီးပြည့်စုံနေမှရမှာ။ ဒါပေမဲ့ သျှီလာအနေနဲ့က ၂၀၁၁နဲ့ ၂၀၁၂မှာ Miss Now How ပွဲမှာ ဒီဇိုင်နာဆု ၂ နှစ်ဆက်တိုက်ရခဲ့တဲ့အတွက် ကိုယ်က ဒီဇိုင်နာတစ်ယောက်ပါလား ဆိုတာကိုတော့ လက်ခံထားပါတယ်ခင်ဗျ။ လက်ရှိချုပ်နေတာကတော့ အိုင်းရင်ဇင်မာမြင့်၊ နောက် အမြဲတမ်း ပင်တိုင်ချုပ်ပေးဖြစ်တာက ဟန်ဇာမိုးဝင်း၊ တင်ဇာမိုးဝင်း၊ အဂါမိုးဝင်းပေါ့။ သူတို့တွေက ဇာတ်သမားဆိုပေမဲ့ သူတို့တွေရဲ့ဖက်ရှင်တွေက အနုပညာသမားတွေလိုပါပဲ။’လို့ သူကပြောပါတယ်။
ခုဆိုရင် မြန်မာနိုင်ငံမှာလုပ်တဲ့ Miss ပြိုင်ပွဲတွေမှာဆိုရင် သျှီလာဒီဇိုင်းတွေက မပါမဖြစ်ကို မော်ဒယ်တွေက တောင်းဆိုခံရပါတယ်တဲ့။ ‘ ဒီလိုလေးဖြစ်လာတဲ့ အနေအထားတစ်ခုမှာ အရင်ဝင်လာကာစတုန်းက ကြမ်းတမ်းခဲ့တဲ့အရာတွေက မေ့ပျောက်သွားသလိုပါပဲ။ ဒီလိုမျိုးဖြစ်လာဖို့အတွက် အချိန်တွေ အရမ်းကိုပေးဆပ်ခဲ့ရပါတယ်။ ကိုယ့်ဘ၀က အောက်ခြေကနေ စခဲ့ရတယ်။ သူများဆီမှာ အလုပ်လုပ်တဲ့ အလုပ်သမားဘ၀ကနေလာခဲ့တဲ့အတွက် ပင်ပန်းခဲ့ရပါတယ်။ အခုချိန်ထိအောင်မြင်နေတယ်လို့ပြောကြပေမဲ့ ကိုယ့်ကိုယ်ကိုယ် လိုအပ်ချက်တွေရှိနေသလိုပဲ ခံစားမိပါတယ်။’ လို့သျှီလာကပြောပြပေးခဲ့ပါတယ်။