ဘယ်နေရာသွားသွား ကြားနေရတဲ့ သီချင်းလေးကတော့ နိုင်းဝမ်းနဲ့ နီနီခင်ဇော်တို့ သီဆိုထားတဲ့ အရောင်မဆိုးနဲ့ ဆိုတဲ့ သီချင်းလေးပါပဲ။ အတွဲသီချင်းတွေမှာသာမက၊ အချစ်သီချင်းတွေမှာပါ ပရိသတ်အခိုင်အမာ ရရှိထားပြီးသားဖြစ်တဲ့ နိုင်းဝမ်းနဲ့ တွေ့ဆုံခိုက် သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို မေးကြည့်ဖြစ်တဲ့အခါ ‘အခု နီနီခင်ဇော်နဲ့အတူတူဆိုထားတဲ့ အရောင်မဆိုးနဲ့သီချင်းကို အမ်တီဗီရိုက်ဖို့လုပ်နေပါတယ်။ နယ်ရှိုးတွေ လိုက်ဆိုနေပါတယ်။ တစ်ကိုယ်တော်အခွေကတော့ လုပ်နေတယ်။ ဒါပေမဲ့ အခုက ပွဲရာသီကြီးဆိုတော့ ခဏရပ်ထားတယ်။ မေလ၁၈ရက်နေ့ ကျွန်တော့မွေးနေ့မှာ ထွက်ဖို့အတွက်လျာထားပါတယ်။ သီချင်းကအကုန်ပြီးသွားပြီ။ အခွေနာမည်ကို တစ်ကိုယ်တော်လို့ပေးထားပါတယ်။ ကျွန်တော့်မွေးနေ့ထွက်ချင်လို့စောင့်နေတာပါ။ ကြားထဲမှာတော့ ဆက်လုပ်မယ်။ ဆက်လုပ်မယ်ဆိုတာက အကောင်းဆုံး ၉ ပုဒ်ကိုရွေးပြီး လုပ်သွားမှာပါ။ ၉ ဂဏန်းလေးကို ကြိုက်လို့ပေါ့နော်။ ပါဝင်တဲ့သီချင်းအမျိုးအစားတွေက ကျွန်တော်ဆိုနေကျ အေးအေးလေးတွေပါမယ်။ Electro Pop ပါမယ်။ သီချင်းမြူးမြူးလေးတွေလဲပါမယ်။’လို့ သူက ပြောပါတယ်။
ဆုရပြီးတဲ့နောက်ပိုင်း ဆက်လက်ကြိုးစားသွားမယ့် အကြောင်းကိုလည်း သူက ‘ကျွန်တော့အနေနဲ့ ဆုရရမရရ အနုပညာကို အကောင်းဆုံးကြိုးစားသွားမှာပါ။ ရခဲ့တဲ့ဆုလေးဟာ နိုင်းဝမ်းကို ပရိသတ်အသိအမှတ်ပြုလို့ ရခဲ့တဲ့ဆုလေးပါ။ အဲဒီအတွက်လဲ ကျွန်တော်အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်တော်တတ်သမျှ၊ ဥာဏ်မှီသမျှ အကောင်းဆုံးဖြစ်အောင် ပရိသတ်အတွက်ကြိုးစားသွားမှာပါ’တဲ့။
သီချင်းရေးတဲ့အခါ စာသားနဲ့တီးလုံး ဘယ်ဟာကို အရင်ရှာတယ်ဆိုတဲ့ အကြောင်းနဲ့ အချစ်သီချင်းတွေ အများဆုံးရေးဖြစ်နေတဲ့ အကြောင်းကိုတော့ ‘အဓိကကတော့ သီချင်းရေးတဲ့အခါမှာ တီးလုံးတီးပြီးမှ သီချင်းရေးတာများတယ်။ အကြောင်းအရာကို အရင်စဥ်းစားပြီးတီးလုံးတီး၊ သွားတဲ့ တီးလုံးပေါ်မူတည်ပြီး စာသားရှာလေ့ရှိပါတယ်။ အချစ်နဲ့ပတ်သတ်တဲ့အကြောင်းတွေကို စာသားတွေ ပိုထုတ်တတ်တယ်။ ပြီးတော့ ကျွန်တော်တော်တာမတော်တာကျွန်တော်မသိဘူး။ မြန်မာတစ်ပြည် လုံးမှာ အသည်းကွဲနေတဲ့သူတွေများလို့ကျွန်တော့်သီချင်းကို ပိုအားပေးကြတယ်ထင်ပါတယ်။ တစ်ခါတစ်လေ အပြင်သွားရင်းနဲ့သီချင်းရေးချင်စိတ်ပေါက်ရင် ပါးစပ်ကရွတ်ပြီး ဖုန်းထဲမှာ မှတ်ထားလေ့ရှိတယ်။ အဲဒါနဲ့လိုက်တဲ့ သီချင်းတီးလုံးမျိုးတွေ့ရင်ကျွန်တော်ထည့်လိုက်ရော။ သီချင်းကို ညဖက်မှာပဲ ပိုရေးဖြစ်တယ်။ နေ့ဖက်တွေမှာမရေးဖြစ်ဘူး။ သီချင်းကိုစာသားကို ပိုအသားပေးရတာကြိုက်တယ်။ သီချင်းတစ်ပုဒ်ကို MTVကို ကြည့်ပြီး ကြိုက်သွားတာမျိုးကို ကျွန်တော်မကြိုက်ဘူး။ စာသားကိုနားထောင်ပြီး ကြိုက်သွားတဲ့ခံစားမှုမျိုးကို ကျွန်တော်ကြိုက်တယ်။ ကျွန်တော့်ကို တကယ်အမြဲတမ်းအားပေးတဲ့ပရိသတ်ကြီး ကျွန်တော့်ကို ပစ်မထားကြပါနဲ့လို့။ ကျွန်တော် ဒီထက်ပိုပြီးကောင်းတဲ့သီချင်းတွေဖန်တီးနိုင်ဖို့က ပရိသတ်ရှိမှာဖြစ်မှာမို့လို့ပါ’ လို့ သူက ပြောပြခဲ့ပါတယ်။