အစောပိုင်းရလဒ်များဆိုးဝါးနေခဲ့ပြီး မနေ့က ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်ကျမှ ဒီနှစ်ဘောလုံးရာသီချန်ပီယံလိဂ် အုပ်စုအဆင့်မှာ နိုင်ပွဲစရသွားခဲ့တဲ့ စီးရီးအေချန်ပီယံဂျူဗင်တပ်စ်အသင်းဟာ အုပ်စုဗိုလ်ရီးရဲလ်မက်ဒရစ်နောက် ဒုတိယနေရာကနေ (၁၆)သင်းရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ဖို့အတွက်ဆိုရင် နောက်ဆုံးပွဲစဉ်မှာ ဆက်လက် ရုန်းကန်ရဦးမှာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ဟာ အိမ်ကွင်းမှာ ဒိန်းမတ်ကလပ်ကိုအနိုင်ယူဖို့အတွက် တေဗက်ဇ်၊ လို ရန်တီ၊ ဗီဒယ်၊ ပီယာလို၊ အဆာမိုအာ၊ ပေါ့ဂ်ဘာနဲ့ ပိုဒီယွန်တို့လို ကစားသမားများနဲ့ ပွဲထွက်လာခဲ့တာဖြစ်တာပါ။ ဒီပွဲမှာ ဂျူဗင်တပ်စ်ရဲ့အဖွင့်ဂိုးကိုတော့ (၂၉)မိနစ်မှာကိုပင်ဟေဂင်နောက်ခံလူ ဂျက်ကော့ဆင်ရဲ့ ဧရိယာအတွင်း လက်ထိဘောဖြစ်ခဲ့ရာက ရရှိခဲ့တဲ့ပင်နယ်လ်တီကနေ ချီလီကွင်းလယ်ကစားသမား ဗီဒယ်က အပိုင်ကန် သွင်းခဲ့ တာဖြစ်ပါတယ်။ ပထမပိုင်းအပြီးမှာ ဂျူဗင်တပ်စ်အသင်းက တစ်ဂိုးနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းမှာတော့ ကို ပင်ဟေဂင်နောက်ခံလူ အိုလော့ဖ်မဲလ်ဘာ့ဂ်က သူကစားခဲ့ဖူးတဲ့အသင်းဟောင်းဘက်ကို ချေပဂိုးသွင်းလိုက်တာ ကြောင့် အိမ်ရှင်ပရိသတ်များ စိုးရိမ်ခဲ့ကြရပါတယ်။
ဒါပေမယ့် ဂိုးသွင်းခဲ့တဲ့ မဲလ်ဘာ့ဂ်ရဲ့အမှားကြောင့် ဂျူဗင်တပ်စ်ကို ဒုတိယမြောက်ပင်နယ်လ်တီထပ်ပေးခဲ့ရကာ ဗီဒယ်ကပဲ အပိုင်းကန်သွင်းပေးခဲ့လို့ ပွဲချိန်(၆၀)မိနစ်မှာ ပြန်လည်ဦးဆောင်နိုင်ခဲ့ပြီး (၃)မိနစ်အကြာမှာ ဗီဒယ် ကပဲ ခေါင်းတိုက်ဘောနဲ့ သူ့အတွက် ဟတ်ထရစ်ဖြစ်စေမယ့် ဂိုးကိုသွင်းခဲ့ပါတယ်။ ပွဲအပြီးမှာ ဂျူဗင်တပ်စ်က (၃-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ကာ (၅)ပွဲကစား (၆)မှတ်ရအနေအထားဖြစ်နေပြီး အုပ်စုတွင်းပြိုင်ဘက် ရီးရဲလ်မက်ဒရစ် ကတော့ ဘာနေဗျူးမှာ ဂါလာတာစာရေးကို စီရော်နယ်လ်ဒိုမပါနိုင်ခဲ့ပေမယ့်လည်း ဂါရတ်ဘေးလ်၊အစ္စကို၊ ဒီ မာ ရီယာတို့ရဲ့ ဂိုးများနဲ့အတူ (၄-၁)ဂိုးနဲ့ အနိုင်ကစားခဲ့ပါတယ်။ နောက်ဆုံးပွဲစဉ်မှာ ဂါလာတာစာရေးကွင်းဆီကို ဂျုဗင်တပ်စ်သွားကစားဖို့ရှိနေပြီး ရှုံးနိမ့်ခဲ့မယ်ဆိုရင် ယူရိုပါလိဂ်ဆီဆင်းရမှာဖြစ်ကာ သရေကစားနိုင်ရုံနဲ့ (၁၆) သင်းရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်မှာဖြစ်ပါတယ်။