FG Entertainment ကထုတ်ပေးတဲ့ တေးသံရှင် Ar-T နဲ့ DJ Wine တို့ရဲ့ New World Single Music Video စာနယ်ဇင်း မိတ်ဆက်အခမ်းအနားကို ( ၂၉.၁၁.၁၆ ) ရက်နေ့ ညနေ ၄ နာရီမှ ၅နာရီထိ Jasmine Palace Hotel Pool Side မှာကျင်းပခဲ့ပါတယ်။ အဆိုပါအခမ်းအနားမှာ ဖိတ်ကြားထားတဲ့ စာနယ်ဇင်းတွေနဲ့ အနုပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။
တေးသံရှင် Ar-T ကလဲ အဆိုပါသီချင်းလေးနဲ့ပတ်သက်ပြီး "ကျွန်တော်တို့ဒီသီချင်းလေးကို ထွက်ဖို့လုပ်ထားတာကြာပါပြီ။ ဒီကြားထဲမှာ ကျွန်တော်ဆွီဒင်သွားနေတဲ့အတွက်ကြောင့် နည်းနည်းလေးတော့ကြာသွားပါတယ်။ ဒါပေမဲ့ဒီသီချင်းရဲ့ အဓိကရည်ရွယ်ချက်က EDM အနွယ်ဝင် Tropical House အမျိုးအစားကို ပရိသတ်ကိုချပြချင်ပါတယ်။ ကျွန်တော်တို့လုပ်နိုင်တယ်ဆိုတာကို ပရိသတ်ကိုချပြချင်တာပါ။ ဒီသီချင်းမှာ ကျွန်တော်တို့စီးပွားရေး အကျိုးအမြတ်တစ်ခုမှမရှိပါဘူး။ အနုပညာအမြတ်ပဲ လိုချင်ပါတယ်။ Dancer ငါးယောက်ပါတယ်။ မော်လ်ဒယ်၈ယောက် ပါပါတယ်။ ကိုဝိုင်းပါမယ်။ နောက် FG ကအဖွဲ့ဝင်တွေလဲ ပါပါတယ်။ Ar-T တစ်ယောက်တည်းအနေနဲ့ဆိုရင်တော့ ဒါကိုလုပ်နိုင်မှာမဟုတ်ပါဘူး။ ကျွန်တော့်ကို မေတ္တာနဲ့ကူညီပေးတဲ့သူတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။" လို့ပြောပါတယ်။
ဒါ့အပြင် Ar-T နဲ့အတူ အကောင်းဆုံးဖြစ်အောင်ဖန်တီးခဲ့တဲ့ DJ Wine ကလည်း "Ar-T နဲ့ကျွန်တော်နဲ့က ၂၀၁၁ လောက်ကတည်းက လက်နဲ့ထိရင်ရွှေဆိုတဲ့ Electronic Music ပုံစံသစ်တွေကို မြန်မာနိုင်ငံက EDM ပရိသတ်တွေအကုန်လုံးကို ချပြခဲ့ပါတယ်။ အခုလဲ ဒီလိုပုံစံအသစ်ကပေါ်နေတာကြာပါပြီ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ သိပ်ပြီးတော့မရှိသေးပါဘူး။ ကျွန်တော်တို့က ဒီသီချင်းကို နိုင်ငံခြားထိရောက်အောင် ဆိုပြီးတီးပြီး အမ်တီဗီကို အကောင်းဆုံးဖြစ်အောင်ရိုက်ကူးထားပါတယ်။ ကျွန်တော်က ဒီမြူးဆစ်ကို ဒီလိုလေးတီးလိုက်ပြီး လူတိုင်းနားထောင်လို့ရအောင် ဖန်တီးပြီး တင်ဆက်ထားပါတယ်။ နိုင်ငံခြားထက်လဲ မနိမ့်ကျအောင်အကောင်းဆုံးကြိုးစားထားပါတယ်။" လို့ပြောပြသွားပါတယ်။
New World Music Video ကိုတော့ ဒီဇင်ဘာ ၁ ရက်နေ့မှာ FG အင်တာတိန်းမန့်ကနေ စတင် release လုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။