ကိုယ်ကာယ လေ့ကျင့်ရေးစင်တာက စက်ကိရိယာတွေနဲ့သုံးပြီး လေ့ကျင့်သလို ထိရောက်မှုရှိစေချင်မှာပေါ့။ လူတော်တော်များများကတော့ အိမ်မှာလေ့ကျင့်ဖို့ တွေးမိကြမှာမဟုတ်ပါဘူး။ လေ့ကျင့်ခန်းလုပ်ဖို့ဆိုတာကလည်း အရေးကြီးတယ်ဆိုတော့ ဘာစက်ပစ္စည်းမှမလိုပဲ လေ့ကျင့်ခန်း လုပ်တဲ့နည်းတွေကို ရှာရတော့မှာပေါ့။
လေ့ကျင့်ခန်းလုပ်ရတာ ပျော်ရွှင်စရာကောင်းဖို့အတွက် သီချင်းနားထောင်ရင်းလုပ်နိုင်သလို တီဗွီကြည့်ရင်းနဲ့တောင် လေ့ကျင့်ခန်းလုပ်နိုင်ပါတယ်။ ပစ္စည်းကိရိယာမပါဘဲနဲ့ အိမ်မှာလုပ်နိုင်တဲ့ လေ့ကျင့်ခန်းကောင်းတွေကို ပြောပြတော့မှာမို့ စောဒကတက်စရာလဲလိုတော့မယ် မထင်ပါဘူး။
၁။ လမ်းလျှောက်
ရာသီဥတုက သာယာတယ်ဆိုရင် ရှုခင်းတွေကြည့်ရင်း အိမ်ပြင်ထွက်လမ်းလျှောက်၊ မသာယာဘူးဆိုရင်တော့ အိမ်ထဲတင် တီဗီကြည့်ရင်းနဲ့ လမ်းလျှောက်ပေါ့။ ရာသီဥတုဆိုတာက အစိုးမရလေတော့ အိမ်ထဲတင် လမ်းလျှောက်တာက ပိုကောင်းပါတယ်။ အိမ်လှေကားရှိတယ်ဆိုရင် အပေါတက်၊ အောက်ဆင်း အကြိမ်ရေနည်းနည်းလုပ်ပါ။ ပိုပြီးထိရောက်ချင်ရင်တော့ အ၀တ်ထုပ်ဖြစ်ဖြစ် ထမ်းပြီးတော့ တက်၊ ဆင်းလုပ်ပေါ့။ ဒီလိုလုပ်လိုက်ရင် အေရိုးဗစ်လေ့ကျင့်ခန်းလုပ်သလိုပဲ သင့်ခြေထောက်လဲ သန်စွမ်းပြီး ကြွက်သားတွေလှလာမှာပါ။ အိမ်လှေကားမရှိရင်လည်း အိမ်ထဲတင် လမ်းပတ်လျှောက်တာ ကောင်းပါတယ်။
၂။ ကြိုးခုန်
ကြိုးခုန်ရတာ ပျော်ဖို့ကောင်းပါတယ်။ ကလေးတုန်းကဆော့ခဲ့ကြတဲ့ အတိတ်ကိုတောင် အမှတ်ရမိတယ်။ ကလေးလေးလို ကြိုးခုန်ရတာကို မကြိုက်တဲ့သူ ရှိမှာမဟုတ်ပါဘူး။ ဒီလိုကြိုးခုန်တာဟာ သွေးပူပြီး နှလုံးကျန်းမာရေးအတွက်လည်း ကောင်းလှပါတယ်။
၃။ ဒိုက်ထိုး
ဒိုက်ထိုးရတာကို လူအများစုက မကြိုက်ကြပါဘူး။ ဒိုက်ထိုးရတာ မသိခင်မှာ ခက်ပေမယ့် သိတော့လည်း အလွယ်သား။ ဒယီးဒယိုင်ဖြစ်မှာကို မရှက်ဘဲနဲ့ လက်တစ်ဖက်တည်းနဲ့ ဒိုက်ထိုးနိုင်အောင်လုပ်ပါ။ ခြေထောက်ကိုဖြောင့်ဖြောင့်မထားဘဲနဲ့ ဒူးကွေးပြီးပဲ လုပ်နိုင်တယ်ဆိုလည်း ဖြစ်ပါတယ်။ မတ်တပ်ရပ် နံရံကိုလက်ထောက်ပြီး လုပ်မယ်ဆိုရင် ရင်ဘတ်ကြွက်သားတွေကို လေ့ကျင့်ပြီးသားဖြစ်မှာပါ။
၎။ ခြေထောက်မပြီး မိုးပေါ်ထောင်
ခြေထောက်ကြွက်သားတွေ သန်မာဖို့အတွက် မိုးပေါ်ထောင်ပြီး ခြေထောက်မတာ သိပ်ကောင်းပါတယ်။ ခြေထောက်ဖြောင့်ဖြောင့် မထောင်နိုင်ဘူးဆိုရင်လည်း နည်းနည်းကွေးပြီးလုပ်ပေါ့။
၅။ အိပ်ထ၊ မတင်
ဝမ်းဗိုက်ကြွက်သားတွေ သန်မာဖို့ အကောင်းဆုံး လေ့ကျင့်ခန်းကတော့ အိပ်ထ၊ မတင် လုပ်တာပါပဲ။ စစချင်းမှာ ခေါင်းကိုမတ်နေအောင် မထနိုင်ဘူးဆိုရင် စိတ်မပူပါနဲ့။ အကြောလည်းပြေတဲ့အတွက် အိပ်ထမတင်လုပ်ရခြင်းရဲ့ အကျိုးကျေးဇူးတွေကို သိလာမှာပါ။
၆။ မရွေ့ပဲပြေး (ခုန်)
ဒီလေ့ကျင့်ခန်းဟာ နှလုံးကျန်းမာရေးအတွက် အတော့်ကိုကောင်းပါတယ်။ အိမ်ထဲမှာ သီချင်းနားထောင်ရင်း၊ တီဗွီကြည့်ရင်းနဲ့ ခုန်နိုင်ပါတယ်။ ခြေထောက်မနာဖို့အတွက်တော့ ရှူးဖိနပ် ကောင်းကောင်းတစ်ရံလိုပါတယ်။
၇။ ထိုင်၊ ထ
ထိုင်၊ ထလုပ်တာဟာ ခြေထောက်နဲ့ တင်ပါးအတွက် သိပ်ကိုကောင်းတဲ့လေ့ကျင့်ခန်းပါ။ ထိုင်ထလုပ်ရတာ အခက်တွေ့နေတယ်ဆိုရင်လည်း ထိုင်ခုံတစ်လုံးကို ကိုင်ပြီးလေ့ကျင့်ခန်းလုပ်ပါ။ အကြိမ်နည်းနည်း လုပ်ရင်တောင် သင့်ခန္ဓာကိုယ်အတွက် အကျိုးသက်ရောက်မှုရှိတာကို တွေ့ရမှာပါ။
၈။ အလေးပေါ့ပေါ့ မ
အလေးပေါ့ပေါ့ မ ဖို့လောက်တော့ ဈေးကြီးတဲ့အလေးတုံးတွေ သွားဝယ်စရာမလိုပါဘူး။ ပဲဗူးတစ်ဗူးလောက်ကစပြီး နိုင်သလောက် တိုးတိုးပြီးမသွားရုံပါပဲ။ ဆပ်ပြာမှုန့်ဗူး၊ ရေပုံး၊ အုတ်ခဲ တွေကိုလည်းသုံးနိုင်ပါတယ်။
၉။ 'က'
'က' တာဟာလည်း နှလုံးကျန်းမာရေးအတွက် ကောင်းပါတယ်။ စိတ်ဓာတ်လည်း တက်လာမှာပါ။
၁၀။ ခြေတစ်ပေါင်ကျိုး
ခြေတစ်ပေါင်ကျိုး မတ်တတ်ရပ်တာဟာ ခြေထောက်ကြွက်သားတွေကို လှလာစေမှာပါ။ ဂရုတော့စိုက်၊ ချော်မလဲစေနဲ့ပေါ့။
(Ref:fitwatch)