ဆွဲဆောင်မှုရှိအောင် ရိုက်ရင်းရိုက်ရင်းကနေ ဘော်ဒီအသားပေးပုံတွေ ရိုက်ဖြစ်သွားတာပါလို့ ဆိုလာတဲ့ လုလုအောင်

14193619_1791526417772935_1248610403_n.jpg

လတ်တလော ဖေစ့်ဘွတ်မှာ ရေအပန်းစားဆုံး သူကိုပြောပါဆိုရင် လုလုအောင်လို့ဆိုရမှာပါ။ သူမဟာ ၂၀၀၃ ခုနှစ်မှာ ရန်ကုန်ကို စတင်ရောက်ရှိလာပြီး ၂၀၀၄ ခုနှစ်မှာ၂၀၀၆ ခုနှစ်ထိ ပြိုင်ပွဲတော်တော်များများမှာ ၀င်ပြိုင်ခဲ့သလို ဆုတွေလဲ ဆွတ်ခူးရရှိခဲ့ပြန်ပါတယ်။ ၂၀၀၆ ခုနှစ်နောက်ပိုင်းမှာတော့ သူမဟာ အနုပညာလောကထဲမှခေတ္တ၊ ခဏ ပျောက်ကွယ်သွားပြီး လွန်ခဲ့တဲ့ သုံးနှစ်နောက်ပိုင်းမှ ဖေ့စ်ဘွတ်လူမှုကွန်ယက်ပေါ်မှာ သူမဓာတ်ပုံတွေပြန်လည်ခေတ်စားခဲ့ပါတယ်။ အနုပညာနဲ့ပတ်သက်ပြီး အမ်တီဗီအချို့၊ ကြော်ငြာအချို့အပြင် ပြက္ခဒိန်တွေကိုပါ ရိုက်ကူးနေပြီဖြစ်တဲ့ လုလုအောင်က ဒီလောကထဲကို အပျော်စလုပ်ရာကနေ ပရိသတ်များအားပေးတဲ့အတွက် အခုအခြေအနေထိရောက်ရှိလာတာကြောင်းနဲ့လက်ရှိလူမှုကွန်ယက်အပေါ် ပေါ်ပြူတာအဖြစ်ဆုံးသူမရဲ့ Sexy ဓာတ်ပုံများ တင်ဖြစ်နေတဲ့အကြောင်းကို အခုလိုသွားရောက်မေးမြန်းဖြစ်တဲ့အခါ

-ဒီလောကထဲကို ဘယ်လိုကဘယ်လိုစရောက်လာခဲ့တာလဲ။

အစ်မ ၂၀၀၄ လောက်ကစပြီး ပြိုင်ပွဲတွေဝင်ပြိုင်ဖြစ်တယ်။ Miss လပြည့်ဝန်းတို့၊ Miss မင်္ဂလာပါ တို့အဲ့ဒီပွဲတွေမှာ ဆုတွေလဲရတယ်။ အဲ့ဒီအချိန်တုန်းက မီဒီယာကသိပ်ခေတ်မစားသေးတဲ့အခါကျတော့ အစ်မကို သိပ်မသိကြဘူး။ ဒီအွန်လိုင်းတွေ ဘာတွေဆိုတာကလဲ အရင်က အခုလောက်မှ သိပ်မသုံးကြသေးတာဆိုတော့လေ။ အဲ့ဒီမှာ ၂၀၀၄ လောက်ကစလုပ်ဖြစ်တယ်။ ပြီးတော့ ၂ နှစ်လောက်ပွဲတွေပြိုင်တယ်။ မော်လ်ဒယ်အနေနဲ့ရပ်တည်ခဲ့တယ်။ ပြီးတော့ အစ်မ ငါးနှစ်လောက်နားခဲ့တယ်။ ကလေးမွေးဘာညာပေါ့။ ပြီးတော့ အခုနောက်ပိုင်းအစ်မ ပြန်လုပ်ဖြစ်နေတာဆို သုံးနှစ်လောက်ရှိပြီပေါ့။

-အစ်မရဲ့ မိသားစုအကြောင်းလေးကိုပြောပြပေးပါဦး။

နှစ်ယောက်က အဝေးတစ်နေရာစီမှာပေါ့။ အစ်မကတော့ ဒီမှာသမီးလေးနဲ့ပေါ့။ ကလေးအတွက်ဆိုရင်တော့ နှစ်ယောက်စလုံးက အကောင်းဆုံးဖြစ်ဖို့တက်တက်ကြွကြွရှိပါတယ်။

-အားလုံးက အစ်မကို Single Mom လို့လဲပြောကြတယ်နော်။

ဟုတ်ပါတယ်။ အခုအစ်မက သမီးလေးနဲ့နှစ်ယောက် ပျော်ရွှင်စွာ ရင်ဆိုင်နေတယ်။ ဖြတ်သန်းနေတယ်ပေါ့။ အမျိုးသားနဲ့ကသပ်သပ်စီပါ။

-သမီးလေးက ဘယ်လောက်ရှိသွားပြီလဲ။

ကိုးနှစ်ခွဲရှိသွားပါပြီ။

-ဒီအလုပ်ကိုပြန်စလုပ်တဲ့အချိန်မှာ ကလေးကတစ်ဖက်နဲ့ဆိုတော့ ကိုယ့်ကို အားပေးမဲ့သူမရှိမှာကိုရော စိုးရိမ်တာမျိုးဖြစ်မိလား။

အားပေးတာ မအားပေးတာထက် ကိုယ့်ရဲ့ဝါသနာကို ကိုယ့်ရဲ့ အားလပ်ချိန်မှာ Relax လုပ်တဲ့အနေနဲ့လုပ်တာပေါ့။ ကိုယ့်ရဲ့ဝါသနာအရ အပျော်လုပ်ရင်း ဓာတ်ပုံတွေ ရိုက်ရင်းရိုက်ရင်း ကနေ ပရော်ဖက်ရှင်နယ်ဖက်ကိုရောက်မှန်းမသိရောက်လာခဲ့တယ်ပေါ့။ အခုဆို အမ်တီဗီလေးတွေ ရိုက်ဖြစ်တယ်။ ကြော်ငြာလေးတွေရိုက်ထားတယ်။ မဂ္ဂဇင်းတွေအတွက်ရိုက်ပေးဖို့ရှိတယ်။ ဂျာနယ်တွေအတွက်လဲ ရိုက်ပေးဖို့ပြောထားတာတွေရှိတယ်။

-အနုပညာနဲ့ပတ်သက်ပြီး အစ်မရဲ့ ပန်းတိုင်ကို ဘယ်လောက်ထိဆက်သွားဖို့ရှိလဲ။

အခွင့်အရေးပေးသလောက်ပေါ့။ ဘုရားပေးသလောက်ကို အတတ်နိုင်ဆုံး ဘုရားပေးတဲ့ခွန်အားနဲ့လုပ်ဆောင်သွားပါမယ်။

-အခုလက်ရှိက ဓာတ်ပုံရိုက်ကြော်ငြာရိုက်အပြင် ဘာတွေပါဦးမလဲ။

အနုပညာနဲ့ပတ်သက်ရင် ကြော်ငြာလေးတွေရိုက်ဖြစ်တယ်။ ဓာတ်ပုံလေးတွေရိုက်ဖြစ်တယ်။ ဒါကလဲ ကိုယ်လုပ်ဖူးနေကျ ဆိုတော့ အတွေ့အကြုံကရှိပြီးသားဖြစ်တဲ့အတွက်ဒါကိုပဲ ပေါ့ပေါ့ပါးပါးလုပ်သွားမှာပါ။ သရုပ်ဆောင်ဖက်ကတော့ အခုချိန်ထိလုပ်ဖို့စိတ်ကူးမရှိသေးပါဘူး။

-သမီးလေးရပြီးမှ အနုပညာအလုပ်တွေပြန်လုပ်တော့ အစ်မအမေတွေကခွင့်ပြုလား။ တားတာဘာညာရော ရှိသေးလား။

စစချင်းကတော့ ပြောတာပေါ့။ နင့်ဟာကဘာဖြစ်တယ်။ ညာဖြစ်တယ်ပေါ့။ နောက်ပိုင်းကျတော့ ကိုယ့်ရဲ့ ပျော်ရွှင်မှုအနေနဲ့ကိုယ့်ရဲ့ Relax အနေနဲ့လုပ်တယ်ဆိုတာကို သူတို့တဖြည်းဖြည်းနဲ့နားလည်သွားတဲ့အတွက်မပြောတော့ပါဘူး။

-ဖေစ့်ဘွတ်မှာဆို အခုရက်ပိုင်း အစ်မကိုအားပေးတဲ့ Fan တွေ တစ်စထက်တစ်စ ပိုများလာတာကိုတွေ့ရတယ်နော်။

အဲ့ဒါကတော့ အစ်မအတွက်တကယ်ကိုပဲ အံ့သြ၀မ်းသာရပါတယ်။ ကိုယ့်ဟာကိုယ်အေးအေးဆေးဆေး ထိုင်ပြီး အပျင်းပြေပုံတင်လိုက်၊ စာတင်လိုက်လုပ်နေရင်းကနေ အဲ့ဒီလိုလူတွေသိလာမယ်လို့လဲမထင်ဘူးပေါ့လေ။ ဘာပဲပြောပြော အကောင်းဖက်ကတွေးမယ်ဆိုရင်တော့ အကောင်းဆုံးအခြေအနေရောက်လာတယ်လို့ပြောရမှာပေါ့။

-တချို့ကျတော့လဲ အစ်မတင်တဲ့ Sexy ပုံတွေနဲ့ပတ်သက်ပြီး ဝေဖန်တာမျိုးတွေလဲရှိတယ်ဆိုတော့ ဒီအပေါ်မှာရော အစ်မရဲ့စိတ်ကိုဘယ်လိုမျိုးလေးထားဖြစ်လဲ။

ဒါကတော့ အကောင်းဖက်ကမြင်တဲ့သူရှိသလို အဆိုးဖက်ကမြင်တဲ့သူလဲရှိမယ်။ ဒါကတော့ သူတို့အခွင့်အရေးလေ သူတို့ပြောချင်တာပြောမှာပဲ။ ဒါသူတို့အခွင့်အရေး အဲ့ဒီအပေါ်မှာ ဘာမှမပြောလိုပါဘူး။ ကိုယ့်ဟာကိုယ်လုပ်သင့်လုပ်ထိုက်တာကိုပဲ ဆက်လုပ်သွားမှာပါ။

-Body Structure အသားပေးပုံတွေတင်ဖြစ်တာကရော ဘာကြောင့်များလဲ။

အဲ့ဒါကတော့ လူတစ်ယောက်မှာ စတိုင်ကတစ်မျိုးစီရှိတယ်လေ။ ဥပမာ ချစ်စရာကောင်းတဲ့ပုံစံဆို အစ်မက အရမ်းကြိုက်တယ်။ ဒါပေမဲ့ အစ်မပုံနဲ့ကျတော့ ချစ်စရာကောင်းတဲ့ပုံက မလိုက်ဘူး။ ဒါပေမဲ့ ဆွဲဆောင်မှုရှိတဲ့ပုံစံကျတော့ အစ်မနဲ့သွားအဆင်ပြေနေတယ်။ အစ်မကလူကောင်ထွားတဲ့အတွက် Cute နဲ့မလိုက်ဘူး။ အဲ့ဒါကြောင့် အစ်မနဲ့လိုက်တဲ့ post ကိုမှ အရမ်းကြီး မရိုင်းသွားအောင် ဆွဲဆောင်မှုရှိအောင်ရိုက်ရင်းနဲ့ လူကောင်ကကြီးတော့ ဘော်ဒီအသားပေးရိုက်သလိုဖြစ်သွားတာပါ။

-အစ်မပုံတွေကို ဖေ့စ်ဘွတ်မှာ အခုနောက်ပိုင်း တော်တော်များများက ကြိုက်တယ်ဆိုပြီး Share လာကြတဲ့အပေါ်မှာရော စိတ်ကျေနပ်မှုကဘယ်လိုမျိုးရှိလဲ။

ကိုယ့်ရဲ့ လုပ်ဆောင်မှုသေးသေးလေးကို သူတို့တွေက အသိအမှတ်ပြုပြီး Share ကြတယ်။ သဘောကျကြတယ်။ ကြားရတော့ ကိုယ်လဲဝမ်းသာတယ်။ သူတို့အရမ်းအားပေးတဲ့အတွက် ကိုယ်ကလုပ်ရတာထိုက်တန်တာပေါ့။ အရမ်းဝမ်းသာသလို အရမ်းလဲကျေနပ်ပါတယ်။

-Sexy တစ်လိုင်းထဲသွားမှာလား။ တခြားဖက်တွေရော ကူးပြောင်းဖို့ရှိဦးမလား။

ဓာတ်ပုံရိုက်တဲ့အခါ စမတ်ကျတဲ့ပုံစံ၊ ဆွဲဆောင်မှုရှိတဲ့ပုံစံဖက်ကိုသွားမယ်။ အရမ်းကြီး ဖော်ချွတ်နေတာထက်စာရင် ဆွဲဆောင်မှုရှိရှိနဲ့စမတ်ကျတဲ့ပုံတွေကိုပဲ ဦးစားပေးရိုက်ဖြစ်သွားမယ်လို့ထင်ပါတယ်။

-Body Structure ပိုင်းကိုရော ဘယ်လိုထိန်းသိမ်းဖြစ်လဲ။

အရမ်းကြီးတော့မထိန်းသိမ်းဘူး။ ပုံမှန်လေ့ကျင့်ခန်းလုပ်တယ်။ ပုံမှန်စားသောက်တယ်။ Gym ကတော့ အားရင်သွားတယ်။ မအားရင်မသွားဘူး။ အိမ်မှာသမီးလေးကို အချိန်ပေးနေရတဲ့အတွက် အိမ်မှာပဲ သမီးလေးနဲ့ဆော့လိုက်၊ စကားပြောလိုက်ပေါ့။ စက်တွေလဲအိမ်မှာဝယ်ထားတဲ့အတွက် အဲ့ဒါလေးတွေနဲ့ပဲဆော့တယ်။ အစားအသောက်ပိုင်းကတော့ အရမ်းမထိန်းသိမ်းဘူး။ ညနက်သန်းခေါင်ထစားတာမျိုးတော့မရှိဘူး။ ကျန်တဲ့အချိန်ကတော့ ဗိုက်ဆာရင်ဆာသလောက်အ၀စားပါတယ်။

-အစ်မရဲ့ ခန္ဒာကိုယ်က အပျိုဘ၀ကတည်းက ဒီပုံစံအတိုင်းပဲလား။

အပျိုတုန်းကတော့ နည်းနည်းပိန်တယ်။ ဒါပေမဲ့ အရမ်းကြီးပိန်သွားတဲ့အထဲမှာ မပါဘူး။ အရိုးအဆစ်ကြီးတဲ့အထဲမှာပါတော့လေ။ အခုကလေးမွေးပြီးတော့ နည်းနည်းတော့ ပိုပြည့်လာတယ်ပေါ့။

-Single Mom  ဆိုပြီး တင်ဖြစ်တာကရော ဘာကြောင့်များလဲ။

တရားဝင်တင်ဖြစ်တယ်ဆိုတာက သမီးဆိုရင်လဲ သူအမြဲတမ်းပြောတယ်။ အစ်မရဲ့သမီးဖြစ်ရတာ သူသိပ်ကံကောင်းတယ်။ ပျော်ရွှင်ရတယ်ပေါ့။ အစ်မအနေနဲ့လဲ အစ်မလုပ်ခဲ့သမျှအလုပ်တွေထဲမှာ သူ့ကိုမွေးထုတ်ခဲ့တာက ဂုဏ်အယူရဆုံးအလုပ်မို့လို့မရှက်မကြောက် ဂုဏ်ယူပြီး ကျေနပ်စွာနဲ့တင်ခဲ့တာပါ။

-သမီးလေးကတော့ ကိုယ့်ရဲ့ဒီအလုပ်နဲ့ပတ်သက်ပြီး ဘာတွေပြောသေးလဲ။

သူကတော့ အရမ်းသဘောကျတဲ့အထဲမှာမပါဘူး။ အစ်မကို စကဒ်လေးတွေ၊ ဂါဝန်လေးတွေနဲ့ဆို အရမ်းသဘောကျတယ်။ လွှမ်းပိုင်ရဲ့ ဗီစီဒီမှာဆို မမဝေဒနာ အမ်တီဗီမှာဆို အစ်မပုံစံကို သူအရမ်းကြိုက်တယ်။ အရမ်း Sexy ဆိုရင် သူကမကြိုက်ဘူးလို့မပြောပေမဲ့ သိပ်သဘောကျတဲ့ပုံထဲမှာတော့မပါဘူး။

-ထပ်ရိုက်ဖို့လက်ခံထားတာရော ဘာတွေရှိဦးမလဲ။

ဘိုဘိုအင်တာတိန်းမန့်ရဲ့ အခွေမှာရိုက်ပေးဖို့ပြောထားတာတွေရှိတယ်။ နောက်ကြော်ငြာလေးတွေလဲရိုက်ပေးဖို့ရှိပါတယ်။

-အခုတလောမှာဆို ဖေ့စ်ဘွတ်မှာ အစ်မနဲ့စိုင်းစိုင်းကပဲ နေရာယူထားတယ်နော်။

အဲ့ဒါကတော့ ပေါ်ပြူလာ ဖြစ်နေတဲ့ဟာကိုရေးကြပြောကြတာပေါ့။ ဒါကတော့ သဘာဝပါပဲ။ အဲ့ဒီလို post တွေကြောင့် စိတ်အနှောင့်အယှက်လဲ မဖြစ်ပါဘူး။ ဒါကလဲ သူတို့ရဲ့ပျော်ရွှင်မှုတစ်ခုပဲလေ။ သူတို့အနေနဲ့လဲ သူတို့စိတ်ဝင်စားတဲ့သူအကြောင်းရေးကြပြောကြမယ်လေ။ ဒါကတော့ သဘာဝပါပဲ။

-ဖေ့စ်ဘွတ်ပေါ်တင်တဲ့ Sexy ပုံတွေနဲ့ပတ်သက်ပြီး အိမ်ကရော အစ်မကိုဘာတွေပြောကြလဲ။

အိမ်ကတော့ အကြိုက်ကြီးရယ်လဲမဟုတ်ဘူး။ အားပေးတယ်လဲမဟုတ်ဘူး။ အားမပေးတယ်လဲမဟုတ်ဘူး။ ကိုယ်ကလဲ အသက်အရွယ်အရကြီးနေပြီဖြစ်တဲ့အတွက်ကိုယ့်ဟာကိုယ်လုပ်၊ ကိုယ့်ဟာကိုယ်ဆုံးဖြတ်ပေါ့။

-ဒီလောကထဲမှာရော ဘယ်လိုခံယူချက်မျိုးနဲ့နေဖြစ်လဲ။

အဓိကကတော့ အကောင်းမြင်တဲ့စိတ်၊ အရာရာကို ကျေးဇူးတင်တဲ့စိတ်၊ ကိုယ့်ကိုအဆိုးဖက်က၀ိုင်းပြောနေတဲ့သူရှိလဲအစ်မက စိတ်မတိုဘူး။ စိတ်လဲမဆိုးဘူး။ ဒါကသူတို့ရဲ့အခွင့်အရေးလေ ကိုယ်လဲကိုယ်လုပ်ချင်တာကိုဆက်လုပ်မယ်။ အကောင်းမြင်စိတ်နဲ့အရာရာကိုကျေးဇူးတင်တဲ့စိတ်နဲ့ပဲသွားပါတယ်။

-အရမ်းဆိုးဆိုးဝါးဝါးအပြောခံရတဲ့အခါမှာရော ဒီအလုပ်နဲ့ပတ်သက်ပြီး ရပ်တန့်ချင်စိတ်တွေလာတွေဖြစ်မိလား။

မဖြစ်ပါဘူး။ နဂိုကတည်းက ဒီအလုပ်ကို အောင်မြင်ချင်တဲ့စိတ်နဲ့လုပ်တာမဟုတ်ဘူး။ ကိုယ်ဟာကိုယ်အားလပ်ချိန်မှာ စိတ်အပန်းဖြေရုံလောက်၊ Relax ဖြစ်ရုံလောက်လုပ်တာမို့လို့ပေါ့ပေါ့ပါးပါးပါပဲ။ သူတို့ပြောလို့လဲကိုယ်ကယိုင်လဲသွားမှာမဟုတ်သလို ဒီအလုပ်ကို စိတ်ပျက်သွားမှာမဟုတ်ဘူးပါဘူး။

-အနုပညာနဲ့ပတ်သက်ပြီး ဘယ်အတိုင်းအတာလောက်ထိ ဆက်ပြီး ချပြသွားမလဲ။

ကိုယ်လုပ်နိုင်သလောက် အကောင်းဆုံးလုပ်သွားပါမယ်။ အားလုံးကိုလဲ ကျေးဇူးတင်ပါတယ်။ 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.