ဘန်ကောက်တစ်မြို့လုံးက လမ်းကြိုလမ်းကြားမကျန် ပတ်ပြေးကာ ပင်ပင်ပန်းပန်းရိုက်ကူးခဲ့ရတဲ့ ဂျစ်ပစီနှစ်ပါးသွားဇာတ်ကားအကြောင်း ပြောပြလာတဲ့ နန်းဆုဦး

14088818_1788671758058401_963136967_n.jpg

အနုပညာသက်တမ်း အနေအထားတစ်ခုရောက်လာတဲ့အချိန်မှာ ပရိသတ်တော်တော်များများရဲ့ အားပေးမှုနဲ့ချစ်ခင်မှုကို စဉ်ဆက်မပြတ် ရရှိပိုင်ဆိုင်ထားသူကတော့ နန်းဆုဦးပဲဖြစ်ပါတယ်။ ဘောင်ကားမှ စတင်ကာ သူမရဲ့ အနုပညာများကို သူမကိုအားပေးနေတဲ့ ပရိသတ်အများ အားပေးလက်ခံလာကြသလို သူမကို ချစ်သထက်ချစ်လာကြတဲ့ သူမရဲ့ Fan များကလဲ ဒုနဲ့ဒေးပါပဲ။ လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ဆိုသလို လုပ်ဖြစ်နေသလို ဗီဒီယိုကားများ၊ ရုပ်ရှင်ကားကြီးများနဲ့ဇာတ်လမ်းတွဲအချို့မှာ ပါဝင်သရုပ်ဆောင်နေတဲ့ နန်းဆုဦးရဲ့ အနုပညာလှုပ်ရှားမှုအကြောင်းတွေအပြင် သူမကိုအားပေးတဲ့ ပရိသတ်တွေစိတ်ဝင်စားမှုရှိနေကြတဲ့ သူမရဲ့ ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး အခုလိုမေးမြန်းဖြစ်ခဲ့တဲ့အခါ

"နန်းဆု အစကတည်းက ဖက်ရှင်ကို စိတ်ဝင်စားတယ်။ ပေါ့ပေါ့ပါးပါးဖက်ရှင်တွေကို နန်းဆုသဘောကျတယ်။ ဖက်ရှင်တွေကိုပေါင်းစပ်ပြီး ဖန်တီး ၀တ်ဆင်ရတာကို နန်းဆုနှစ်ခြိုက်တယ်။ ကြိုက်တယ်ပေါ့။ အဲ့ဒါကြောင့် ဇာတ်ကားတွေစရိုက်ကတည်းက နန်းဆုဖက်ရှင်နဲ့ပတ်သက်ပြီး ကိုယ့်ဟာကိုယ်ရွေးချယ်ဝတ်ဆင်တယ်။ ကိုယ့်ဟာကိုယ်လေ့လာတယ်။ ကိုယ့်ဟာကိုယ်ပဲစီစဉ်ပါတယ်။ ကိုယ်စီစဉ်တဲ့ ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး နန်းဆုကို အားပေးတဲ့ပရိသတ်တွေ Fan တွေက သဘောကျကြတယ်လို့ပြောကြတာကို ပြန်ကြားရတဲ့အခါ အရမ်းကျေနပ်မိပါတယ်။"လို့ သူမက ဖွင့်ဟပါတယ်။

အခုလက်ရှိအနုပညာလှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့လည်း သူမက "အရှေ့မှာကိုစိုင်းနဲ့မဂ္ဂဇင်းအဟောင်းဆိုတဲ့ ဗီဒီယိုကားလေးရိုက်ဖြစ်တယ်။ အဲ့ဒီကားလေးကတော့ ဖန်စီလေးပါပဲ။ romantic comedy လေးပေါ့။ အချစ်ကားလေးပါပဲ။ ဒါရိုက်တာက ပွင့်သိင်္ဂဇော်ပါ။ အဲ့ဒီကားမတိုင်ခင်ကတော့ နန်းဆု ယတြာဆိုတဲ့ ရုပ်ရှင်ကားကြီးရိုက်ဖြစ်တယ်။်ဒါရိုက်တာက ကိုပြည်ဟိန်းသီဟပေါ့။ သူနဲ့ကလဲ အရှေ့မှာ အများကြီး ရိုက်ကူးဖူးတယ်။ အဲ့ဒီကားကြီးကလဲ ဖန်စီဟာသလေးပဲ။ အဲ့ဒီထဲမှာ နန်းဆုက အဆောင်တက်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ကာရိုက်တာကပါ။ အခုလက်ရှိကတော့ ဇာတ်လမ်းတွဲရိုက်နေပါတယ်"တဲ့။

မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ ဂျစ်ပစီ နှစ်ပါးသွားကားလေးကတော့ နန်းဆုဦးဟာ မရိုက်သေးခင်ကတည်းက သဘောကျခဲ့ရတဲ့ ဇာတ်ကားလေးသိရပါတယ်။ အဲ့ဒါကိုတော့ သူမက "ဇာတ်လာပေးတဲ့အချိန်မှာနန်းဆုအရမ်းသဘောကျတယ်။ သူများနိုင်ငံမှာ ခါးပိုက်နှိုက်သွားလုပ်ပြီး နေရတဲ့ကောင်မလေးပေါ့။ ပြီးတော့ သူများနိုင်ငံမှာသွားရိုက်ရတဲ့ကားဖြစ်တဲ့အတွက် အခက်အခဲတွေ အများကြီးရှိတယ်။ ရိုက်လို့မရတဲ့နေရာတွေလဲ အများကြီးရှိခဲ့တယ်။ နောက်ဟိုမှာရိုက်နေတဲ့အချိန်မှာ ဆံပင်လုပ်ဖို့အခက်အခဲတွေလဲ ရှိတယ်။ ကိုယ့်နိုင်ငံမှာရိုက်ရတာမဟုတ်တဲ့အတွက် အေးအေးဆေးဆေးတော့ရိုက်လို့မရဘူး။ ပြီးတော့ ပင်ပင်ပန်းပန်းရိုက်ခဲ့ရတဲ့ကားလေးပါ။ နန်းဆုကိုယ်တိုင်ပြန်ကြည့်တဲ့အချိန်မှာလဲ ကြိုက်ပါတယ်။ ကောင်းပါတယ်။ နန်းဆုတို့အများကြီးကြိုးစားပြီးရိုက်ကူးခဲ့ပါတယ်။ တစ်ကားလုံးလဲပြေးရလွှားရနဲ့အဲ့ဒီကားရိုက်ပြီးတဲ့အချိန်မှာ ဘန်ကောက်တစ်မြို့လုံးက လမ်းကြိုလမ်းကြားတွေကိုပြေးဖူးသွားတယ်"လို့ ပြောကြားသွားပါတယ်။ 

အနန္ဒဇာတ်ကားက ကာဗာဓာတ်ပုံနဲ့ ပတ်သက်ပြီး ပရိသတ်စိတ်ဝင်စားမှုများပြားခဲ့တာ အားလုံးအသိပါ။ အဲ့ဒါကိုတော့ သူမက " သေချာကိုပြင်ဆင်ပြီးရိုက်ခဲ့ရတဲ့ ဇာတ်ကားလေးပေါ့။ ဦးညိုမင်းလွင်တို့ပထမဆုံးထုတ်ရိုက်တဲ့သိပ္ပံကားပေါ့။ အားလုံးကသေချာကိုပြင်ဆင်ပြီးရိုက်ကြတယ်။ ရိုက်ကူးရေးကာလကလဲ ခြောက်လလောက်ကြာမြင့်ခဲ့တယ်။ အားလုံးသေချာပြင်ဆင်ပြီးရိုက်တဲ့အတွက် ကြည့်ရတဲ့ပရိသတ်အတွက်လဲ အသစ်အဆန်းဖြစ်တယ်။ အဲ့ဒါကိုပရိသတ်ကိုအားပေးတော့ ၀မ်းသာတာပေါ့"လို့ ဆိုသွားပါတယ်။

နန်းဆုဦးဟာ နောက်ပိုင်းမှာလည်း လက်ခံထားတဲ့ ဗီဒီယိုတွေကို ဆက်လက်ရိုက်ကူးသွားမှာဖြစ်ပြီး ကားကြီးအနေနဲ့တော့ ဒါရိုက်တာ ညိုမင်းလွင်နဲ့ ရိုက်သွားဖို့ရှိကြောင်း သိရပါတယ်။ 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.