အနုပညာကိုချစ်မြတ်နိုးစွာ အားပေးကြတဲ့ ပရိသတ်တွေဟာ သူတို့ရူးရူးမူးမူးအားပေးကြတဲ့ အနုပညာရှင်တွေရဲ့ အချစ်ရေးကို စိတ်ဝင်စားကြမယ်လို့ယုံကြည်မိတာကြောင့် ၂၀၁၃ခုနှစ်ထဲမှာ ပိုပြီးအောင်မြင်လာသလို အချစ်ရေးကိစ္စမှာလဲ ပိုပြီးလှုပ်ခတ်လာတဲ့ ဆယ်ကျော်သက်တွေရဲ့ အသည်းစွဲမင်းသား အောင်ရဲလင်းကို သူ့ရဲ့ အချစ်ရေးနဲ့ မင်္ဂလာသတင်းဘယ်တော့ကြားရမလဲဆိုတာ မေးမြန်းကြည့်ဖြစ်တဲ့အခါ ‘အချစ်ရေးက မရှိသေးပါဘူး။ အေးဆေးပါပဲ။ အချစ်ရေးနဲ့ ပတ်သတ်ပြီး လျှို့ဝှက်ထားစရာမရှိသလို ဘာမှမရှိပါဘူး။ အေးဆေးပါပဲ။ အပြင်လူကိုရွေးဖြစ်မလား၊ ဒီအနုပညာလောကထဲကလူကိုပဲ ရွေးဖြစ်မလားဆိုတော့မပြောတတ်သေးဘူးဗျ။ ဘယ်သူဖြစ်မလဲဆိုတာတော့ မပြောတတ်သေးပါဘူး။ အဓိက ကတော့ ဖူးစာပါပဲ။ ဖူးစာပါတဲ့သူနဲ့ညားမှာပါပဲ’လို့ ပြောပါတယ်။
ဒါ့အပြင်သူက 'တစ်ယောက်နဲ့တစ်ယောက်လက်ထပ်ကြတယ်။ ယူကြတယ်ဆိုတာရှေးဘ၀က ဆုတောင်းတွေလဲ ပါခဲ့ဖူးမှာပေါ့။ အဲဒါကြောင့်မို့လဲ ဒီဘ၀မှာပြန်ဆုံပြီး လက်ထပ်ကြတာပေါ့။ ကိုယ်လဲရှေးဘ၀က ဘယ်သူနဲ့ဆုတောင်းပါခဲ့လဲမသိတော့ လေ။ အဓိက ကကျွန်တော့်စိတ်ထဲမှာခံယူထားတာက ကျွန်တော့်ကိုချစ်ရမယ်။ ရိုးသားရမယ်။ ဖြူစင်ရမယ်။ အဲဒါက အဓိကကျပါတယ်။ လှတာတွေ၊ မလှတာတွေ၊ ၀တာတွေ၊ပိန်တာတွေ၊ ဖြူတာတွေ၊ မည်းတာတွေမလိုပါဘူး။ အချစ်ကို နားလည်ထားတာကတော့ ကိုယ်ချစ်တဲ့သူအတွက်ဆိုရင်အမြဲတမ်း ကိုယ့်ဖက်က ဘယ်တော့မှ သူ့အတွက်မကောင်းတာမရှိစေရဘူး။ ကောင်းတာတွေပဲရှိတယ်။ အဲဒါကိုအချစ်လို့ထင်တာပဲ။ ဒါမှလဲ အချစ်စစ်ဖြစ်မှာကိုး။ ကျွန်တော်ယူမဲ့သူကတော့ ကိုယ့်မိဘနဲ့လဲအဆင်ပြေပြီး၊ ကိုယ်ချစ်တဲ့သူပေါ့။ မပြေလဲညှိယူရမှာပေါ့။ အဓိက ကတော့ ကိုယ်နဲ့အရင်ဆုံးဆိုင်တယ်။ ပြီးတော့မှကိုယ့်မိဘပေါ့'တဲ့။
သူ့ရဲ၊ မင်္ဂလာသတင်းနဲ့ပတ်သတ်ပြီးတော့လည်း 'ကျွန်တော့် ရဲ့ မင်္ဂလာသတင်းက ၂၀၂၄မှ ဖြစ်မယ်ထင်တယ်။ လိုပါသေးတယ်။ တော်တော့်ကို လိုပါသေးတယ်။ မင်္ဂလာဆောင်တွေမှာ ပွဲတက်ရတာတော့ ပျော်တာပေါ့။ စိတ်ထဲမှာ အရမ်းကြည်နူးရတယ်။ အကုန်လုံးက ပျော်ပျော်ရွှင်ရွှင်လေးတွေပဲ ဆိုတော့ ကြည့်ရတာကျေနပ်တယ်။ ၀မ်းသာတယ်ပေါ့။ ပျော်စရာကောင်းတဲ့ မင်္ဂလာပွဲတွေဆိုရင်တော့ အားကျတာပေါ့။ မင်္ဂလာဆောင်တယ်ဆိုတာကတော့ ကံပါရင်ဆောင်ရမှာပဲ။ ကံမပါရင်တော့ ဆောင်ရမှာမဟုတ်ဘူး’လို့ ဖြေသွားပါတယ်။