မျှော်လင့်ချက်လေးတွေ နည်းနည်းလျှော့ပြီး အချစ်ကိုတိုးကြည့်လိုက်ရအောင်

self_esteem_2.jpg
လူတွေအားလုံးရဲ့ စိတ်ကူးကတော့ ကိုယ့်ဘဝမှာ သူရဲကောင်းတစ်ယောက်ကိုပဲ လက်ထပ် လိုကြတာပါ။ ရုပ်ရှင် ဇာတ်လမ်း တွေထဲက မင်းသား၊ မင်းသမီးတစ်ယောက်နဲ့ တူတဲ့ ယောက်ျား၊မိန်းမဆိုတာ တကယ့်လက်တွေ့ဘဝမှာ မရှိနိုင်ပါဘူး။ ဒါပေမဲ့လည်း ကိုယ့်အတွက်တော့ ထူးခြားစွာနဲ့ မင်းသားတစ်ယောက်ရဲ့ အရည်အသွေးမျိုး၊ ခန့်ညားမှုမျိုး၊ သဘောထားကြီးမှုတွေရော အားလုံးပြည့်စုံတဲ့ယောက်ျားတစ်ယောက် ဒါမှမဟုတ် မင်းသမီးလိုပဲ လှပတဲ့၊ စိတ်ထားကောင်းတဲ့၊ မိန်းမပီသတဲ့သူမျိုးနဲ့ တွေ့နိုင်မယ်လို့ မျှော်လင့်ထားမိကြတာပါပဲ။ ဒီလို ဆန္ဒမျိုးရှိခဲ့ရင်လည်း လူတိုင်းမှာရှိတဲ့ စိတ်ကူးလေးပဲဖြစ်လို့ ပုံမှန်ပါပဲလို့ဆိုနိုင်ပါတယ်။
တစ်ခါ ကိုယ့်ချစ်သူဟာ အလုံးစုံပြည့်စုံတဲ့သူမဟုတ်ရင်တောင် ကိုယ်နဲ့ပတ်သက်ရင်တော့ အကောင်းဆုံးဖြစ်ဖို့ မျှော်လင့်တတ်ကြပြန်ပါသေးတယ်။ ချစ်သူဆိုပြီး မရှိခင်တုန်းက စိတ်ကူးထဲက သူရဲကောင်းတစ်ယောက်ကို မျှော်လင့်တာထက် ချစ်သူရှိလာတဲ့အချိန် သူ့ဆီက ပေးလာမယ့် တုန့်ပြန်မှုတွေကို မျှော်လင့်ရတာက ပိုပင်ပန်းမယ်ဆိုရမလားပဲ။
စူပါလူသားတစ်ယောက် မဟုတ်တဲ့ သာမန်လူတစ်ယောက်ပဲ ဖြစ်တဲ့သူ့ကို လက်ခံပြီး ချစ်ခဲ့တာပေမဲ့ သူပေးနိုင်သမျှထက်ကို ပိုပြီးလိုချင်မိတတ်တာ လူ့သဘာဝဖြစ်တတ်ပါတယ်။ အချစ်ရေးကိစ္စတွေမှာ ပြဿနာဖြစ်ကြရတဲ့အကြောင်းရင်းတွေက တစ်ဖက်လူဆီက သိပ်မျှော်လင့်ချက်ထားမိလို့ပါလို့ ဆိုရင် မှားမယ်မထင်ပါဘူး။ ဥပမာ။ ကိုယ့်ချစ်သူနဲ့ ချိန်းထားတဲ့အခါ ၁၀ မိနစ် မိနစ် ၁၅မိနစ် လောက်နောက်ကျသွားလို့ ပြဿနာတက်ရတဲ့အချိန်တွေ ရှိဖူးကြပါသလား။ ရှိတာပေါ့။ ဒါက ပြဿနာရှာချင်လို့ မဟုတ်ပါဘူး။ တခြားသူတစ်ယောက်နဲ့ ချိန်းထားလို့ အဲ့ဒီလောက်အချိန်က ဘာမှမဖြစ်ပေမဲ့ ကိုယ်နဲ့တွေ့ဖို့ကို ဒီလောက်မှ အလေးမထားဘူးလားဆိုပြီး ပိုပြီး ဂရုစိုက်ခံချင်တာကြောင့်ပါ။
အချစ်နဲ့ ပတ်သက်လာရင် မျှော်လင့်ချက်တွေကို လျှော့ထားရင် ပိုပြီးပျော်ရွှင်ရမယ်လို့ ထင်ပါတယ်။ အချစ်ကို လျှော့ခိုင်းတာမဟုတ်ဘဲ ပြန်ပြီး ရယူလိုမှုတွေကို နည်းနည်းလေးလျှော့ခိုင်းတာပါ။ အချစ်ရေးမှ မဟုတ်ဘဲ ဘယ်လိုကိစ္စမဆို သိပ်မျှော်လင့်ထားမိရင် စိတ်ပိုပင်ပန်းသလို ပိုပြီးမောရတတ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်မှာ ချစ်လို့ကြိုက်လို့ အတူလက်တွဲတယ်ဆိုပေမဲ့ အချိန်ပြည့်တော့ အရာအားလုံး လိုက်လျောဖြည့်ဆည်းပေးနိုင်ရမယ်လို့ တွေးမထားသင့်ပါဘူး။
လူတစ်ယောက်ဆီက ကိုယ်လိုချင်နေတာတွေကို သိပ်မတွေးတော့ဘဲ အရှိအတိုင်းလေးပဲ လက်ခံပြီး ချစ်ပေးလိုက်ရအောင်။ သူမလုပ်ချင်တဲ့ အရာကို ကိုယ်ကနားလည်ပေးပြီး ကိုယ့်အတွက်လည်း သူက ဖြည့်တွေးပေးတတ်လာအောင် စိတ်ကလေးတွေကို နည်းနည်းလေး အလျှော့အတင်းလုပ်ကြည့်လိုက်ပါ။ သေချာတာက မျှော်လင့်တာတွေကို နည်းနည်းလျှော့ပြီး အချစ်လေးတွေ နည်းနည်းပိုတိုးလိုက်မယ်ဆိုရင် နှစ်ဦး နှစ်ဖက်စလုံး အတွက်နွေးထွေးတဲ့ အချစ်ရေးတစ်ခု ဖြစ်လာမှာပဲ ဖြစ်ပါတယ်။
Ref:yourtango
127 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.