Free Download link တွေ များလာလေလေ အခွေထုတ်ပေးမဲ့ ပရိုဂျူဆာတွေ နည်းလာလေလေပဲလို့ သုံးသပ်ပြသွားတဲ့ အဓိပတိဖွားပိုင်ရှင် ဝေလ

wai_la.png

၂၀၀၀ ၊ ၂၀၀၁ လောက်ကတည်းက ဂီတလောကထဲမှာ ရှင်သန်နေပေမဲ့ ပထမအခွေ ၁၉၈၂ မှာ သိပ်မအောင်မြင်ခဲ့ပေမဲ့ ဒုတိယအခွေ မိတ်ကပ်မကြိုက်သောသီချင်းများ အခွေနဲ့မှ ပရိသတ်တွေ မှတ်မှတ်ရရနဲ့သတိထားမိသွားသူကတော့ ဝေလပါ။ ရေးသားမှုအပိုင်းနဲ့ပတ်သက်ပြီး ပရိသတ်တွေသြချရလောက်အောင်ပေါက်သောသီချင်းများရဲ့ပဲ့ကိုင်ရှင် တစ်ဦးဖြစ်ခဲ့သလို ကိုယ့်သီချင်းအတွက်တင်မဟုတ်ပဲ သူများသီချင်းတော်တော်များများကိုလဲ ပရိသတ်ခံစားချက်နဲ့အနီးစပ်ဆုံးဖြစ်အောင်ရေးဖွဲ့နိုင်သူပါ။ ဝေလဟာ မကြာသေးခင်ကမှ တတိယအယ်လ်ဘမ် အဓိပတိဖွားအခွေထွက်ခဲ့သလို အခွေထွက်ပြီး သိပ်မကြာခင်မှာပဲ လူမှုကွန်ယက်ပေါ် link တွေပြန့်နှံ့ခဲ့တဲ့ အတွက်အနုပညာအရအောင်မြင်ပေမဲ့ ငွေကြေးအရရှုံးတယ်လို့ပြောနေကြတဲ့ အဓိပတိဖွားအခွေနဲ့ပတ်သက်ပြီးသိလိုသမျှကိုမေးမြန်းဖြစ်တဲ့အခါ

-အဓိပတိဖွားအခွေနဲ့ ပတ်သက်ပြီး အရင်ဆုံးပြောပြပေးပါဦး။

ဒီအခွေက ကျွန်တော့ရဲ့ တတိယအခွေပေါ့။ ဒီအခွေကတော့ သီချင်းက တစ်ဆယ့်သုံးပုဒ်ပါတယ်။ တေးရေးတွေကတော့ ကျွန်တော်ကကိုးပုဒ်ရေးတယ်။ ကျန်တဲ့အပုဒ်တွေကို ဆရာညီညီသွင်၊ ဆရာရွှေဂျော်ဂျော်၊ ကိုဗီနိုထွန်းနဲ့ကိုအောင်ကိုမြတ်ကတစ်ပုဒ်စီရေးပါတယ်။

-ဂီတသက်တမ်းရော ဘယ်လောက်ရှိသွားပြီလဲ။

ကျွန်တော်ကပြောရရင် ၂၀၀၀၊ ၂၀၀၁ လောက်ကတည်းက လုပ်လာတာ အဲ့ဒီတုန်းက အက်ပ်တန်ဆိုတဲ့ အဖွဲ့လေးတစ်ဖွဲ့ရှိတယ်။ အဲ့ဒီမှာမှ တစ်ပုဒ်စဆိုဖူးတယ်။ သီချင်းကသူတို့ရေးတာပဲ။ ချစ်ခြင်းများပြာချပွဲတဲ့။ တစ်ခါမှစတူဒီယိုမဆိုဖူးဘူး။ ပထမဦးဆုံးအတွေ့အကြုံပေါ့။ အဲ့ဒီမှာမှ တစ်ပုဒ်ဆိုပြီးမထွက်ဖြစ်ပဲ ဒီအတိုင်းပြီးသွားတယ်။ ပြီးတော့ သီချင်းတွေစရေးဖြစ်တယ်။ ၂၀၀၂ လောက်၊ ၂၀၀၃ လောက်မှာ အခွေတစ်ခွေလုပ်တယ်။ ၇ပုဒ်လောက်ပဲ။ ဒါပေမဲ့လဲ မထွက်ဖြစ်လိုက်ဘူး။ အဲ့ဒီမှာလုပ်ရင်းနဲ့ကိုဓီရာမိုရ်တို့နဲ့ရင်းနှီးသွားတယ်။ သိသွားတယ်။ အဲ့ဒီမှာတော်တော်ကြာသွားတယ်။ ယဉ်ကျေးမှုတက္ကသိုလ်ကစတူဒီယိုမှာ သွားလုပ်တာပေါ့။ ပြီးတော့မှ ကိုထူးအယ်လ်လင်းတို့နဲ့တွေ့တယ်။ အဲ့ဒီမှာ လူသားဘ၀မှာ ကျွန်တော့နာမည်အရင်းဝေဖြိုးအောင်နဲ့သီချင်းစရေးဖြစ်တယ်။ ပြီးတော့ သူနဲ့မီးမီးခဲနဲ့ဆန္ဒဆိုမဲ့အချိန်မှာ ကျွန်တော်ဝေလဆိုပြီး စပြောင်းခဲ့တယ်။ အခုဆို ဂီတသက်တမ်းက တော်တော်လေးကိုရှိခဲ့ပြီပေါ့။

-အဓိပတိဖွားကိုဖန်တီးဖြစ်တာကရော ဘယ်လိုမျိုးကြောင့်လဲ ။

ကျွန်တော့်ပထမဆုံးအခွေက ၁၉၈၂ တဲ့ ၂၀၁၁ တုန်းကထွက်တာပေါ့ ။ အဲ့ဒါပြီးတော့ မိတ်ကပ်မကြိုက်သော သီချင်းများထွက်တယ်။ အဲ့ဒါအပြီးမှာ အဓိပတိဖွားကိုပြင်ဆင်တာ နှစ်နှစ်ကြာသွားတယ်။ တော်တော်လေးကိုအချိန်ပေးပြီးလုပ်ထားရတဲ့ အခွေလေးပါ။

-အဓိပတိဖွားအခွေက အနုပညာအရ အောင်မြင်ပေမဲ့ ငွေကြေးအရရှုံးတယ်ဆိုတဲ့အပေါ် အစ်ကို့အမြင်လေးကိုလဲသိချင်ပါတယ်။

ကျွန်တော်တို့တွေနှစ်ပေါက်အောင်ဖန်တီးထားတဲ့သီချင်းခွေကို ထွက်ပြီးလို့မှ နာရီပိုင်းလောက်ပဲရှိသေးတယ်။ Free download link တွေထွက်လာတာကတော့ အဆင်မပြေဘူးဗျ။ နယ်မြေဒေသအရ အခွေမရောက်နိုင်တဲ့အခွေဝယ်ဖို့တကယ့်ကို အခက်အခဲဖြစ်နေတဲ့သူတွေကို နားလည်ပေမဲ့ ကိုယ့်ရဲ့ page ကို လူကြည့်များဖို့နဲ့like တွေများဖို့အတွက်သူများတွေနှစ်ပေါက်အောင်ကြိုးစားဖန်တီးထားတဲ့ အနုပညာတွေကို ထွက်ပြီးနာရီပိုင်းအတွင်းကို Free Download link တွေပေးနေတာကတော့ မလုပ်သင့်ဘူး ထင်ပါတယ်။ Free Download link တွေများလာလေလေ အယ်လ်ဘမ်ထုတ်ပေးမဲ့ ပရိုဂျူဆာတွေနည်းလာလေလေပါပဲ။ အခုတောင် တော်တော်ရှားနေပါပြီ။ နောင်များတော့ အနုပညာကောင်းရဲ့သားနဲ့မိမိရဲ့အခွေကို ထုတ်လုပ်ပေးမဲ့ ပရိုဂျူဆာမရှိလို့အယ်လ်ဘမ်ကောင်းတစ်ချပ်ထွက်ဖို့ ခက်ခဲသွားမှာကိုတော့ စိုးရိမ်မိပါတယ်။

-အဓိပတိဖွားအခွေကို အမ်တီဗီရိုက်ဖို့စီစဉ်နေတာမျိုးတွေရော ရှိနေပြီလား။

ဒီလစရိုက်မှာပါ။ ကိုဏကြီးနဲ့သုံးပုဒ်အပ်ထားတယ်။ တခြားဒါရိုက်တာတွေနဲ့လဲအပ်ထားပါတယ်။ အပုဒ်ပြည့်ရိုက်ဖြစ်မရိုက်ဖြစ်ကတော့ မသေချာသေးပါဘူး။ ချိန်နေတုန်းပါပဲ။ အခုလောလောဆယ်တော့ ကိုဏကြီးနဲ့သုံးပုဒ်စရိုက်ပါမယ်။ သရုပ်ဆောင်အတွက်ကလဲ ဒါရိုက်တာတွေပဲစီစဉ်မယ်။ ဒါပေမဲ့ ကိုယ်လိုချင်တာလေးတွေနည်းနည်းပါးပါးပြောပြတာမျိုးရှိမယ်။ ဒီလောက်ပါပဲ။

-အဓိပတိဖွားအခွေထဲမှာ ပရိသတ်အပြောအများဆုံးကရော ဘယ်သီချင်းဖြစ်မလဲ။

မျှတော့မျှပါတယ်။ အနီးဆုံးရန်သူ၊ နင်သိပ်ရက်စက်တယ်။ လွယ်လွယ်လေးရခဲ့တော့၊ အခုဆိုမီးတောင်နဲ့ပင်လယ်ရှိတဲ့အခန်းတို့၊ နောက် နောင်တတို့၊ ၃၆၀လည်းကြိုက်ကြတယ်။ ဘာပဲဖြစ်ဖြစ်ဖန်တီးထားတဲ့ သီချင်းအားလုံးနီးပါးကို အားပေးကြတဲ့အတွက်ကျေးဇူးလဲတင်တယ်။ ၀မ်းလဲဝမ်းသာမိပါတယ်။

-၃၆၀ သီချင်းကိုဖန်တီးထားတာကိုလဲ တော်တော်များများသဘောကျကြတယ်နော်။

ကျွန်တော်အဓိကကတော့ လတ်တလောဖြစ်နေတဲ့ဟာကို ကိုယ်သိသလောက်၊ မှတ်သလောက်လေး ကြိုးစားပြီးရေးတယ်ဆိုတယ်ပေါ့။ ဒါပါပဲ။ အဲ့ဒါကို သဘောကျတယ်။ ကြိုက်ကြတယ်ဆိုတော့ကျေနပ်တာပေါ့ဗျာ။

-သီချင်းရေးတဲ့အခါမှာရော ဘယ်လိုအချိန်တွေအများဆုံးရေးဖြစ်လဲ။

အခုနောက်ပိုင်းကတော့ သီချင်းရေးဖို့အချိန်သက်သက်ယူဖြစ်တယ်။ ညဖက်များပါလိမ့်မယ်။ ပြီးတော့အကြောင်းအရာကတော့ ကိုရှာထားတဲ့ မယ်လိုဒီအပေါ်မူတည်ပြီးတော့ ပြန်ခွဲပြီးသွားတာပေါ။ ဥပမာ ၃၆၀ လိုသီချင်းမျိုးဆို သီချင်းအနှေးကြီးမှာသွားဆိုလို့မရဘူး။ အဓိကက မယ်လိုဒီအပေါ်မူတည်ပြီး သွားတာများပါတယ်။

-အစ်ကိုရေးတဲ့သီချင်းတော်တော်များများက ပရိသတ်နားထဲမှာနားစွဲလွယ်သလို အောင်မြင်သွားတဲ့သီချင်းတွေများတယ်နော်။

ကျွန်တော်သီချင်းတစ်ပုဒ်ရေးတိုင်း တည်ရေးတာ ရှားပါတယ်။ ကျွန်တော့်ဟာကျွန်တော်ရေးထားတယ်။ သီချင်းလိုတယ်ဆိုမှ သူတို့နဲ့လိုက်လောက်မှ သီချင်းတွေကိုထုတ်ပေးဖြစ်တယ်။ ကျွန်တော်ရေးတဲ့အချိန်မှာကိုယ့်စိတ်ထဲမှာဖြစ်တာကိုပဲကျွန်တော်ရေးပါတယ်။ကိုယ်တကယ်ဖြစ်နေတဲ့အချိန်ကိုယ်ကြိုက်တဲ့သီချင်းကိုရေးထားလိုက်တယ်။ စတူဒီယိုရောက်ရင်ဘယ်လိုဘယ်လိုရေးမယ်ပေါ့။ အဓိကကတော့ အဲ့ဒါပါပဲ။ ပရိသတ်ဆီမရောက်ခင်စပ်ကြားတော့ ကိုယ်သိသလောက်အပြင်အားလုံးနဲ့တိုင်ပင်ပြီးအကောင်းဆုံးဖြစ်အောင်လုပ်ကြပါတယ်။

-အခုလက်ရှိဂီတလှုပ်ရှားမှုအနေနဲ့ရောဘာတွေလုပ်ဖြစ်နေလဲ။

အခုကပွဲတွေရှိမယ်။ နောက်အတွဲခွေတွေဆိုထားတာရှိမယ်။ နောက်အဓိပတိဖွားကိုတီးပေးတဲ့ Band နဲ့လဲပွဲတွေဆိုဖို့ရှိသလိုသီချင်းတွေရေးဖို့ရှိပါတယ်။

-လက်ရှိမှာဘယ်သူ့သီချင်းတွေကိုအများဆုံးနားထောင်ဖြစ်နေလဲ။

နိုင်ငံခြားသီချင်းခွေတွေတော်တော်များများလဲနားထောင်ဖြစ်တယ်။ အသစ်ထွက်တဲ့သီချင်းတွေအကုန်နားထောင်ဖြစ်တယ်။ အခုအသစ်ထွက်နေတဲ့ဟာတော်တော်များများကိုဝယ်တယ်။ နားထောင်ဖြစ်တယ်။

-ရေးတာဆိုတာအတွက်အမြဲတမ်းလေ့လာမှုအနေနဲ့ရောဘာတွေလုပ်ဖြစ်လဲ။

အဓိကကကျွန်တော် သီချင်းပဲနားထောင်ဖြစ်တာများတယ်။ ဘယ်သီချင်းကဘယ်လိုလုပ်ထားတယ်။ ဘယ်လိုတီးထားတယ်။ ဘယ်လိုဆိုထားတယ်ကအစ နားထောင်ရင်းနဲ့ပဲ ချဉ်းကပ်တယ်။ လေ့လာမိပါတယ်။

-မိသားစုကိုရောဘယ်လိုအချိန်ပေးဖြစ်လဲ။

နယ်ထွက်ပြီးသီချင်းဆိုနေတာများတယ်။ ရန်ကုန်မှာရှိရင်တော့ မုန့်ထွက်စားတာမျိုး၊ သူတို့သွားချင်တဲ့နေရာလိုက်ပို့ပေးတာမျိုးလေးတွေလုပ်ပေးဖြစ်တယ်။ ဒါပေမဲ့ရန်ကုန်မှာရှိနေရင်တော့ အလုပ်ကိစ္စနဲ့အပြင်မှာနေတာများတယ်။ တတ်နိုင်သလောက်လေးတော့ အချိန်ကိုရအောင်ဖဲ့ပြီးပေးဖြစ်ပါတယ်။

-သားလေးကရော ဘယ်လောက်ရှိပြီလဲ။

သားလေးက ၁၁လရှိပါပြီ။ ၉လပိုင်း၂၃ဆိုတစ်နှစ်ပြည့်ပါပြီ။ နာမည်က လင်းခန့်ဝေလပါ။

-ပရိသတ်ကိုရော ဘာများပြောချင်သေးလဲ။

နောက်ထပ်လဲကြိုးစားသွားပါဦးမယ်လို့။ ဖန်တီးထားတဲ့သီချင်းတစ်ပုဒ်စီတိုင်းကို အားပေးကြတဲ့အတွက်လဲ အတိုင်းမသိဝမ်းသာသလိုကျေးဇူးလဲတင်ပါတယ်လို့ပြောချင်ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.