ဝုန်းပစ်လိုက်မယ်ဆိုတဲ့ကားကြီးမှာ ကာရိုက်တာပီပြင်ဖို့အတွက် မိုးအောင်ရင်ကို တကယ်နမ်းလိုက်ပါတယ်ဆိုတဲ့ ဘေဘီမောင်

yu.png

၂၀၀၉ခုနှစ်ကတည်းက မော်လ်ဒယ်လောကမှာ စတင်ရပ်တည်နေကာ လက်ရှိမှာ အနုပညာသက်တမ်း ၇နှစ်ရှိပါးရှိနေပြီဖြစ်နေတဲ့ သူမကတော့ ဘေဘီမောင်ပါ။ ဗီဒီယိုကား၂၀ကျော်နဲ့ရုပ်ရှင်ကားကြီး၆ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသလို သွက်လက်ချက်ချာတဲ့ ကာရိုက်တာနဲ့သူမက အလိုက်ဖက်ဆုံးပါလို့ပြောလာပြန်ပါတယ်။ အနုပညာနဲ့ပတ်သက်ပြီး အကောင်းဆုံးနဲ့အပီပြင်ဆုံးဖြစ်အောင် အမြဲကြိုးစားနေသလို အနုပညာနဲ့ပတ်သက်ပြီး ကိုယ့်ကိုပေးလာတဲ့ကာရိုက်တာကိုလဲ သဏ္ဍာန်လုပ် သရုပ်တူအောင်အစစ်အမှန်ဖြစ်အောင် အမြဲကြိုးစားလေ့လာရိုက်ကူးပါတယ်ဆိုတဲ့ ဘေဘီမောင်ရဲ့အနုပညာအပေါ် သူမရဲ့သဘောထားနဲ့လက်ရှိမှာရိုက်ကူးနေတဲ့ ရုပ်ရှင်ကားကြီးအကြောင်းကိုပြောပြလာတဲ့အခါ

လက်ရှိမှာရိုက်ကူးနေတဲ့ ဇာတ်ကားကြီးနဲ့ပတ်သက်ပြီး "ညီမကနယ်ကနေ မင်းသမီးဖြစ်ချင်လို့ရန်ကုန်တက်လာတယ်။ အဲ့ဒီမှာ မိုးအောင်ရင်နဲ့တွေ့မယ်။ သူကအခြောက်ပေါ့။ ကလိန်ကကျစ်လဲ ကိုယ့်ကိုကျချင်တယ်။ နောက်ပိုင်း သူကကိုယ့်ကိုသဘောကျပြီး ဗိုက်ပါကြီးသွားတယ်ပေါ့။ ဒီကားကြီးကို လက်ခံဖြစ်တာကတော့ လပ်ကီးဆဲဗင်းကအမတွေနဲ့လဲ အရမ်းခင်တယ်။ ဆရာခင်စောမျိုးက အဓိကပေါ့။ သူကသူရိုက်တဲ့ကားတွေထဲမှာဆို ညီမကို ဖြစ်စေချင်တဲ့စိတ်နဲ့ဆွဲဆွဲခေါ်တယ်။ အဲ့ဒါကြောင့် သူတို့ရိုက်တဲ့ကားတိုင်းမှာ ပါဖြစ်နေတာပါ အစကတည်းကရိုက်ဖို့ပြောတာပါ။ ကာရိုက်တာကတော့အခုမှသိရတာပေါ့။"လို့ သူမက ပြောပြပါတယ်။

ဗီဒီယိုကား၂၀ကျော်နဲ့ကားကြီးခြောက်ကားမြောက်ရိုက်ကူးထားတဲ့ အကြောင်းနဲ့ ကားမရိုက်ခင် ကြိုတင်ပြင်ဆင်မှုအပိုင်းကိုတော့ သူမက "ညီမဆရာခင်စောမျိုးနဲ့ကားကြီးလေးကားပေါ့။ ကျန်တာကတခြားဒါရိုက်တာတွေနဲ့ပါ။ နောက်ဗီဒီယိုကကား၂၀ကျော်ပါပြီ။ ခေါင်းဆောင်ကငါးကားပေါ့။ မင်းသားကြီးတွေနဲ့ပါ။ ကိုနိုင်ကြီးတို့မိုးအောင်ရင်တို့နဲ့ပေါ့။ ကျန်တာကမင်းသားအငယ်လေးတွေနဲ့ရိုက်ထားတာပါ။  အရှင်းဆုံးပြောရရင် ဒီအလုပ်က ကံနဲ့အလုပ်လုပ်ရတာဆိုတော့လေ။ လူတွေကလဲ အများကြီးပင်လယ်ရေကလဲသောက်မကုန်သလို သရုပ်ဆောင်တွေကလဲ ကိုယ်တစ်ယောက်တည်းရှိတာမဟုတ်ဘူး။ တစ်ယောက်နဲ့တစ်ယောက်ကပြောရရင် ဒီလောကမှာကကိုယ်နဲ့ပတ်သက်ရာ ပတ်သက်ကြောင်းတွေပဲ ရိုက်နေကြတာများတယ်ဆိုတော့ ၀င်တိုးရတာ နည်းနည်းခက်ခဲတယ်။ အဲ့ဒီအခါကျတော့ ညီမက ဘုရားတရား လုပ်တယ်။ ဇွဲ၊ လုံ့လလဲရှိတဲ့အတွက်စောင့်ရတာပေါ့။ ကိုယ့်ကိုခေါ်ရိုက်မှရိုက်ရတာဖြစ်တဲ့အတွက်အမှန်တိုင်းပြောရင်ကြိုတင်ပြင်ဆင်မှုတော့ မရှိဘူး။ ညီမတို့က ၀ါသနာပါတဲ့အတွက် ရုပ်ရှင်ကားတွေအိမ်မှာကြည့်ဖြစ်တယ်။ နောက်စာတွေဖတ်တယ်။ အဲ့ဒီလောက်ပဲပေါ့။ ဒါပေမဲ့ ဆရာတွေကကြိုပြောရင်တော့ အ၀တ်အစားပိုင်းကိုကြိုတင်ပြင်ဆင်တာမျိုး ဇာတ်ဖတ်ပြီး လေ့လာတာမျိုးတွေတော့လုပ်ဖြစ်ပါတယ်"တဲ့။

ကိုယ်နဲ့လိုက်ဖက်တဲ့ ကာရိုက်တာရွေးချယ်ဖြစ်ပုံကိုလဲ "ညီမက သွက်သွက်လက်လက်ချက်ချက်ချာချာ ကာရိုက်တာတွေနဲ့တော့ ပိုလိုက်တယ်လို့ထင်တယ်။ အပြင်မှာကလဲ စကားပြောမြန်တယ်။ သွက်လက်တာကိုကြိုက်တယ်။ အီလေးဆွဲပြီး မိန်းမဆန်တာမျိုးကိုမကြိုက်ဘူး။ ညီမကိုယ်တိုင်လဲယောကျာ်းလေး တစ်ယောက်လို သွက်လက်နေတာမျိုးကိုကြိုက်တယ်။ ပြီးတော့ အနုပညာသမားဖြစ်တဲ့အတွက် ရှက်နေစရာမလိုဘူး။ ဒီနေ့ဆိုမိုးအောင်ရင်ကို နမ်းရတဲ့အခန်းမှာ တကယ်နမ်းလိုက်တယ်။ ကိုယ့်အစ်ကိုလိုဖြစ်နေတဲ့အခါကျတော့ သိပ်ပြီးမရှက်တော့ဘူး။ ကားတွေလဲ ရိုက်တာများပြီး ခင်လဲခင်နေပြီဆိုတော့ တကယ်နမ်းလိုက်တယ်။ သရုပ်ဆောင်တာကလဲ သဏ္ဍာန်လုပ် သရုပ်တူအောင်လုပ်ရတာဆိုတော့ အနည်းနဲ့အများတော့ တူရတယ်။ အစ်မရယ်။ ဒါပေမဲ့ မြန်မာလူမျိုးတွေပဲဟာ။ မြန်မာကားကိုမြန်မာမျက်စိနဲ့ကြည့်လို့သင့်တော်အောင်ရိုက်ကြပါတယ်။ တော်ရုံနမ်းတာ လိုက်တာကတော့ သိပ်မထူးဆန်းပါဘူး။ တခြားလင်မယားခန်းဘာညာရိုက်မယ်ဆိုရင်တောင် အယူအဆလောက်နဲ့ပဲရိုက်သွားတာလေ။ ပြီးတော့ အဓိက မောင်နှမစိတ်ရှိနေတဲ့အတွက် နမ်းတာလောက်ကတော့ ကိုယ့်အစ်ကိုလိုပဲသဘောထားပြီးသရုပ်ဆောင်လိုက်ပါတယ်။"လို့ သူမက ဖွင့်ဟသွားပါတယ်။ 

ဘေဘီမောင်ဟာ သူ့ရဲ့မျက်နှာသွင်ပြင်နဲ့ ပတ်သက်ပြီး နှာခေါင်းပြု ပြင်ဖို့ရှိတယ်လို့လဲ ဆိုလာပါတယ်။ အဲ့ဒါကိုတော့ "ညီမနှာခေါင်းကနည်းနည်းစောင်းနေတယ်။ ညီမဆရာ ဦးကျော်ဇောလင်းကဆို နင့်ရုပ်က မင်းသမီးရုပ်တဲ့။ နင်နှာခေါင်းပြင်တဲ့ ပိုပြီးလှသွားအောင်ပေါ့။ မျက်နှာအနီးကပ်တွေ ရိုက်တဲ့အခါကြည့်ကောင်းနေအောင်နှာခေါင်းကိုပြင်ခိုင်းကြတယ်။ အရင်ကတည်းကလဲပြင်ချင်ခဲ့တယ်။ အဲ့ဒါကြောင့်အခု ဒီကားရိုက်နေလို့ပေါ့။ ဖြစ်နိုင်ရင်အခုတောင်ပြင်ချင်တာ။ ဒါပေမဲ့လဲ အခုခေတ်မှာက မင်းသမီးတွေကများတဲ့အတွက် အလုပ်ကလာတော့ အရင်ရိုက်ဖြစ်တယ်။ ကိုယ့်ကို လာငှားတုန်းရိုက်ရတာဖြစ်တဲ့အတွက် ကားကိုအရင်ရိုက်လိုက်တာပေါ့။ ဒါပေမဲ့လဲ အရမ်းလှချင်နေတော့ ပြင်တော့ပြင်မှာပါ။ စောင်းနေတာကိုပြင်ပြီးဘေးအသားလေးတွေနည်းနည်းလှီးထုတ်မှာပါ။ လို့သူမကပြောပြပေးခဲ့ပါတယ်။

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.