မွေးနေ့ပွဲအပြီး လူမှုကွန်ယက်အပေါ် ပွထခဲ့တဲ့ ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ကိုယ့်စိတ်ခံစားချက်ကို အပြည့်အ၀ပြောပြလာတဲ့ မိုးယုစံ

13883641_1779060585686185_696083603_n.jpg

 နှစ်ဆယ့်ငါးနှစ်ပြည့်မွေးနေ့ပွဲမှာ ပရိသတ်ကို အတိအလင်း မိတ်ဆက်ပေးခဲ့တဲ့ သူမရဲ့ချစ်သူစွမ်းသူမိုးနဲ့အတူ အောက်တိုဘာလမှာ မင်္ဂလာပွဲကျင်းပတော့မဲ့ သူကတော့ မိုးယုစံပဲဖြစ်ပါတယ်။ မွေးနေ့ပွဲအပြီးမှာ လူမှုကွန်ယက်အပေါ် ဝေဖန်မှုများ ပွထခဲ့ပေမဲ့ အဆိုပါဝေဖန်မှုများအပေါ် သူမရဲ့ Feeling ၊ သူမရဲ့အမြင်တွေကို မကြာသေးခင်ကမှ ပြည်ပကိုထွက်ကာ Pre Wedding သွားရောက်ရိုက်ကူးပြီးပြန်လာတဲ့ မိုးယုစံကိုယ်တိုင်ခုလို ပြောပြလာပါတယ်။

-အရှေ့မှာ Pre Wedding အနေနဲ့ ပြည်ပဖက်မှာသွားရိုက်ထားတဲ့အကြောင်းလေး ပြောပြပေးပါဦး။

Pre Wedding ကတော့ My Dream နဲ့ရော Aroma နဲ့ပါ။ နှစ်နိုင်ငံထွက်ရိုက်ထားတယ်။ တရုတ်ပြည်နဲ့ဘန်ကောက်မှာပေါ့။ ဒီ၈လပိုင်းထဲမှာတော့ ညီမ Forever နဲ့ဓာတ်ပုံဦးပီတာနဲ့ကိုခေါ်ပြီးပြည်တွင်းမှာ ထပ်သွားရိုက်မယ်။ ပုဂံကတော့ သေချာတယ်။ နောက်တစ်နေရာကတော့ မသေချာသေးပါဘူး။

-Pre Wedding ကို ပြည်ပထွက်ရိုက်ရတဲ့ စိတ်ခံစားချက်ကရော ဘယ်လိုမျိုးလေးရှိလဲ။

ကိုယ့်နိုင်ငံထဲမှာလဲ အလှအပတွေအများကြီးရှိပါတယ်။ မိုးယုတို့လဲသွားထပ်ရိုက်ဦးမယ်။ ဒါပေမဲ့လဲ တချို့ကလဲ အမြင်ဆန်းအောင်ဆိုပြီး သွားရိုက်ကြတယ်။ အဲ့ဒီအတွက် မိုးယုတို့လဲ အမှတ်တရလေးဖြစ်အောင် ပြည်ပထွက်ရိုက်ဖြစ်တယ်။ ပြည်တွင်းမှာလဲရိုက်မှာပါ။

-ဘယ်နှစ်ရက်လောက်ကြာခဲ့လဲ။

ရိုက်ကူးရေးရက်ကို နှစ်ရက်ဆီပဲပေးတယ်။ သွားတာနဲ့ဘာညာဆိုရင် တရုတ်ပြည်မှာ ၅ရက်၊ ဘန်ကောက်မှာ ၅ရက်လောက်တော့ကြာခဲ့တယ်။

-ပြည်ပမှာထွက်ရိုက်တဲ့အခါမှာ ဘယ်လိုအမှတ်တရတွေရော ရှိခဲ့လဲ။

အမှတ်တရကတော့ တရုတ်ပြည်မှာ သွားရိုက်တုန်းက ရေခဲတောင်ကို သွားရိုက်မယ်ပေါ့။ မြန်မာပြည်တွင်းမှာလဲ ရိုက်ဖို့စဉ်းစားပါသေးတယ်။ ညီမတို့Pre Wedding ရိုက်ဖို့အတွက်က ကြားထဲမှာ အချိန် သုံးလပဲ ကျန်တော့တဲ့အတွက် မြစ်ကြီးနားဖက်မှာ သွားရိုက်ဖို့က လုံးဝအဆင်မပြေဘူး။ အဲ့ဒါကြောင့် My Dream က တရုတ်ပြည်မှာရှိတယ်ပြောတာနဲ့သွားရိုက်ဖြစ်တယ်။ ဒါပေမဲ့ ရာသီဥတုကမကောင်းတဲ့အတွက် အပေါ်လဲတက်မရဖြစ်တာနဲ့တခြားလှတဲ့ရှုခင်းတွေနဲ့ပဲရိုက်ဖြစ်ခဲ့တယ်။ တရုတ်ပြည်မှာကလဲ မိုးကဖွားဖွားလေးကျတော့ ကားထဲဝင်လိုက်၊ ပြန်ရိုက်လိုက်နဲ့အဲ့ဒီလိုအမှတ်တရလေးတော့ရှိတယ်။ ဘန်ကောက်မှာတော့ ပူတယ်ရှင့်။

-ပြည်ပကိုထွက်ရိုက်ဖြစ်တာက မိုးယုရဲ့စိတ်ကူးလား။ ကိုစွမ်းသူမိုးရဲ့စိတ်ကူးလား။

အစကညီမတို့ဘာသာ ကိုယ့်အစီအစဉ် နဲ့ကိုယ်ဆို တခြားတစ်နိုင်ငံကို သွားရိုက်ဖို့စီစဉ်ထားတာပါ။ အခုက နိုင်ငံတွေမဟုတ်ဘူး။ တခြားနိုင်ငံပေါ့။ ဒါပေမဲ့ My Dream နဲ့ Aroma နဲ့က အစအဆုံးစပွန်ဆာပေးတဲ့အတွက် သူတို့ပဲနေရာရွေးတယ်။

-မင်္ဂလာပွဲအစီအစဉ်လေးကို တစ်ချက်လောက်ပြန်ပြောပေးပါဦး။

ပွဲအစီအစဉ်က အောက်တိုဘာ ၁၈ ကဆီဒိုးနား မှာ မင်္ဂလာလက်မှတ်ထိုးမယ်။ ၂၀ ကျရင် မဟာစည်သာသနာ့ရိပ်သာမှာ မင်္ဂလာဦးဆွမ်းကျွေးမယ်။ အောက်တိုဘာ ၂၉က Melia မှာ စုလျားရစ်ပတ်လက်ထပ် မင်္ဂလာပွဲပါ။ အောက်တိုဘာ ၃၁ က နိုဗိုတယ်ဟိုတယ်မှာ မင်္ဂလာညစာစားပွဲလုပ်မှာပါ။

-၀တ်စုံနဲ့မိတ်ကပ်ကရော ဘယ်သူများဖြစ်မလဲ။

ဝတ်စုံအကုန်လုံးကို မကြီးစန်းကပဲ စီစဉ်ပေးမှာပါ။ မိတ်ကပ်လဲသူပါပဲ။ အားလုံးကို သူပဲစီစဉ်ပေးမှာပါ။

-အောက်တိုဘာမှာကျင်းပမဲ့ မင်္ဂလာပွဲအတွက်ရော စိတ်လှုပ်ရှားမှုအနေနဲ့ဘယ်လိုဖြစ်နေလဲ။

လက်ရှိမှာကတော့ ညီမတို့နှစ်ယောက်ကပဲ အစအဆုံးကို စီစဉ်ဖြစ်နေတယ်။ အလုပ်တွေလဲရှုပ်တယ်။ ခေါင်းတွေလဲရှုပ်တယ်။ စိတ်တွေလဲရှုပ်တယ်။ အဲ့ဒီကြားထဲကမှ ဘယ်လိုများဖြစ်မလဲဆိုတဲ့ စိတ်ပူမှု၊ စိတ်လှုပ်ရှားမှုလဲရှိနေပါတယ်။

-ဟန်းနီးမွန်းကရော ဘယ်လိုစဉ်းစားထားလဲ။

ညီမတို့ရည်းစားစဖြစ်ကတည်းက ဟန်းနီးမွန်းကို အကြာကြီးသွားချင်တယ်လို့ပြောခဲ့ဖူးတယ်။ ကိုယ်မရောက်ဖူးတဲ့နိုင်ငံတွေ Europe ဘက်တို့ဘာတို့ပေါ့။ ဒါပေမဲ့ သူကျတော့ အလုပ်ကလဲ ရှိသေးတယ်။ ဆိုတော့ သေချာမစဉ်းစားရသေးဘူး။ အခုလောလောဆယ်ကတော့ မင်္ဂလာပွဲတွေအတွက်ပဲခေါင်းခဲနေပါတယ်။ ဟန်းနီးမွန်းတောင် ခေါင်းထဲမထည့်နိုင်သေးပါဘူး။

-အခုလက်ရှိမှာ အနုပညာအလုပ်တွေရော လက်ခံထားဖြစ်လား။

လောလောဆယ်တော့ လက်မခံထားပါဘူး။ မင်္ဂလာပွဲအတွက်ပြင်ဆင်မှုတွေနဲ့ပဲ အလုပ်ရှုပ်နေလို့ပါ။

-ကိုစွမ်းသူမိုးနဲ့ချစ်သူသက်တမ်းဘယ်လောက်မှာ လက်ထပ်ဖြစ်တာပါလဲ။

မိုးယုနဲ့သူနဲ့ချစ်သူသက်တမ်းတစ်နှစ်ပေါ့။ တစ်နှစ်မှာ လက်ထပ်ဖို့စီစဉ်ခဲ့တာပါ။

-အသက်နှစ်ဆယ့်ငါးနှစ်မှာ အိမ်ထောင်ပြုတော့မဲ့အပေါ် မိုးယုရဲ့ အမြင်လေးကိုလဲသိချင်ပါတယ်။

အခုချိန်မှာတော့ ကိုယ့်ဟာကိုယ်အားလုံးကို စီစဉ်နေရတယ်။ အရင်တုန်းကတော့ ကိုယ့်ဟာကိုယ်လုပ်ခဲ့တယ်ဆိုတာရှားတယ်။ အမေပဲ အားလုံးလိုက်လုပ်ပေးတယ်။ အခုကျတော့ မင်္ဂလာဆောင်နဲ့ပတ်သက်ပြီး ကိုယ့်ဟာကိုယ်စီစဉ်ရတယ်။ အမေကလဲ ကိုယ့်ဟာကိုယ်လုပ်တတ်အောင်ဆိုပြီးလွှတ်ထားတယ်။ ညီမရဲ့ချစ်သူကလဲ စီစဉ်တတ်အောင်ဆိုပြီး ညီမကိုပဲ စီမံခိုင်းတယ်။ အဲ့ဒီအတွက်တော့ အခက်အခဲလေးတွေရှိတယ်။ ကိုယ်က အရင်ကဘာမှမလုပ်ခဲ့ရဘူးကိုး။ အဲ့ဒီအခက်အခဲလေးတွေရှိတယ်။ အိမ်ထောင်ပြုပြီးသွားတဲ့အခါကျရင်လဲ ကိုယ့်ဟာကိုယ် ဦးဆောင်စီမံခန့်ခွဲရမှာဖြစ်တဲ့အတွက် ခုကတည်းက အသားကျအောင် ကိုယ့်ဟာကိုယ်ပဲစီစဉ်ဖြစ်နေပါတယ်။

-လက်ထပ်ပြီးရင်ရော အနုပညာအလုပ်ကိုဆက်လုပ်ခွင့်ပေးလား။

သူကတော့ မတားပါဘူး။ အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုတဲ့အတိုင်း သူကိုယ်တိုင်က အလုပ်ကို တန်ဖိုးထားတဲ့လူ ၊ ဦးစားပေးတဲ့သူဆိုတော့ သူကတော့ ဘာအလုပ်ဖြစ်ဖြစ် တစ်ခုခုတော့လုပ်စေချင်တယ်။ အလုပ်မရှိရင်တောင် အိမ်မှုကိစ္စလုပ်ဆိုတော့ သူကတော့ မိုးယုစိတ်ကြိုက်ပဲ။ အနုပညာအလုပ် လုပ်ချင်လုပ်၊ မလုပ်ချင်လဲ တခြားအလုပ်လုပ်ချင်လုပ်ပေါ့။ ညီမကတော့ စီးပွားရေးအနေနဲ့ပဲလုပ်ဖို့များပါတယ်။ အနုပညာအလုပ်ကတော့ကိုယ်ဝါသနာပါသလောက်နဲ့ကိုယ့်ကိုကမ်းလှမ်းသလောက်ပဲလုပ်ဖြစ်မှာပါ။

-သူနဲ့ရောဘယ်လိုနားလည်မှုတွေယူဖြစ်လဲ။

သူနဲ့ကထွေထွေထူးထူးနားလည်မှုယူစရာမလိုဘူး။ သူကလဲ နားလည်ပေးတယ်။ သိပ်ပြီးတော့လဲ ဂဂျီဂဂျောင်ကျတဲ့အထဲမှာမပါဘူး။

-မိုးယုရဲ့အိမ်ထောင်ရေးကိုရော ဘယ်လိုမျိုးအလှပဆုံးနဲ့အဆင်ပြေဆုံးဖြစ်အောင်လျှောက်လှမ်းသွားမလဲ။

ညီမရောသူရောက ပျော်ပျော်ရွှင်ရွှင်နဲ့သစ္စာရှိရှိဖြတ်သန်းချင်တယ်။ ဘ၀မှာအေးအေးချမ်းချမ်းလေးနဲ့စိတ်ချမ်းသာစွာဖြတ်သန်းဖို့ပဲရည်ရွယ်ပါတယ်။

-မိုးယုရဲ့မွေးနေ့အပြီးမှာ လူမှုကွန်ယက်အပေါ်တက်လာတဲ့ ဝေဖန်မှုတွေအပေါ် မိုးယုရဲ့စိတ်ခံစားချက်ကဘယ်လိုမျိုးလေးဖြစ်မိလဲ။

အမှန်အတိုင်းပြောရရင်တော့ လူတစ်ယောက်ကိုယ့်မကောင်းကြောင်းပြောတာကိုသိတဲ့အခါစိတ်ထဲမှာ Feel တစ်ခုတော့ဖြစ်သွားမှာပဲလေ။ ဒါပေမဲ့ညီမ၀န်ခံပါတယ်။ Feel တစ်ခုတော့ဖြစ်သွားတယ်။ ဒါပေမဲ့လဲ ပြန်စဉ်းစားကြည့်လိုက်တဲ့အခါကျတော့ အလကားပဲလေ။ ဒါတွေကို ဂရုစိုက်နေစရာမလိုဘူး။ အချိန်ကုန်တယ်။ စိတ်ပင်ပန်းတယ်။ အဲ့ဒီအတွက်အဲ့ဒါတွေလဲ သိပ်ခေါင်းထဲမထားတော့ဘူး။ ကိုယ့်ဘာသာကိုယ် အကောင်းဆုံးနဲ့ကိုယ်ဘယ်လိုရပ်တည်နေလဲ။ကိုယ့်စိတ်က ဘယ်လိုလဲဆိုတာကို ကိုယ့်ဟာကိုယ်အသိဆုံးဖြစ်တဲ့အတွက်စိတ်ရှင်းသွားပါတယ်။

-မိုးယုရဲ့ဝတ်စုံနဲ့ပတ်သက်ပြီးတော့လဲ ဝေဖန်မှုထွက်လာတဲ့အပေါ် မိုးယုအနေနဲ့ဘယ်လိုပြန်ပြောချင်ပါသလဲ။

သြော် ဒါကတော့ အဆန်းတကြယ်၊ အဆန်းကြီးတော့လဲ မဟုတ်ပါဘူး။ ဒါကတော့ရိုးနေပါပြီ။ အနုပညာရှင်နဲ့ပြည်သူနဲ့ကရိုးနေတဲ့ဒီဇိုင်းတစ်ခုပါပဲ။ အဲ့ဒီအပေါ်မှာဘာမှလဲမပြောချင်ပါဘူး။ စိတ်ထဲမှာလဲမရှိပါဘူး။

-မိုးယုရဲ့မင်္ဂလာပွဲကိုမျှော်လင့်နေတဲ့ ပရိသတ်တွေကိုရော ဘာများပြောချင်သေးလဲ။

အခုလောလောဆယ်တော့ ညီမ မင်္ဂလာဆောင်အတွက်ပဲ ခေါင်းထဲရှိပါတယ်။ အဓိကက တစ်သက်မှာတစ်ခါဖြစ်တဲ့အတွက် တစ်ခြားဟာတွေကိုခေါင်းထဲသိပ်မထည့်ဖြစ်ဘူး။ မင်္ဂလာပွဲကိုပဲ ခေါင်းထဲထည့်ထားပါတယ်။ တစ်သက်မှာတစ်ခါဆိုတော့ ညီမစိတ်တိုင်းကျ ညီမဖြစ်ချင်တဲ့အတိုင်းညီမကတော့ လုပ်သွားမှာပါ။ ဘယ်သူတွေဘာပြောပြောညီမဂရုမစိုက်ဘူးလို့ပြောချင်တယ်။ အားပေးနေတဲ့ပရိသတ်တွေကိုလဲ ကျေးဇူးတင်ပါတယ်။ အနုပညာနဲ့ပတ်သက်ပြီး ရလာတဲ့အခွင့်အရေးပေါ်မှာပေးဆပ်သွားပါမယ်။

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.