ခန္ဓာကိုယ်ထဲမှာ နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက်ကြာ အသက်ရှင်နေခဲ့သူ

stan-larkin-il-ragazzo-con-il-cuore-nello-zaino.jpg
အသက် ၂၅ နှစ်အရွယ် Stan Larkin ဆိုသူက ယခုအချိန်မှာ နှလုံးအစားထိုး ကုသမှုခံယူပြီးဖြစ်ပေမဲ့ ဒီအချိန်မတိုင်ခင်က ခန္ဓာကိုယ်ထဲမှာ နှလုံးမရှိဘဲ တစ်နှစ်ကျော်နီးပါး အသက်ရှင်နေထိုင်ခဲ့တဲ့သူ ဖြစ်ပါတယ်။ Stan Larkin က ခန္ဓာကိုယ်တစ်ခုလုံးကို သွေးတွေ ညှစ်ထုတ်ပေးနိုင်တဲ့ နှလုံးအတုကို ရက်ပေါင်း ၅၅၅ ရက်ကြာ ကျောပိုးအိတ်ထဲမှာ ထည့်ထားပြီး နေနိုင်ခဲ့ပါတယ်။ ဒီအောင်မြင်မှုက နှလုံးအစားထိုးဖို့ အလှူရှင် စောင့်ဆိုင်းနေရတဲ့ နှလုံးဝေဒနာရှင်တွေအတွက် သတင်းကောင်းတစ်ခု ဖြစ်ပါတယ်။
 
Stan က ၂၀၁၄ ခုနှစ်က Syncardia လို့ခေါ်တဲ့ နှလုံးအတုကိရိယာ ပထမဆုံး တပ်ဆင်သူ ဖြစ်ပါတယ်။ သူနဲ့ သူညီဖြစ်တဲ့ Dominique တို့ နှစ်ယောက်စလုံးက မွေးရာပါနှလုံးရောဂါရှိခဲ့ကြပြီး နှလုံးအစားထိုးဖို့ စောင့်ဆိုင်းနေကြတဲ့သူတွေ ဖြစ်ပါတယ်။ နှလုံးအလှူရှင် စောင့်ဆိုင်းစာရင်းမှာ ပါဝင်ပြီး မကြာခင် ညီဖြစ်သူက နှလုံးအစားထိုးခွင့်ရခဲ့ပေမယ့် Stan ကဆက်ပြီး စောင့်ဆိုင်းနေခဲ့ရပါတယ်။
 
တခြား နှလုံးတုစက်တွေက နှလုံးအစိတ်အပိုင်းတစ်ခု ပျက်စီးရုံလောက်သာ အသုံးပြုနိုင်ပေမဲ့ နောက်ဆုံးတီထွင်လိုက်တဲ့ Syncardia ကတော့ နှလုံးတစ်ခုလုံး ပျက်စီးနေသူတွေအတွက် နှလုံးတစ်ခုလုံး တာဝန်အတိုင်း လုပ်ဆောင်ပေးနိုင်တဲ့ကိရိယာ ဖြစ်ပါတယ်။ သယ်သွားလို့ရတဲ့ Syncardia ကိရိယာက ၆ ကီလိုဂရမ် (၁၃.၅ ပေါင်)လေးတဲ့ ကျောပိုးအိတ်ပုံစံရှိပြီး လူနာရဲ့ သွေးကြောစနစ်နဲ့ ဆက်သွယ်ထားကာ ခန္ဓာကိုယ်တစ်ခုလုံးကို အောက်ဆီဂျင်ပါတဲ့ သွေးတွေထုတ်ပေးနေတာ ဖြစ်ပါတယ်။
 
Stan အနေနဲ့ ကျောပိုးအိတ်ကို ၂၄/၇ လွယ်ထားခဲ့ရတာ ဖြစ်ပြီး သမီးတွေကို ချီပိုးလို့မရခဲ့ပါဘူး။ ဒါပေမဲ့ Stan ကဘတ်စကတ်ဘော ကစားနည်းကို ဆက်ပြီး ကစားနိုင်ခဲ့တဲ့အတွက် သူ့ ဆရာဝန်တွေက အံ့အားသင့်နေခဲ့ပါတယ်။
Stan က ၂၀၁၆ခုနှစ် မေ ၉ ရက်နေ့မှာ နှလုံးအလှူရှင် ရရှိခဲ့ပြီး နှလုံးခွဲစိတ်ကုသမှုခံယူနိုင်ခဲ့ပြီး အခုအချိန်မှာလုံးဝ ပြန်လည်ကောင်းမွန်နေပြီဖြစ်ပါတယ်။ သူကသူ့အဖြစ်အပျက်ကို လူအများသိအောင် ဝေမျှရင်း နှလုံးအလှူရှင်ကို စောင့်ဆိုင်းနေရတဲ့ အမေရိကန်လူမျိုး နှလုံးဝေဒနာရှင်ပေါင်း ၅.၇ သန်းကျော်ရှိနေတာကို အများဂရုပြုမိအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။
 
Ref:caravanalive
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.