အလုပ်ခွင်မှာ အမြဲတမ်းခေါင်းညိတ်လက်ခံပြီး တောင်းဆိုသမျှလုပ်ပေးနေခြင်းဟာ သင့်အတွက် ကောင်းကျိုးမရှိပါ

howtosaynoatwork.jpg

သင်ဟာ အလုပ်မှာ အထက်အရာရှိ၊ ဘော့စ်က တစ်ခုခုလုပ်ပေးဖို့ တောင်းဆိုတဲ့အခါတိုင်း ဘယ်တော့မှ မငြင်းဆန်ပဲ အမြဲခေါင်းညိတ်လက်ခံလုပ်ပေးခဲ့သူ တစ်ယောက်ဆိုပါစို့။ ဒါဟာ သင်ဟာ ဟိုးအရင်အချိန်တွေကတည်းက ဘယ်တော့မှ သူတစ်ပါးကို မငြင်းဆိုတတ်တဲ့သူတစ်ဦး ဖြစ်တာကြောင့် ဖြစ်ကောင်းဖြစ်နိုင်သလို လူတွေ ငြိုငြင်မှာကို မခံနိုင်တဲ့အတွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ငါငြင်းလိုက်ရင် ငါ့ကို အလုပ်ဖြုတ်တော့မလားဆိုတဲ့ စိုးရိမ်စိတ်ကြောင့်လည်း ခုလို နိုး လို့ ပြောဖို့ တွန့်ဆုတ်နေတာ ဖြစ်နိုင်တာပေါ့။ 

တကယ်တော့ ကိုယ့်အထက်အရာရှိ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေ တစ်ခုခုတောင်းဆိုတိုင်း  မငြင်းပဲ အမြဲတမ်းခေါင်းညိတ်နေခြင်းက သင့်ကို ရာထူးတက်စေမှာ မဟုတ်ပါဘူး။ သင့်အလုပ်ခွင်မှာ စိတ်ပျက်စရာတွေ အများကြီး ဖြစ်လာမှာပါ။ တကယ်တော့ တစ်ခုခုကို အားလုံး ခေါင်းညိတ်နေတဲ့သူဟာ စိတ်ချယုံကြည်လို့မရတဲ့သူလို့ Eckfeldt & Associates ရဲ့ တည်ထောင်သူ Bruce Eckfeldt က ပြောထားပါတယ်။ 

ဒီတော့ ကိုယ်လုပ်နိုင်တဲ့အရာကို အကောင်းဆုံး လုပ်ပြပြီး မနိုင်မနင်းလုပ်ရမယ့် အလုပ်တွေကိုတော့ ငြင်းကိုငြင်းသင့်ပါတယ်။ မဟုတ်ရင် ဟိုအလုပ်လည်း ကောင်းကောင်းမပြီး၊ ဒီအလုပ်လည်း ကောင်းကောင်း အဆုံးမသတ်နိုင် ဖြစ်သွားတတ်ပါတယ်။ ဒါပေမယ့် တစ်ဖက်လူက တောင်းဆိုလာတဲ့အခါ ကိုယ့်ဘက်က ဘယ်လိုငြင်းဆိုရမလဲဆိုတာလေးတွေတော့ သိအောင် ကြိုးစားရမှာပါ။ 

ကိုယ့်အလုပ်ခွင်၊ ကုမ္ပဏီကသတ်မှတ်ထားတဲ့ စံနှုန်းမျိုးတွေနဲ့ တစ်ဖက်လူကို ငြင်းဆိုပါ။

သင့်ကို တစ်ဖက်လူက ဘာလုပ်ပေးပါလား ဆိုပြီး ပြောလာတဲ့အခါ သင်နဲ့လုံးဝမပတ်သက်တဲ့ အရာမျိုး တောင်းဆိုတာဆိုရင်တော့ သင့်အနေနဲ့ နိုး ဆိုပြီး ငြင်းရပါလိမ့်မယ်။ ငြင်းတဲ့အခါ ဥပမာ "ကျွန်တော်တို့အားလုံးအလိုရှိတာ၊ ကျွန်တော့်အတွက် ပြီးမြောက်အောင် လုပ်ဆောင်ရမှာက X ဖြစ်နေတာကြောင့် ခင်ဗျား ခုလိုတောင်းဆိုလာတဲ့ Y ကိစ္စကို ငြင်းရလိမ့်မယ်။ မဟုတ်ရင် ကျွန်တော့်လုပ်ဆောင်ရမယ့်တာဝန်တွေကို လစ်ဟင်းသွားမှာကို ကျွန်တော်စိုးရိမ်ပါတယ်" ဆိုတာမျိုး သေချာပြောပြလိုက်ပါ။ 

ယဉ်ကျေးစွာ ပြောဆိုပြီး ငြင်းပါ။

တစ်ဖက်လူကို မလုပ်နိုင်ဘူးဆိုတဲ့အကြောင်း ပြောတဲ့အခါ မျက်နှာထိ မျက်နှာထားနဲ့ ဒါမျိုးမလုပ်နိုင်ပါဘူးဆိုပြီး အသံမာမာ မပြောမိအောင် သတိထားပါ။ သင်ဟာ တစ်ဖက်လူတောင်းဆိုလာတဲ့ အရာကို စိတ်ထဲမထားဘူး၊ အလေးမထားဘူးဆိုတဲ့ပုံ လုံးဝမပေါက်ပါစေနဲ့။ ကုမ္ပဏီ၊ အလုပ်တစ်ခုတည်း အတူလုပ်တဲ့အတွက် တစ်ဖက်ကကိစ္စတွေကိုလည်း လျစ်လျူမရှုချင်ပါဘူးဆိုတဲ့ သဘောမျိုးရောက်အောင် ယဉ်ကျေးစွာ ပြောဆိုပြီး ငြင်းလိုက်ပါ။ သင့်အနေနဲ့ တခြားအကြံဥာဏ်တွေ ရှိနေရင်လည်း တစ်ဖက်လူကို ပေးလိုက်ပါ။ သင့်ကိုတောင်းဆိုလာတဲ့ တစ်ဖက်လူကို သင်ဟာ သင့်အလုပ်ပြီးမြောက်ရေးအတွက် အလေးပေးနေသူမို့ သူတို့ကို ကူညီချင်ရက်နဲ့ငြင်းလိုက်ရတဲ့ သဘောမျိုး သိမြင်သွားပါစေ။ 

အမြင်ခြင်း ဖလှယ်တာ၊ ဆွေးနွေးတာမျိုး လုပ်နိုင်ပါတယ်။

ကိုယ့်ကို ကူညီပေးဖို့ တောင်းဆိုလာတဲ့သူအတွက် ကိုယ့်ဘက်က မလုပ်ပေးနိုင်ကြောင်း ပြောတဲ့အခါ သူ့ကို သင့်အမြင်တွေ ပြောပြလိုက်တာမျိုး၊ ကိုယ့်ဘက်က မကူညီနိုင်ပေမယ့် ဒိလို အိုင်ဒီယာတွေတော့ ပေးနိုင်တယ်ဆိုတာမျိုး ပြောပြဆွေးနွေးပေးပါ။ ဒါဆို သင့်ဘက်က  နိုးလို့ ငြင်းထားတာတောင် ဘယ်သူမှသင့်ကို အပြစ်မမြင်တော့ပါဘူး။ အမြင်မကြည်မဖြစ်တော့ပါဘူး။ 

Ref:shefinds

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.