အောင်စာရင်းထွက်အပြီးမှာပြုလုပ်ခဲ့တဲ့ ဂုဏ်ပြုညစာစားပွဲအပေါ် အထင်လွဲနေတဲ့ ပရိသတ်များအား ရှင်းပြလိုက်တဲ့ ယွန်းယွန်း

13819426_1775876942671216_1495115539_n.png

ငယ်ဘ၀ကတည်းကစပြီး အနုပညာလောကထဲမှာ ကလေးသရုပ်ဆောင်အနေနဲ့ရပ်တည်ခဲ့တဲ့သူကတော့ ယွန်းယွန်းပဲဖြစ်ပါတယ်။ လက်ပံရုပ်ရှင်ဇာတ်ကားကြီးနဲ့ကလေးသရုပ်ဆောင်ထူးချွန်ဆုကို ငယ်ရွယ်စဉ်မှာ ရရှိပိုင်ဆိုင်ခဲ့သလို ဆယ်တန်းဖြေနေတဲ့ အတွင်းမှာလဲ အနုပညာအလုပ်ကို အနည်းကျဉ်းသာ လုပ်ကိုင်ခဲ့ပြီး လက်ရှိမှာတော့ ကြိုးစားမှုရဲ့ရလဒ်ဖြစ်တဲ့ ဂုဏ်ထူးနှစ်ဘာသာကို ထိုက်တန်စွာ ပိုင်ဆိုင်ခဲ့သူဆိုရင်လဲ မမှားဘူးလို့ဆိုရမှာပါ။ သူမဟာ လက်ရှိမှာစီးပွားရေးနဲ့ပတ်သက်တဲ့ ဒီပလိုမာတစ်ခုယူဖို့ UK ကဖွင့်တဲ့ ကောလိပ်တစ်ခုကို တက်ရောက်နေပြီး စီးပွားရေးနဲ့ပတ်သက်တာတွေကို စိတ်ဝင်စားလာတဲ့အတွက်စီးပွားရေးနဲ့ပတ်သက်တဲ့ တက္ကသိုလ်တစ်ခုကိုတက်ရောက်ဖို့များတယ်လို့ပြောပြလာတဲ့ သူမရဲ့ ရင်ဖွင့်စကားသံများကတော့

-အခုလက်ရှိမှာ အောင်စာရင်းလဲထွက်သွားပြီဆိုတော့ ဘာတွေလုပ်ဖြစ်နေလဲ။

အနုပညာနဲ့ပတ်သက်ပြီး အခုလောလောဆယ် အများကြီးတော့ ပြန်မလုပ်ဖြစ်သေးဘူး။ အခုသမီး အမ်တီဗီလေးတွေ ရိုက်ဖြစ်တယ်။ နောက်ကြော်ငြာလေးတွေ ဓာတ်ပုံလေးတွေရိုက်ဖြစ်နေပါတယ်။

-ဆယ်တန်းအောင်စာရင်းကိုလဲ ဂုဏ်ထူးနှစ်ခုနဲ့အောင်မြင်ခဲ့တယ်ဆိုတော့ ဒီအပေါ်မှာ စိတ်ကျေနပ်မှု အတိုင်းအတာလေးကိုလဲသိပါရစေ။

ရလာတဲ့ Result သည်သမီးမှန်းထားသလောက်တော့ မဟုတ်ဘူး။ ဒါပေမဲ့ သမီးအတွက်အကောင်းဆုံးနဲ့အထိုက်တန်ဆုံးလို့ပဲ သဘောထားပါတယ်။

-ဆယ်တန်းတက်နေရင်း အနုပညာအလုပ်အချို့ကိုလဲ လုပ်ဖြစ်သေးတယ်ဆိုတော့ ဂုဏ်ထူး၂ခုရတဲ့အပေါ် တော်တယ်လို့ချီးမွမ်းကြတဲ့ လူတွေလဲရှိတဲ့အတွက် သူတို့ကိုရော ဘယ်လိုလေးပြန်ပြောပြချင်လဲ။

ဆယ်တန်းတုန်းက ရိုက်ကူးရေးတော်တော်များများကို နားလိုက်တယ်။ မရိုက်သလောက်ပါပဲ။ ဒါပေမဲ့ နိုင်ငံခြားခရီးစဉ်တွေတော့ သွားခဲ့တယ်။ အဲ့ဒါကလဲ အနုပညာအရပဲ သွားခဲ့တာပေါ့။ လက်ပံဆိုတဲ့ကားလေးရုံတင်တဲ့အချိန်မို့လို့သမီး အမေရိကားကို နှစ်ပတ်သွားဖြစ်ခဲ့တယ်။ အဲ့ဒါလောက်ပဲ လုပ်ဖြစ်ခဲ့တယ်။ ကျန်တဲ့အချိန်မှာတော့ စာအတွက် အချိန်ပေးခဲ့တယ်။ ရလာတဲ့ Result ကိုလဲကျေနပ်တယ်။ ပရိသတ်တွေကတော့ မီးကိုချီးကျူးတဲ့လူတွေလဲ ရှိသလို ထင်ထားသလောက်မရတဲ့အတွက် အားမရတဲ့သူတွေလဲရှိတယ်။ ဒါပေမဲ့ အားလုံးကို မီးကနားလည်ပါတယ်လို့။ အကုန်လုံးကစေတနာနဲ့ကောင်းစေချင်လို့ပြောတာလို့ပဲသဘောထားပါတယ်လို့။

-အနုပညာလုပ်နေရင်း ဆယ်တန်းတက်တဲ့သူတော်တော်များများက အနုပညာဖက်ကိုအားစိုက်တဲ့အတွက်ကျရှုံးကြတဲ့သူများတယ်ပေါ့။ တချို့ဆိုပညာရေးကိုရပ်ပြီး အနုပညာဖက်ကိုပဲ တစ်စိုက်မတ်မတ်လုပ်သွားကြတာမျိုးရှိတယ်ပေါ့။ ညီမလေးကျတော့ ဆယ်တန်းကို အောင်မြင်အောင်ဘယ်လိုရည်ရွယ်ချက်တွေကြောင့်ကြိုးစားဖြစ်ခဲ့တာလဲ။

အဲ့ဒါကလေ ကိုယ့်စိတ်နဲ့ပဲဆိုင်ပါတယ်။ ပတ်ဝန်းကျင်ကပဲဖြစ်ဖြစ်၊ မိဘတွေကပဲဖြစ်ဖြစ် ဘယ်လိုပဲတိုက်တွန်းတိုက်တွန်း ကိုယ်ကိုတိုင်က လုပ်ချင်စိတ်ရှိမှ ရမှာပေါ့။ အခုသမီးကကျတော့ မိဘတွေကလဲ ပညာရေးကိုလုပ်ဖြစ်အောင်တိုက်တွန်းတယ်။ သမီးကိုယ်တိုင်ကလဲ ပညာရေးနဲ့အသက်မွေးဝမ်းကြောင်းပြုဖို့အားသန်တယ်။ အဲ့ဒါကြောင့်လဲ ပညာရေးကိုဆုံးခန်းတိုင်အောင်ကြိုးစားခဲ့တာပါ။ နောက်ပြီးတော့လဲ တက္ကသိုလ်လဲတက်ဖြစ်မှာပါ။

-ဂုဏ်ထူးရတဲ့ ဘာသာနှစ်ခုကိုလဲပြောပြပေးပါဦး။

မြန်မာစာနဲ့ဘိုင်အိုပါ။

-မြန်မာစာ က ဂုဏ်ထူးရဖို့ခက်ခဲတဲ့ ဘာသာရပ်တစ်ခုဆိုတော့ ကိုယ်ကိုတိုင်ဂုဏ်ထူးထွက်ခဲ့တဲ့ အပေါ်မှာ ဘယ်လိုမြင်မိလဲ။

မြန်မာစာက အများဆုံးလို့ပြောရမယ်ထင်တယ်။ ပြဌာန်းစာအုပ်ကလဲ လေးအုပ်တောင်ဆိုတော့ ကြည့်ရတဲ့ ကဏ္ဍတွေလဲများတယ်။ ဒါပေမဲ့ မြန်မာစာကို စိတ်ဝင်စားမှုရှိတယ်။ ၀ါသနာလဲပါတယ်။ အဲ့ဒါကြောင့်မို့လို့အတတ်နိုင်ဆုံးအချိန်ပေးပြီးလေ့လာဖြစ်တယ်။ စကားပြေတို့၊ ရေသည်တို့ကို ကိုယ့်အတွေးနဲ့ကိုယ်ရေးရတဲ့ဟာတွေမှာလဲ အတတ်နိုင်ဆုံး အကောင်းဆုံး သေချာလေးခြုံငုံပြီးကြည့်ဖြစ်တယ်။ ကိုယ့်အတွေးအခေါ်နဲ့ကိုယ်ဖြေတတ်အောင်လေ့ကျင့်ပြီးဖြေခဲ့တာပါ။

-အမှတ်ပေါင်းကရော ဘယ်လောက်ရလဲ။

အမှတ်ပေါင်းတော့ သမီးမပြောဘူးရှင့်။ ဘာလို့လဲဆိုတော့ အောင်စာရင်း စထွက်ကာစတုန်းကလဲ ဝေဖန်တာတွေများခဲ့တဲ့အတွက်မပြောပါဘူး။

-တချို့သောသူတွေရဲ့ဝေဖန်မှုတွေ၊ ဖေစ့်ဘုတ်ပေါ်မှာ Share တဲ့ post တွေအပေါ် ညီမလေးရဲ့စိတ်ခံစားချက်ကဘယ်လိုရှိလဲ။

အဲ့ဒါကတော့ အားလုံးရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ပါ။ ဝေဖန်လို့ရတယ်။ ကိုယ်ကြိုက်တဲ့ post ကို ကြိုက်တဲ့အမြင်၊ သဘောထားနဲ့ Share ခွင့်ရှိတယ်။ သမီးတို့ဆိုရင်လဲ အရင်ဖေ့စ်ဘုတ်သုံးတုန်းက အကြောင်းအရာတစ်ခုအပေါ်မှာ ကိုယ်ပိုင်အမြင်နဲ့Share တာမျိုးလဲရှိတယ်။ အဲဒါကြောင့်ဘယ်သူကိုမှ ဘာမှမပြောချင်ပါဘူး။ ဒါပေမဲ့ တချို့ကအထင်လွဲနေတာလေးတွေတော့ရှိပါတယ်။ သမီးက ပျော်လို့ထပြီးလုပ်တယ်ဆိုတဲ့သူတွေကိုတော့ ရှင်းပြချင်ပါတယ်။ သမီး 2D ရတဲ့အပေါ်မှာလုံးဝ proud မဖြစ်ပါဘူး။ သမီးထင်ထားသလောက်မရတဲ့အတွက် စိတ်မကောင်းဖြစ်နေတာပါ။ အဲ့ဒီအချိန်တုန်းကပေါ့။ ဒါပေမဲ့ သမီးအရင်တုန်းက ကြော်ငြာရိုက်ပေးခဲ့တဲ့ ရွှေလက်ရာစာပေက လုပ်ပါလားဆိုပြီး ကမ်းလှမ်းလာတဲ့အတွက် သြော်ဘ၀မှာနှစ်ခါပြန်လုပ်လို့မရဘူးဆိုပြီး အမှတ်တရအနေနဲ့လုပ်ဖြစ်ခဲ့တာပါ။ ငြင်းလိုက်ရင်လဲ ရိုင်းရာကျမှာစိုးလို့ပါ။ အဲ့ဒါကြောင့်မို့လက်ခံတယ်။ ပြီးတော့ ကိုယ့်အနုပညာရှင်အသိုင်းအ၀ိုင်းက လူတွေနဲ့မီးကိုချစ်တဲ့လူတွေစုပြီး အချိန်တိုအတွင်းမှာပဲ ပွဲလေးတစ်ပွဲ လုပ်ဖို့စီစဉ်ခဲ့တယ်။ ကိုယ်ပိုင်ဆန္ဒနဲ့လုပ်ခဲ့တာလဲ မဟုတ်သလို ကိုယ့် Result အပေါ်မှာ အရမ်း proud ဖြစ်လို့လုပ်ခဲ့တာမျိုး မဟုတ်ပါဘူး။ အဲ့ဒါကိုအထင်လွဲနေတဲ့သူတွေကိုတော့ အဲ့ဒီလိုလေးရှင်းပြချင်ပါတယ်။ ကိုယ့်အမြင်နဲ့ကိုယ့်သဘောထားကို ဖေ့စ်ဘုတ်ပေါ်မှာ Share တဲ့သူတွေကိုတော့ သမီးဘာမှမပြောပါဘူး။

-အောင်တဲ့ကျောင်းကရော ။

အ.ထ.က ၃ ဗိုလ်တစ်ထောင်ပါ။

-အခုလောလောဆယ် ဘယ်တက္ကသိုလ်လျှောက်ဖို့စိတ်ပြင်းပြနေလဲ။

အမှတ်စာရင်းက ဟိုတလောကမှ သွားထုတ်ထားတာဆိုတော့ ဘယ်တက္ကသိုလ်တက်မယ်ဆိုပြီး မလျှောက်ရသေးပါဘူး။ စီးပွားရေးနဲ့ပတ်သက်တဲ့ တက္ကသိုလ်တစ်ခုခုပဲ တက်ဖြစ်မယ်ထင်ပါတယ်။ ဒါပေမဲ့ဆုံးဖြတ်ချက်တော့ မချရသေးပါဘူး။ အခုလောလောဆယ် သမီးပြည်ပကလာဖွင့်တဲ့ တက္ကသိုလ်တစ်ခုတက်နေပါတယ်။ UK ကမြန်မာနိုင်ငံမှာ လာဖွင့်တဲ့ ကောလိပ်တစ်ခုကို တက်နေတာပါ။ အဲ့ဒါက Businesses Management နဲ့ဆိုင်တဲ့သင်တန်းပါ။

-ဆယ်တန်းတက်နေစဉ်အတွင်းက အောင်စာရင်းထွက်ပြီးရင် အနုပညာပိုင်းကို ထဲထဲဝင်ဝင်ပြန်လုပ်သွားမယ်လို့လဲသိရတယ်။ အခုရောအဲ့ဒီအတိုင်းပဲလား။ သင်တန်းလဲတက်နေသေးတယ်ဆိုတော့လေ။

ခုနကပြောသလိုပဲ။ အခုနည်းနည်းပဲပြန်ပြီးစလုပ်ရသေးတယ်။ ကျောင်းစာကလဲ အခုပြန်ကြည့်နေရပြီဆိုတော့ နှစ်ခုစလုံးတော့ အဆင်ပြေအောင်လုပ်နေပါတယ်။ ကျောင်းကလဲ ခွင့်ပေးတယ်။ ရိုက်လို့ရတဲ့အနေအထားမှာရှိတယ်။ ကျောင်းပျက်ရင်လဲ ပြန်ရှင်းပြမဲ့ Guide တွေရှိတယ်။ အဲ့ဒါကြောင့်မို့အနုပညာကိုလုပ်ခွင့်တာ့ရနေသေးတယ်။ ဒါပေမဲ့ အခုမှပြန်လုပ်ခါစဆိုတော့ အရှိန်ကတော့ အရမ်းမရသေးပါဘူး။

-ကိုဝိုင်းကလဲ ဆယ်တန်းပြီးရင်ညီမလေးနဲ့ဇာတ်ကားတွေရိုက်မယ်လို့လဲကြားတယ်။ သူတို့နဲ့ရော ဘယ်လိုအစီအစဉ်တွေရှိလဲ။

သမီးတို့ဒီ့ထက်ပိုကောင်းတဲ့ အချိန်တစ်ခုကိုစောင့်နေပါတယ်။ သူလဲသမီးအတွက်ကောင်းတဲ့ ဇာတ်လမ်းလေးရွေးနေတယ်လို့ပြောပါတယ်။ ဒီနှစ်ထဲမှာတော့ မရိုက်ဖြစ်လောက်သေးဘူး။

-ငယ်ဘ၀ရည်မှန်းချက်နဲ့ အခုအောင်စာရင်းကိုသိရတဲ့အချိန်ရည်မှန်းချက်နှစ်ခုကပြောင်းလဲသွားတာမျိုးရှိမလား။

ငယ်ငယ်တုန်းကတော့ တခြားဟာဝါသနာပါတယ်။ ဒါပေမဲ့ အသက်နည်းနည်းကြီးလာတော့ ၉တန်းဖြေပြီးတဲ့အချိန်မှာ စီးပွားရေးနဲ့ပတ်သက်တဲ့ သင်တန်းတွေအရမ်းများလာတယ်။ အဲ့ဒီမှာစိတ်ဝင်စားသွားတယ်။ နောက်ဆယ်တန်းအောင်စာရင်းထွက်တော့ MHR information တွေရတော့ UK ကပေးမဲ့ဒီပလိုမာကိုရနိုင်တဲ့အခွင့်အရေးဆိုတော့ သဘောကျလို့တက်ဖြစ်တာပါ။

-ညီမလေးရဲ့ဇာတ်ကားတွေကို မျှော်လင့်နေပြီး အခုချိန်ထိအားပေးလာတဲ့ ပရိသတ်တွေကိုရော ဘာများပြောချင်သေးလဲ။

သမီးကိုအခုလူကြီးသရုပ်ဆောင်အနေနဲ့ရိုက်ဖို့အတွက်ကမ်းလှမ်းတာတွေရှိပေမဲ့ သမီးဖက်က မလုပ်ဖြစ်သေးဘူးဆိုတာကလဲ ကိုယ့်ဟာကိုယ် အချိန်မတန်သေးဘူးထင်လို့ပါ။ သမီးမှာလိုအပ်တဲ့ပညာတွေလဲဖြည့်ဆည်းရဦးမယ်။ ပြီးတော့ body Building လဲလုပ်ရဦးမယ်။ အဖက်ဖက်က မပြည့်စုံသေးတဲ့အတွက် မရိုက်သေးတာပါ။ ဒါပေမဲ့ ရိုက်စေချင်တဲ့ ပရိသတ်တွေအတွက်တစ်ချိန်ချိန်ကျရင် ကောင်းသောမက်ဆေ့ပေးနိုင်တဲ့ကားလေးတွေရိုက်ဖြစ်မှာပါ။

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.