ချစ်သူရှိပေမဲ့ ငယ်သေးတဲ့အတွက် အိမ်ထောင်ပြုဖို့အကြောင်းခေါင်းထဲမရှိသေးကြောင်း ဖွင့်ဟလာတဲ့ စံရတီမိုးမြင့်

13689381_1771551376437106_1026537440_n.jpg

မကြာသေးခင်ကမှ ရုံတင်ပြသခဲ့တဲ့ ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား ဇာတ်ကားကြီးဟာ ဦးကျော်သူ ၈ နှစ်ကြာ မှ ပြန်လည်ရိုက်ကူးတဲ့ ပထမဆုံးကားဖြစ်သလို အဲ့ဒီကားထဲမှာ ကာရိုက်တာတစ်ခုအနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ စံရတီမိုးမြင့်ရဲ့ ပထမဆုံး ရုပ်ရှင်ကားကြီးလို့ပြောရင်လဲ မမှားဘူးလို့ဆိုရမှာပါ။ အဲ့ဒီကားဟာ ဆရာကြီး မင်းသိင်္ခရဲ့ စာအုပ်ကို ပြန်လည်ရိုက်ကူးထားခြင်းဖြစ်သလို အရင်တုန်းက ဇာတ်ကားအတိုင်းကြိုးစားရိုက်ကူးထားပေမဲ့ လိုအပ်ချက်တွေရှိကောင်းရှိနေနိုင်တဲ့အတွက် နားလည်ပြီး ရုံပြည့်ရုံလျှံအောင် အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းနဲ့လက်ရှိအနုပညာလှုပ်ရှားမှုများအကြောင်းကို ပြည့်စုံစွာပြောပြလာတဲ့အခါ

-အခုရိုက်နေတဲ့ကားကြီးအကြောင်းကို အရင်ပြောပြပေးပါဦး။

အခုရိုက်နေတဲ့ကားက မိန်းမလျာဇာတ်လေးပါ။ ကားနာမည်လေးက ပွင့်လိုက်တာမှအာလို့တဲ့။ ဒါရိုက်တာက ကိုနေပိုင်၊ မင်းသားက ကိုမြင့်မြတ်ပါ။ ဒီကားထဲမှာသဲသဲက နိုင်ငံခြားကပြန်လာတယ်။ အိမ်မှာ ဒရိုင်ဘာကလဲမရှိတော့ ကိုယ့်ကိုလဲစိတ်ပူတဲ့အတွက် ယောကျာ်းလေးတွေငှားရင်လဲစိတ်မချရတဲ့အတွက် ဒရိုင်ဘာကအစ ခြံစောင့်၊ ထမင်းချက်အဆုံးအားလုံးကို မိန်းမလျာတွေကြီးပဲခန့်ထားပြီးတော့ ရယ်စရာပျော်စရာကားလေးပေါ့။ ဒီရဲ့အရှေ့မှာလဲ ကိုဇေရဲထက်နဲ့ရိုက်ခဲ့တယ်။ အပျော်ဖန်စီလေးပဲ။ ဇာတ်ကတော့ ညီမက အဒေါ်နဲ့နေတယ်။ ဆယ်တန်းကို လေးခါလောက်ဖြေပေမဲ့ မအောင်ဘူး။ ကိုဇေရဲထက်ကတော့ ညီမကို စာသင်ပေးတဲ့ဆရာကာရိုက်တာလေးပါ။

-ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားကားကလဲ ပရိသတ်အားပေးမှု အပြည့်အ၀ရရှိခဲ့တဲ့ ကားကြီးတစ်ကားဖြစ်ခဲ့တယ်နော်။

ဟုတ်ပါတယ်။ အဲ့ဒီကားလေးက ပရိသတ်တော်တော်များများအားပေးကြတယ်။ သဲအဲ့ဒီလောက်ကြီးထိတောင် မမျှော်မှန်းထားဘူး။ ဘာလို့လဲဆိုတော့ အဓိကက ဦးကျော်သူပေါ့။ သူနားနေတဲ့အချိန် ၈နှစ်နီးပါးမှာပရိသတ်တော်တော်များများက သူ့ကားတွေကို တောင့်တကြတယ်။ အဲ့ဒါကြောင့် အခုသူပြန်ရိုက်တဲ့အချိန်မှာ ပထမဆုံးကားအနေနဲ့ပရော်ဖက်ဆာကားလဲရုံတင်ရော ရုံပြည့်ရုံလျှံကို အားပေးကြတယ်ပေါ့။ လိုအပ်ချက်အနေနဲ့ကတော့ ဟိုခေတ်ကပုံစံအတိုင်းပြန်ရိုက်ရတဲ့အတွက်ဒီခေတ်ဒီအခါနဲ့ယှဉ်ရင် နည်းနည်း လိုအပ်ချက်လေးတွေရှိမယ်လို့ထင်ပါတယ်။ ဒါပေမဲ့ ပရိသတ်တွေနားလည်ပြီးကြည့်ပေးကြတဲ့အတွက်ကျေးဇူးလဲတင်ပါတယ်။

-အခုနောက်ပိုင်းမှာ ဇာတ်ကားရိုက်ကူးမှုတွေတော်တော်များများနည်းပါးနေကြတယ်။ အဲ့ဒီထဲမှာမှ ကိုယ်ကပုံမှန်လေးရိုက်ခွင့်ရနေတဲ့အပေါ်မှာ ဘယ်လိုမြင်မိလဲ။

ဒီလိုပါပဲ။ အရင်တုန်းကလောက်တော့ မရိုက်ရတော့ဘူး။ တစ်လကို အနည်းဆုံး ၄ကားလောက်ရိုက်ဖြစ်တယ်။ ဒါပေမဲ့ အခုနောက်ပိုင်း ဈေးကွက်အရရော၊ ဗီဒီယိုရိုက်ကူးမှုနည်းပါးခြင်းကြောင့်ရော ဇာတ်ကားအရေအတွက်နည်းသွားတာမျိုးတော့ရှိတယ်။

-ခန္ဓာကိုယ်အလေးချိန်လဲ အခုနောက်ပိုင်း အရင်ကလို ၀၀ကြီးမဟုတ်တော့ဘူး။ ပုံမှန် အနေအထားလေးပြန်ဖြစ်သွားတယ်နော်။

ညီမက အတက်အကျအရမ်းမြန်တယ်။ တက်လာရင်မြန်သလို ချလိုက်ရင်လဲအရမ်းမြန်တယ်။ အဲ့ဒါကြောင့် တက်လာရင် အစားအသောက်ကို ပြန်လျှော့လိုက်တယ်။ ဒီရက်ပိုင်းဆို အပျော်အပါးနည်းနည်းများတော့ ညပိုင်းတွေစားဖြစ်တယ်။ အဲ့ဒါကြောင့် ထိန်းထိန်းပြီးစားဖြစ်နေရတယ်။ ပြန်ဝလာမှာလဲကြောက်လို့လေ။ အဓိကကတော့ အစားအသောက်နဲ့ပဲထိန်းဖြစ်ပါတယ်။

-ကားရိုက်ပါးတဲ့အချိန်တွေမှာရော ဘာတွေလုပ်ဖြစ်လဲ။

နောက်ပိုင်းက ဗီဒီယိုသိပ်မရိုက်ဖြစ်ကြပေမဲ့ ကားကြီးကိုတော့ရိုက်ကြတယ်။ ညီမလဲ တချို့ကားကြီးတွေရိုက်ဖြစ်တယ်။ နောက်မဂဇင်းတွေရိုက်ပေးဖြစ်တယ်။ ကြော်ငြာတွေရိုက်ပေးဖြစ်တယ်။ အမ်တီဗီတွေရိုက်ပေးဖြစ်တယ်။ ကားရိုက်ကျဲတဲ့အခါ ဓာတ်ပုံရိုက်တို့ အမ်တီဗီရိုက်တို့တွေအတွက်အချိန်ပြန်ပေးဖြစ်တာပေါ့။

-ချစ်သူရှိကြောင်းကို လူမှုကွန်ယက်တွေပေါ်မှာ အတိအလင်းကြေညာထားတဲ့အတွက် အိမ်ထောင်ပြုဖို့ကိုရော စဉ်းစားနေတာမျိုးရှိနေပြီလား။

မစဉ်းစားထားသေးပါဘူး။ ငယ်ငယ်လေးရှိသေးတယ်။ သဲသဲခေါင်းထဲမှာ အဲ့ဒါတွေက အဲ့လောက်ထိမရှိသေးဘူး။

-စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ထူးထူးခြားခြားပြောင်းလဲလာတာမျိုးရှိမလား။ ရင့်ကျက်မှုရော အရင်ကထက်စာရင် ဘယ်လောက်ရှိလာပြီလဲ။

တစ်ရက်ပြီးတစ်ရက် ကြီးလာတာနဲ့အမျှ ရင့်ကျက်လာပါတယ်။ အလုပ်လုပ်ရတာလဲ ပိုအဆင်ပြေလာတယ်။ အရင်တုန်းကဆို သဲသဲ ကရှုတင်ကို အမေပါမှ ၊ အခုက အမေနေမကောင်းတော့ အမေထည့်ပေးတဲ့သူတွေနဲ့ပဲလာတယ်။ အရင်တုန်းက အမေ မပါရင် နောက်တစ်ဆင်းန်ဘာဝတ်ရမယ်မှန်းတောင်မသိဘူး။ အခုတော့ ကိုယ့်ဟာကိုယ်လုပ်တတ်ကိုင်တတ်နေပါပြီ။

-ပရိသတ်အတွက်ရော ဘာတွေပြောချင်တာရှိသေးလဲ။

ဒီနှစ်ထဲမှာ ရုံတင်မဲ့ ရုပ်ရှင်ကားတွေ အများကြီးရှိတယ်။ အခုမကြာသေးခင်ကမှ တင်ထားတဲ့ ဦးကျော်သူနဲ့ကားဆို သဲသဲတွက်ပထမဆုံးရုပ်ရှင်ကားဖြစ်တယ်။ အမှတ်တရလဲဖြစ်တယ်။ နောက်သဲသဲပါတဲ့ကားတွေလဲဆက်တင်သွားဖို့ရှိတယ်။ အားပေးကြပါဦးလို့ပြောချင်ပါတယ်။

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.