တောင်ကိုရီးယားနိုင်ငံရဲ့ စံချိန်တင်သေကြောင်းကြံစည်မှုနှုန်းကို လျှော့ချနည်း

cluxton-caskets.png
တောင်ကိုရီးယားနိုင်ငံမှာ နေ့စဉ် လူ ၄၃ ဦးသေကြောင်းကြံစည်နေကြပြီး ကမ္ဘာပေါ်မှာ သေကြောင်းကြံစည်မှု အများဆုံးနိုင်ငံတစ်ခု ဖြစ်လာနေပြီး ပညာရှင်များက ဖြေရှင်းရန် ကြိုးပမ်းနေကြဆဲ ဖြစ်ပါတယ်။ သေကြောင်းကြံစည်မှုကို လျှော့ချနိုင်ဖို့အတွက် လူအများစုပေါင်းပြီး သေခြင်းအတုဖန်တီးတဲ့ ထုံးတမ်းတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ အမှန်တကယ်သေဆုံးတာနဲ့ အနီးစပ်ဆုံးတူညီတဲ့ ခံစားမှုရအောင်ဖန်တီးပြီး ရှင်သန်ခြင်းရဲ့တန်ဖိုးကို နားလည်အောင် ပြုလုပ်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
 
ပါဝင်သူများအနေနဲ့  အသက်ရှူနိုင်ဖို့ အပေါက်ငယ်တစ်ပေါက်သာ ဖောက်ထားတဲ့ မှောင်မဲနေတဲ့ အခေါင်းထဲမှာ ၁၀ မိနစ်ခန့်နေကြရမှာ ဖြစ်ပါတယ်။ မိသားစုဝင်တွေအတွက် သေတမ်းစာပါရေးထားပြီး ဝတ်ရုံအဖြူတွေကို ဝတ်ဆင်ပြီး သစ်သားအခေါင်းထဲမှာ ကိုယ်တိုင်သေခြင်းကို မြင်ယောင်ခံစားကြည့်တာဖြစ်ပါတယ်။ သေခြင်းအတုကို ခံစားဖို့ပါဝင်ခဲ့သူတွေက ဘဝအပေါ်မြင်တဲ့အမြင်တွေပြောင်းသွားပြီး အရာရာကို လက်ခံနိုင်လာတယ်လို့ ဆိုပါတယ်။ ဒီသေခြင်းနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ခံစားခဲ့ရသူတွေအနက် ၉၀%လောက်က ဘယ်အရာကိုမှ ဆုတ်ကိုင်မထားလိုတော့ဘဲ ဘဝပေါ်မှာမြင်တဲ့အမြင်က ဆန့်ကျင်ဘက်ကို ပြောင်းလဲသွားကြပေမဲ့ ၁၀%ကတော့ အရင်ထက်ပိုပြီး လိုချင်တပ်မက်စိတ်တွေ များလာတယ်လို့ ဆိုပါတယ်။
 
သြစတြေးလျအမျိုးသား တက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိမှုအရ သေကြောင်းကြံစည်မှု မြင့်မားရခြင်းရဲ့ အကြောင်းရင်းက အောင်မြင်မှုရဖို့ အလွန်အမင်းဖိအားပေးခံရတာကြောင့် ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာလည်း ဖိအားအရမ်းများပြီး လူတွေက ည ၁၀ နာရီလောက်အထိ ပုံမှန်အလုပ်လုပ်ကြရသလို တခါတလေ ညနက်တဲ့အထိတောင် အိမ်မပြန်ရဘဲ အလုပ်တွေလုပ်နေကြပါတယ်။ အလုပ်ဖိအားတွေအရမ်းများသလို အလုပ်တစ်ခုရဖို့လည်း အရမ်းခက်ခဲတာကြောင့် ဖြစ်တယ်လို့ သုတေသီတွေက ထောက်ပြထားပါတယ်။
 
နောက်တစ်ချက်က ဓလေ့ထုံးစံတွေရဲ့ လွှမ်းမိုးမှုကလည်း အရမ်းကို ပြင်းထန်တယ်လို့ ဆိုပါတယ်။ အိမ်ထောင်ဦးစီး ယောက်ျားတွေက စီးပွားရှာဖို့ ဖိအားများလွန်းတဲ့အတွက် အမျိုးသားတွေရဲ့ သေကြောင်းကြံစည်မှုနှုန်းအရမ်းမြင့်သလို အမျိုးသမီးတွေမှာလည်း သားသမီးမရနိုင်ရင် မိန်းမတာဝန်မကျေသလို ခံစားရစေတဲ့အထိ ဆွေမျိုး မိသားစုအသိုင်းအဝိုင်းတွေရဲ့ ဖိအားတွေကလည်း အရမ်းများပါတယ်။ ကိုရီးယားနိုင်ငံရဲ့ သေကြောင်းကြံစည်မှုတွေထဲမှာ အအောင်မြင်အကျော်ကြားဆုံးသူတွေလည်း အများကြီးပါဝင်ပါတယ်။ ပြီ်းခဲ့တဲ့ ၁၀နှစ်အတွင်း အောင်မြင်မှု အထွတ်အထိပ်ရောက်နေတဲ့ မင်းသားတွေ၊ မင်းသမီးတွေ၊ မော်ဒယ်တွေ၊ အားကစားသမားနဲ့ အဆိုတော်တွေကလည်း အကြောင်းပြချက် အမျိုးမျိုးနဲ့ အများကြီး သတ်သေခဲ့ကြပါတယ်။
 
တောင်ကိုရီးယားနိုင်ငံပြီးရင် ကမ္ဘာမှာ ဒုတိယနဲ့ တတိယ သေကြောင်းကြံစည်မှုအများဆုံးနိုင်ငံတွေကတော့ ဟန်ဂေရီနဲ့ ဂျပန်နိုင်ငံတွေပဲ ဖြစ်ပါတယ်။ ၂၀၀၃ခုနှစ်က စပြီးများပြားလာတဲ့ သေကြောင်းကြံစည်မှုနှုန်းက ၂၀၀၉ ခုနှစ်မှာ လူတစ်သိန်းမှာ ၃၃.၈ ယောက်နီးပါးသေကြောင်းကြံတဲ့ အမြင့်ဆုံးနှစ်ဖြစ်ခဲ့ပါတယ်။ ဒီကြေကွဲစရာ ဖြစ်ရပ်တွေကို တားဆီးနိုင်ဖို့အတွက် အာဏာပိုင်တွေနဲ့ ပညာရှင်တွေစုပေါင်းပြီး အဖြေရှာနေကြဆဲပဲ ဖြစ်ပါတယ်။
 
 
 
 
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.