စူးစူးဝါးဝါး ငိုနေတဲ့ကလေးတွေကို စက္ကန့်ပိုင်းအတွင်း အငိုတိတ်အောင်လုပ်နည်း

baby-420.jpg
ငိုခြင်းတစ်မျိုးတည်းကိုပဲ သုံးတတ်သေးတဲ့ စကားမပြောတတ်သေးတဲ့ ကလေးငယ်လေးတွေက သူတို့လိုနေတာတွေ ခံစားနေရတာတွေကို ငိုပြီးပဲ အသိပေးတတ်ကြပါတယ်။ ဘာအကြောင်းကြောင့်ဆိုတာကို မိဘတွေအနေနဲ့ အမူအရာ အနေအထားတွေကြည့်ပြီးသာ ခန့်မှန်းကြရတာဖြစ်ပါတယ်။ အတွေ့အကြုံ မရှိသေးတဲ့ မိခင်တွေကတော့ ကိုယ့်ကလေးငိုရင် လိုက်ပြီးငိုချင်သလို ဖြစ်တတ်ကြပါတယ်။
 
စကားပြောတတ်တဲ့အရွယ်ဆိုရင် သူ့လိုအပ်ချက်ကိုသိပြီး ဖြည့်ဆည်းပေးလိုက်ရင် အမြန်ဆုံး အငိုတိတ်သွားနိုင်ပေမဲ့ စကားကလည်း မပြောတတ်သေး၊ ငိုတာကလည်း စူးစူးဝါးဝါးဖြစ်နေပြီဆိုရင် သားဦးမိခင်တွေအတွက် ခြေမကိုင်မိ လက်မကိုင်မိနဲ့ ထိန်းရခက်တဲ့ အခြေအနေမျိုးတွေ ကြုံရတတ်ပါတယ်။
 
လုပ်သက်အနှစ် ၃၀ ကျော်ရှိပြီဖြစ်တဲ့ အမေရိကန်နိုင်ငံက ကလေးအထူးကုဆရာဝန် Dr Robert Hamilaton ရဲ့ ငိုနေတဲ့ ကလေးငယ်တွေကို စက္ကန့်ပိုင်းအတွင်းမှာ အငိုတိတ်ပြီးအေးဆေးသွားအောင် လုပ်ပေးနိုင်တဲ့ နည်းကိုပြသထားတဲ့ ဗီဒီယိုက ကမ္ဘာတစ်ဝန်းလုံးမှာ နာမည်ကျော်ခဲ့ပါတယ်။ ဒီနည်းက ပင်ပန်းပြီး စိတ်ပူပင်သောကရောက်နေတဲ့ မိဘတွေအတွက် ကလေးကို တည်ငြိမ်သွားအောင် အမြန်ဆုံး လုပ်နိုင်မယ့်နည်းလေးပဲ ဖြစ်ပါတယ်။
 
Dr Hamilton ပြောပြထားတဲ့နည်းကတော့ ကလေးငယ်ရဲ့ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်မှာ လက်ပိုက်သလို ယှက်ပြီး မိခင်ရဲ့ ဘယ်လက်ပေါ်မှာ ၄၅ ဒီဂရီအနေအထားလောက် မှောက်ပြီး မလျော့မတင်းလေး ကိုင်ထားပါ။ ဒီအချိန်မှာကလေးရဲ့ မေးစေ့အောက်မှာ ရှိနေတဲ့ မိခင်ရဲ့ဘယ်ဘက် လက်မနဲ့ လက်ညှိုးက ကလေးရဲ့ခေါင်းကို ထိန်းပြီးကိုင်ထားရမှာ ဖြစ်ပါတယ်။ ပြီးရင် ညာလက်နဲ့ ကလေးရဲ့ တင်ပါးအောက်ကနေ အုပ်ကိုင်ပြီး ကလေးကို လှုပ်ပေးပါ။ လှုပ်တဲ့အခါမှာ ဇတ်ခနဲဇတ်ခနဲ မလှုပ်ဘဲ ပုခက်လွှဲသလို ငြိမ့်ငြိမ့်လေးလှုပ်ပေးလိုက်တာနဲ့  စူးစူးဝါးဝါးအော်နေတဲ့ကလေးက ချက်ချင်း အငိုတိတ်သွားတာကို တွေ့ရှိရပါလိမ့်မယ်။ အဓိက အကြောင်းရင်းကတော့ တင်ပါးကို ကိုင်ပြီး လှုပ်ပေးလိုက်တာကြောင့် ကလေးက လုံခြုံမှုရှိသလို ခံစားသွားရတာကြောင့်ပဲ ဖြစ်ပါတယ်လို့ Dr Hamilton ကပြောထားပါတယ်။
 
Ref:womansown.co.uk
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.