အချစ်ရေးကို မပြောဖြစ်တာဟာ ဖုံးကွယ်ထားတာမဟုတ်ပါဘူးလို့ဆိုတဲ့ မင်းသွေး

581397_531687643524823_1153413127_n.jpg

လက်ရှိမှာ ဇာတ်လမ်းဇာတ်ကွက် ကောင်းကောင်းတွေကို ရွေးချယ်ဖန်တီးနေသလို ထုတ်လုပ်ရေး အပြောင်းအလဲတွေကြောင့် ခဏတာ ငြိမ်သက်သွားခဲ့ပေမယ့် ဇာတ်ကားကောင်းတွေကို ပရိသတ်အတွက် မျှဝေပေးချင်တဲ့စိတ်ကြောင့် ထုတ်လုပ်ရေးအသစ်ဇာတ်ကားတွေနဲ့ ပြန်လည်ရိုက်ကူးနေတာ ၆ ကားလောက်ရှိပြီလို့ဆိုလာတဲ့ မင်းသွေးနဲ့ တွေ့ဆုံခိုက်မှာ ‘အခုရိုက်နေတဲ့ ကားလေးက မြွေဖမ်းကြသူများ ဆိုတဲ့ကားလေးပါ။ မင်းသမီးက အိချောပို ဒါရိုက်တာက ကျော်ဇော်လင်း (အတွေးပုံရိပ်)ပေါ့။ ဇာတ်ကားကတော့ ဟာသနဲ့ ဒရမ်မာနဲ့ ရောထားတဲ့ ဖန်စီဟာသဒရမ်မာပုံစံလေးပေါ့။ ထုတ်လုပ်ရေးက မြိုင်သရဖူ၊ ဖြန့်မှာက ဖိုးဝနဲ့ ဖြန့်မှာပါ။ ဇာတ်လမ်းဇာတ်ကွက်ကအစ ကိုယ့်စိတ်ကြိုက်ပုံဖော်ခွင့်ပေးထားတယ်။ ဖြစ်ချင်တာထက် ဖြစ်သင့်တဲ့ ဟာလေးတွေကို ပိုဦးစားပေးထားတယ်။ ရိုက်ထားပြီးသားဟာလေးတွေဆိုလဲ ကာရိုက်တာကွဲလေးတွေများတယ်။ စိတ်လှုပ်ရှားစရာကားလေးတွေ၊ မိသားစုဒရမ်မာကားလေးတွေ၊ လူငယ်ဒရမ်မာကားလေးတွေ စုံအောင်ရိုက်ဖြစ်နေပါတယ်။ ကာရိုက်တာအစုံတော့ လုပ်တတ်အောင်ကြိုးစားနေတုန်းပါပဲ။ အသက်အရွယ်နဲ့ လိုက်တဲ့ ကာရိုက်တာတွေတော့ ဦးစားပေးရိုက်ဖြစ်တယ်။ ဒီအရွယ်မှာအိမ်ထောင်ရေးဇာတ်ကားတွေရိုက်မယ်ဆိုရင်ကျွန်တော့အတွက် ရုပ်ချရင်ချရလိမ့်မယ်။ အခုလောလောဆယ်တော့ သာမန်ကနေခွဲထွက်ထားတဲ့ ကားလေး တစ်ကားက တစ်ရက်စာလောက်ကျန်နေသေးတယ်။ အဲဒီကားလေးကတော့ ထူးခြားတယ်။ အယ်နီမေးရှင်းသဘောမျိုးပေါ့။ အဲဒါလေးတော့ ထူးထူးခြားခြားလုပ်ထားတာလေးတွေပါတယ်။ အခုကိုညိုနဲ့ရိုက်ထားတဲ့ ကားလေးဆို နယ်ဖြန့်နေပြီ။ အဲဒီကားကစပြီးနောက်ပိုင်းကားတွေမှာ ကွာလတီအရသော်လည်းကောင်း၊ ဇာတ်အရသော်လည်းကောင်း၊ အနုပညာအရသော်လည်းကောင်း အကုန်လုံးကို အကောင်းဆုံးဖြစ်အောင် လုပ်ထားပါတယ်။ ကာလာပိုင်းအရ၊ ကင်မရာအရ၊ အကုန်လုံးကို သေချာလေးလုပ်ထားတဲ့အတွက် နောက်ပိုင်းထွက်တဲ့ ကားတွေမှာ ပရိသတ်အတွက် တစ်ခုခုတော့ ထူးခြားနေရမယ်။ ရိုက်သမျှကားတွေမှာ အကုန်လုံးကို ကိုယ့်ကိုကိုယ် ပြည့်စုံတယ် လို့တော့မခံစားမိသေးပါဘူး’တဲ့။

အနုပညာနဲ့ပတ်သတ်တဲ့ သူ့ရဲ့ ၀ါသနာတွေကိုလဲ သူက ‘သီချင်းဆိုတာတော့ဝါသနာပါတယ်။ ပြီးတော့ အားကစားမှာ ဘောလုံးကိုဝါသနာပါတယ်။ ဘောလုံးကို ကန်တတ်တဲ့ အချိန်ကတည်းက ၀ါသနာပါခဲ့တယ်။ ဒါကဘယ်လိုပြောရမလဲဆိုတော့ အနုပညာနဲ့မပတ်သတ်တဲ့ ဖျော်ဖြေမှုတစ်ခုပါ’လို့ပြောပါတယ်။ ရခိုင်လူမျိုးတစ်ယောက်ဖြစ်တဲ့ အတွက်ဘာသာရေးနဲ့ပတ်သတ်ပြီးတော့လဲ ‘ဗုဒ္ဓဘာသာကို ကျွန်တော်က ယုံကြည်လို့ ကိုးကွယ်တယ်။ နောက်ပြီး မေတ္တာရောင်ပြန်ဟပ်တာတွေ၊ ဗုဒ္ဓတရားတွေကို ယုံကြည်တယ်။ ပြီးတော့ လူတိုင်းမှာ ဘာသာရေးအရ အချိန်ရလို့လုပ်တာနဲ့ အချိန်မရလို့ မလုပ်တဲ့သူ မျိုးစုံရှိတယ်။ ကျွန်တောထင်ပါတယ်။ လူတိုင်းလူတိုင်း လူစိတ်ရှိပြီးတော့ လူလိုတွေးနိုင်ရင်တော့ အားလုံး အဆင်ပြေမယ်လို့ထင်ပါတယ်။’လို့ သူကပြောပါတယ်။ အနုပညာမောင်နှမတွေရဲ့မင်္ဂလာသတင်းများနဲ့ပတ်သတ်ပြီးတော့လဲ မင်းသွေးက ‘မသက်မွန်ကိုတော့ ဂုဏ်ယူပါတယ်လို့၊ သူက ကျွန်တော့ရဲ့ သူငယ်ချင်းလိုလဲဟုတ်တယ်။ အစ်မလိုလဲဟုတ်တယ်။ အရမ်းချစ်ရသောမကြီးပါ။ မသက်မွန်ကိုတော့ ဂုဏ်ယူပါတယ်လို့ပဲပြောချင်ပါတယ်။ ကျွန်တော်ကတော့ ယူဖို့အစီအစဉ်မရှိသေးပါဘူး။ ပရိသတ်ကိုဒီထက် ပိုပြီးပေးဆပ်ချင်ပါသေးတယ်။ သတို့သားအရံအဖြစ် ကမ်းလှမ်းလာမယ်ဆိုရင်တော့ လုပ်ပေးဖြစ်မှာပါ’လို့သူက ပြောပါတယ်။ အချစ်ရေးနဲ့ပတ်သတ်ပြီး ဖုံးကွယ်ထားကြတဲ့ အနုပညာရှင်တွေနဲ့ပတ်သတ်ပြီး ပရိသတ်အားပေးမှုသည် ကျွန်တော်တို့အနုပညာလို့ပဲထင်ပါတယ်။ Personal ကမပြောလဲဖြစ်တယ် ဆိုတော့ ဖုံးကွယ်ထားတယ်လို့တော့ မထင်ပါဘူး။ အနုပညာနဲ့ပတ်သတ်တဲ့ အကုန်လုံးကိုလဲပြောပြပါတယ်။ ဒါပေမဲ့ အိမ်နဲ့ပတ်သတ်တဲ့ ရန်ဖြစ်တဲ့ အကြောင်းတွေကို ပြောလို့အဆင်မပြေသလိုပေါ့။ အချစ်ရေးကိုလဲ မပြောဖြစ်တာကို ဖုံးကွယ်ထားတယ် လို့မထင်ပါဘူး’တဲ့။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.