ကြိုးစားခဲ့တဲ့အတိုင်း အကောင်းဆုံးဆုကိုရခဲ့တာမို့ ထိုက်တန်တယ်လို့ ဖွင့်ဟလာသူ Miss Myanmar World 2016 Bella Victor ခေါ် မြတ်သီရိလွင်

13535765_1764281677164076_1028005020_n.jpg

Miss Myanmar World 2016 မှာ Winner ဆု သိန်းတစ်ရာအပြင် Miss Personality  Air Asia တစ်နှစ်စာ လေယာဉ်လက်မှတ် Free ဆုကို ရရှိပိုင်ဆိုင်ခဲ့တဲ့ Bella Victor ခေါ် မြတ်သီရိလွင်ဟာ လက်ရှိမှာတော့ ဂျာနယ်မဂ္ဂဇင်းတွေအတွက်အချိန်ပေးဖြစ်နေပြီး ဒီဇင်ဘာမှာ သွားရောက်ယှဉ်ပြိုင်မဲ့ ပွဲကြီးအတွက် ထရိန်နင်တွေ စတင်နေပြီလို့သိရပါတယ်။ Miss တစ်ယောက်မဖြစ်ခင်ကတည်းက ပရဟိတပိုင်းကို စိတ်ပါဝင်စားစွာနဲ့လုပ်ဖြစ်သလို Miss တစ်ယောက်ဖြစ်သွားတဲ့အခါမှာလဲ ပရဟိတပိုင်းနဲ့ပတ်သက်ပြီး ပိုမိုအချိန်ပေးလုပ်ဖြစ်ဖို့ရှိကြောင်းကိုပြောပြလာတဲ့ Bella ရဲ့ ဒီဇင်ဘာမှာသွားရောက်ယှဉ်ပြိုင်မဲ့ ပွဲကြီးအကြောင်းအသေးစိတ်နဲ့လက်ရှိလျှောက်လှမ်းနေတဲ့ အနုပညာရေးရာအချို့ကိုမေးမြန်းဖြစ်တဲ့အခါ

-အခုလက်ရှိ ပွဲပြီးသွားတဲ့အချိန်မှာ အနုပညာလှုပ်ရှားမှုအနေနဲ့ဘာတွေလုပ်ဖြစ်နေလဲ။

ညီမ မဂ္ဂဇင်း၊ ဂျာနယ်တွေအတွက်ကာဗာတွေလိုက်ရိုက်ပေးဖြစ်နေတယ်။ နောက်ကြော်ငြာလေးတွေ ရိုက်ထားတာရှိတယ်။ ကော်ဖီကြော်ငြာ ရိုက်ထားတယ်။ ဒီလကုန် လွှင့်မယ်။ နောက် Miss World ပြိုင်ပွဲအတွက် Training တွေစလုပ်နေပါပြီ။ ညီမအဓိကက talent ပိုင်းကို သီချင်းဆိုမှာဖြစ်တဲ့အတွက်ကြောင့် ဆရာမတွေနဲ့တိုင်ပင်ဖြစ်နေတယ်။ အကလဲ သင်နေပါတယ်။ နောက်ညီမ Gym ဆော့ဖြစ်နေပါတယ်။ နောက်ထိုင်းက Miss Thailand World နဲ့အတူလဲ ထိုင်းမှာ ထရိန်နင်တွေလုပ်ဖို့ရှိပါတယ်။

-Miss Myanmar World 2016 မှာ Winner ဆုကို ပိုင်ဆိုင်ရရှိခဲ့တဲ့ညီမလေး ပြိုင်ပွဲစဉ်တစ်လျှောက်ကိုယ့်စိတ်ကို ဘယ်လိုမျိုးထားပြီးယှဉ်ပြိုင်ခဲ့ရလဲ။

ဒီပွဲကညီမရဲ့ ပထမဆုံး အင်တာနေရှင်နယ်ပြိုင်ပွဲဖြစ်တဲ့အတွက် အများကြီးကြိုးစားခဲ့ရပါတယ်။ အခက်အခဲတွေရော၊ အတိုက်အခိုက်တွေရော အများကြီး ရှိခဲ့ပါတယ်။ အဲ့ဒီထဲကမှ ညီမအကောင်းဆုံးကြိုးစားခဲ့ရတယ်။ ခန္ဒာကိုယ် Training တွေနောက် talent ပိုင်းဆိုင်ရာတွေ အများကြီးပြင်ဆင်ကြိုးစားခဲ့ပြီးတော့မှ ဒီ Winner ဆုကို ပိုင်ဆိုင်ရရှိခဲ့တာပါ။

-အနုပညာလောကထဲကိုရောဘယ်ကနေ ဘယ်လိုစတင်ဝင်ရောက်ဖြစ်တာလဲ။

ညီမအနုပညာလုပ်တာ တစ်နှစ်လောက်ရှိပြီ။ ဒီထဲကို စ၀င်ဖြစ်တာက တီချယ်တင်မိုးလွင်ရဲ့ သင်တန်းကို စတက်ဖြစ်ရင်းဒီလောကထဲကို စတင်ရောက်ရှိခဲ့တာပါ။ ဒါပေမဲ့လဲ ညီမရဲ့အစ်ကိုက Marco Victor သူကလဲ မော်လ်ဒယ်လောကထဲမှာ အောင်မြင်ပြီးသားသူဆိုတော့ ညီမလဲအနုပညာနဲ့တော့မစိမ်းဘူးပေါ့။

-ဒီလောကထဲကို ၀င်ရောက်ဖြစ်တဲ့ ရည်ရွယ်ချက်က Miss သီးသန့်ပဲလား။ ဒါမှမဟုတ် သရုပ်ဆောင်ဖက်ကို ရော ကူးပြောင်းဖို့အစီအစဉ်ရှိမလား။

ညီမက Miss တစ်ခုတည်းဖြစ်ချင်တာမဟုတ်ဘူး။ အနုပညာအလုပ်တွေအများကြီးကိုကြိုးစားချင်သေးတယ်။ ညီမသီချင်းဆိုတာလဲ ၀ါသနာပါတယ်။ သရုပ်ဆောင်ဖက်ကို လဲကူးပြောင်းချင်ပါသေးတယ်။

-Miss Myanmar World 2016 မှာ ပထမဆုကိုဆွတ်ခူးခဲ့တဲ့အပေါ် စိတ်ကျေနပ်မှုအတိုင်းအတာက ဘယ်လိုရှိလဲ။

ဒီ Winner ဆုက ထိုက်တန်တယ်။ မထိုက်တန်ဘူးဆိုတာထက် ညီမ မမျှော်လင့်ထားတဲ့ ဆုတစ်ခုပါ။ ဒီပွဲကိုဝင်ပြိုင်ဖြစ်ခဲ့တာက ညီမအတွေ့အကြုံလိုချင်လို့ပါ။ အင်တာနေရှင်နယ်ပွဲဆိုတော့ အတွေ့အကြုံအများကြီးရမှာပဲလို့တွေးမိပြီးဝင်ပြိုင်ရင်းကနေ အကောင်းဆုံးကြိုးစားခဲ့တယ်။ ကြိုးစားခဲ့တဲ့အတိုင်းလဲ အကောင်းဆုံးဆုကိုရခဲ့တယ်။ ထိုက်တန်တယ်လို့ပဲယူဆပါတယ်။

-အရှေ့မှာရော တခြားဘာပြိုင်ပွဲတွေယှဉ်ပြိုင်ခဲ့ဖူးသေးလဲ။

ပြည်တွင်းပြိုင်ပွဲ ပေါ့။ Miss Forever Gems 2015 ရွှေနန်းတော်ပွဲမှာ ၀င်ပြိုင်ခဲ့တယ်။ First Runner Up ရခဲ့ပါတယ်။ ဒါကတော့ ဒုတိယပြိုင်ပွဲပေါ့။

-သွားပြိုင်ရမဲ့နိုင်ငံနဲ့နေ့လေးကိုလဲသိချင်ပါတယ်။

ပြိုင်ပွဲကဒီဇင်ဘာ ၁၀ရက်နောက်ပိုင်းလို့သိရတယ်။ နိုင်ငံကတော့ Miss World Page မှာတင်ထားတာကို ၀င်ကြည့်တော့ USA လို့တင်ထားတယ်။ အတိအကျလားတော့ညီမ မပြောတတ်သေးဘူး။

-အရှေ့မှာသွားရောက်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ Miss နှစ်ယောက်နဲ့ရောတွေ့ဆုံစကားပြောပြီးပြီလား။

မခင်ရတနာသိန်းမြင့်နဲ့တော့တွေ့ပြီးပါပြီ။ မ၀ိုင်းလေးနဲ့လဲတွေ့ဖို့အစီအစဉ်ရှိပါတယ်။ မခင်ရတနာသိန်းမြင့်ကတော့ပြောပြပေးပါတယ်။ ဒီပွဲက ညီမရဲ့ နိုင်ငံတကာမှာပထမဆုံးသွားရောက်ယှဉ်ပြိုင်ရမဲ့ပွဲဆိုတော့ သူကမနှစ်ကသွားပြိုင်ထားတဲ့သူဖြစ်တဲ့အတွက် ဘယ်လိုတွေတွေ့ကြုံခဲ့တယ်။ နေထိုင်ခဲ့ရလဲဆိုတာကိုပြောပြပါတယ်။ အဓိကကတော့ သူ အားကစားတစ်ခုခုကို ကျွမ်းကျွမ်းကျင်ကျင်နဲ့လုပ်စေချင်တယ်။ ဘာလို့လဲဆိုတော့ ဟိုမှာကသက်လုံကောင်းဖို့အတွက်အားကစား တစ်ခုခုလုပ်ခိုင်းတယ်ပြောပါတယ်။ မခင်ရတနာသိန်းမြင့်တုန်းက ပြေးခိုင်းတယ်ပြောပါတယ်။ သူတို့ပြေးခိုင်းသလောက်ပြေးနိုင်တဲ့သူကျတော့ ဒီပြိုင်ပွဲကြီးအတွက် အခွင့်အရေးရှိတယ်။ အလားအလာရှိတယ်ပေါ့။ အဲ့ဒါကြောင့်သူကတော့ အားကစားတစ်မျိုးမျိုးလုပ်ခိုင်းတယ်။ ညီမကတော့ အခုရေကူးသင်ဖို့လုပ်ထားပါတယ်။ ပြီးတော့နေ့တိုင်းပြေးနိုင်အောင်လဲလေ့ကျင့်နေပါတယ်။

-ဒီကရွေးပေးလိုက်တာတော့ဒီကအကောင်းဆုံးပေါ့။ ဒါပေမဲ့ ဟိုမှာသွားပြိုင်တဲ့အခါ ကမ္ဘာက Miss တွေနဲ့ယှဉ်တဲ့အခါကျတော့ ဘာဆုမှမရပဲ ပြန်လာရတဲ့ Miss တွေကတစ်ပုံတစ်ပင်ဆိုတော့ ဒီအပေါ်မှာညီမလေးရဲ့အမြင်ကိုလဲသိချင်ပါတယ်။

ညီမစိတ်ဓာတ်ကျသွားတဲ့အချိန်တွေလဲရှိပါတယ်။ ဒီမှာကနိုင်ငံတစ်ရာက လာပြိုင်မှာဖြစ်တဲ့အတွက်ဖေ့စ်ဘုတ်မှာလဲရွေးချယ်ပြီးသားနိုင်ငံက Miss ရဲ့ပုံတွေ တက်လာတယ်။ ဖြစ်နိုင်ပါ့မလားဆိုပြီးအမြဲတွေးတယ်။ ဒါပေမဲ့ အိမ်ကမိဘတွေကတော့ အမြဲအားပေးစကားပြောတယ်။ အကောင်းဆုံးကြိုးစားခိုင်းတယ်။ ကိုယ့်ဖက်က အကောင်းဆုံးဖြစ်နေဖို့အတွက်အစွမ်းရှိသလောက်ကြိုးစားနေပါတယ်။ ဆုရတာမရတာကတော့ ဒိုင်တွေအပိုင်းပေါ့။ ပရိသတ်ဝေဖန်တာကိုလဲအကောင်းဆုံးကြိုးစားပြီးလိုအပ်ချက်မရှိအောင်လေ့လာနေပါတယ်။

-၀င်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့တဲ့ ပြိုင်ပွဲတွေနဲ့ပတ်သက်ပြီး အစ်ကိုကရော ဘယ်လိုအကြံဥာဏ်တွေပေးသေးလဲ။

သူကကျတော့ နိုင်ငံခြားထိသွားပြိုင်ပြီးတော့ ဟိုမှာကြိုးစားခဲ့ရတာဆိုတော့သူကအသိဆုံးလေ။ ဒီနိုင်ငံခြားမှာသွားပြိုင်ဖို့အတွက်ဘာတွေလိုအပ်တယ်။ အဓိကက စိတ်ဓာတ်ပိုင်းပေါ့။ သူကဘယ်လိုစိတ်နေစိတ်ထားနဲ့သွားပြိုင်ရမယ်ဆိုတာကိုပြောပြပေးတယ်။ ပြီးတော့ ဘယ်လိုမျိုးသူငယ်ချင်းတွေနဲ့ပေါင်းသင်းဆက်ဆံရမလဲဆိုတာကို ကူညီပေးတယ်။

-ဒီဇင်ဘာမှာသွားရောက်ယှဉ်ပြိုင်မဲ့ပွဲအတွက်ဘယ်လောက်ပြင်ဆင်ထားပြီးပြီလဲ။

အခုလောလောဆယ်ကတော့ အင်္ဂလိပ်စာ ဒီ့ထက်ပိုကောင်းအောင်လုပ်နေတယ်။ ဟိုမှာက ကိုယ်နဲ့မသိတဲ့ တခြားနိုင်ငံက မယ်တွေလာပြိုင်မှာဖြစ်တဲ့အတွက်သူတို့နဲ့ပြောဆိုဆက်ဆံဖို့ဘာသာစကားကအရေးကြီးတယ်။ ဒီအချိန်မှတခြားဘာသာစကားသင်ဖို့ဆိုတာလဲ မလွယ်တော့ဘူးလေ။ အဲ့ဒါကြောင့်အင်္ဂလိပ်စာကိုပဲသေသေချာချာလေးလေ့လာနေတယ်။ နောက်မြန်မာနိုင်ငံရဲ့သမိုင်းကြောင်းတွေကို သူတို့ကိုသေချာပြောပြပေးနိုင်ဖို့အတွက်လေ့လာနေတယ်။ ကျွန်မခန္ဒာကိုယ်ကိုပိုပြီးတော့ သန်မာအောင်လို့ Gym ဆော့နေတယ်။ သက်လုံကောင်းဖို့အတွက်လဲကြိုးစားနေတယ်။ ဟိုမှာ talent တစ်ခုရှိတယ်။ Dancing Of The World ရှိတယ်။ Talent ကသီချင်းဆိုမယ်။ နောက် Dancing အတွက်ကတော့ မြန်မာအကဆရာမတစ်ယောက်နဲ့အကသင်နေပါတယ်။

-ပြည်ပထိသွားရောက်ယှဉ်ပြိုင်ရမှာဆိုတော့ စိတ်လှုပ်ရှားမှုက ဘယ်လိုရှိနေလဲ။

အရမ်းစိတ်လှုပ်ရှားတယ်။ အတွေ့အကြုံကောင်းတွေရလိမ့်မယ်လို့လဲမျှော်လင့်တယ်။ နောက်ဟိုမှာကလဲ ကိုယ်နဲ့တစ်ယောက်မှမသိဘူး။ မြန်မာကကိုယ်တစ်ယောက်တည်း တခြားနိုင်ငံက ကမ္ဘာ့အလှမယ်တွေနဲ့ယှဉ်ပြိုင်ရမယ်ဆိုတာ့ ၀မ်းသာတယ်။ ကိုယ်ကိုတိုင်က မြန်မာကိုယ်စားပြုအနေနဲ့သွားရောက်ယှဉ်ပြိုင်ရမဲ့အတွက်ကိုယ့်အပေါ်မှာတာဝန်တွေအများကြီးရှိတယ်လို့ခံစားမိပါတယ်။ အကောင်းဆုံးကြိုးစားပြီးအကောင်းဆုံးရလာဒ်ကို ယူလာနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။

-ကိုယ့်ကိုကိုယ်ရောယုံကြည်မှုက ဘယ်လောက်ရှိလဲ။

၁၀၀ ရာခိုင်နှုန်း ယုံကြည်မှုရှိနိုင်ဖို့အကောင်းဆုံးကြိုးစားနေတယ်။ အစစအရာရာအဖက်ဖက်ကနေ ဘယ်ဖက်ကပဲစစ်စစ် အကောင်းဆုံးဖြစ်အောင်လို့ကြိုးစားနေတယ်။ Talent ရော တခြားပရဟိတပိုင်းဆိုင်ရာတွေကိုရော အစစအရာရာပေါ့။ အကောင်းဆုံးဖြစ်အောင်ကြိုးစားနေတယ်။ ယုံကြည်မှုလဲအပြည့်ရှိပါတယ်။

-ဖေ့စ်ဘုတ်ရော အခုနောက်ပိုင်းသုံးဖြစ်သေးလား။ အရင်အကောင့်အဟောင်းကိုသိပ်မတွေ့တော့လို့။

ဖေ့စ်ဘုတ်က အဖြတ်ခံလိုက်ရတာပါ။ ပရိသတ်တွေလဲအရမ်းများတယ်။ သူတို့ကညီမကို ချစ်တော့ Tag ကြတယ်။ Mention ခေါ်ကြတယ်။ အဲ့ဒါက ဖေ့စ်ဘုတ်ရဲ့ Privacy နဲ့မညီလို့အဲ့ဒီဖေ့စ်ဘုတ်ကနေပိတ်ခံလိုက်ရတယ်။ ဒါပေမဲ့ညီမပြန်ရအောင်တော့ကြိုးစားနေတယ်။ နောက်အကောင့်သစ်တော့ထပ်ဖွင့်ထားတယ်။ ဒါပေမဲ့ အဟောင်းကိုပဲပြန်ရအောင်ကြိုးစားနေပါတယ်။

-ပရဟိတပိုင်းကိုရော ညီမအနေနဲ့ဘယ်လောက်ထိစိတ်ပါဝင်စားမှုရှိလဲ။

ညီမ Miss မဖြစ်ခင်ကတည်းက ပရဟိတလုပ်တယ်။ ပထမဆုံးရတဲ့ အနုပညာလစာကနေပြီး ဆယ်ဖို့တစ်ဖို့အမြဲဖယ်ပြီး ညီမတို့အိမ်နဲ့အနီးတ၀ိုက်မှာဘုန်းကြီးကျောင်းလေးတစ်ကျောင်းရှိတယ်။ အဲ့ဒီမှာမိဘမဲ့ အယောက် ၁၀၀လောက်ရှိတယ်။ အဲ့ဒီမှာအမြဲသွားလှူဖြစ်တယ်။ Miss မဖြစ်ခင်ကတည်းက ငွေကြေးပမာဏနဲ့ရော သူတို့နဲ့အတူတူနွေးနွေးထွေးထွေးသွားနေရတာတွေရောလုပ်ပေးဖြစ်တယ်။ ကလေးတွေကိုလဲညီမအရမ်းချစ်တယ်။ အခု Miss တစ်ယောက်ဖြစ်သွားပြီဆိုတော့ ပိုပြီးတော့လဲဆက်လုပ်ဖြစ်သွားမယ်။ ပြီးတော့လဲ ညီမရထားတဲ့ဆုကြေးတွေထဲက တစ်ချို့တစ်ဝက်ကိုလဲလှူသွားဖို့စိတ်ကူးထားပါတယ်။ ညီမ ဗန်းမော်ဖက်က စစ်ဘေးရှောင်တဲ့ ပြည်သူတွေကို သွားလှူဖို့ညီမမိသားစုနဲ့တိုင်ပင်ထားတယ်။ အကောင်အထည်တော့ဖော်ဖြစ်မှာပါ။ ညီမရတဲ့ဆုကြေးထဲကပေါ့။ တချို့တ၀က်ကို သွားရောက်လှူဒါန်းဖို့စီစဉ်နေပါတယ်။

-ဒီဇင်ဘာမှာသွားရောက်ယှဉ်ပြိုင်မဲ့ပွဲနဲ့ပတ်သက်ပြီး စောင့်မျှော်အားပေးနေတဲ့ပရိသတ်ကြီးကိုရော ဘာများပြောချင်ပါသလဲ။

ပွဲအတွက်တင်မဟုတ်ပဲ အမြဲတမ်းအားပေးကြပါလို့အရင်ပြောချင်ပါတယ်။ ညီမအကောင်းဆုံးကြိုးစားနေပါတယ်။ ညီမရဲ့နိုင်ငံအတွက်ညီမပရိသတ်တွေအတွက်ညီမအကောင်းဆုံးကြိုးစားပြီး အကောင်းဆုံးရလာဒ်တစ်ခုကိုယူလာခဲ့ပါမယ်လို့ပြောချင်ပါတယ်။

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.