ဘွာတေးသီချင်းက မင်းသမီးတစ်ယောက်ကို ရည်ရွယ်ပြီးဆိုထားတယ်ဆိုတာ ပရိသတ်ပြောတဲ့ ထင်ကြေးပါလို့ဖြေရှင်းလာတဲ့ Bobby Soxer

13384682_1755580904700820_1417343909_n.png

မကြာသေးခင်က မျက်လုံးထိခိုက်ခံထားရမှုကြောင့် အနုပညာအလုပ်တွေ ခေတ္တရပ်နားခဲ့တဲ့ Bobby Soxer  ဟာ ဒီလ ၆ရက်နေ့မှာပဲ Let’s Go အဖွဲ့နဲ့အတူ နိုင်ငံ ၆ နိုင်ငံကို ပရိုဂရမ် သွားရိုက်ပြီလို့ သိရပါတယ်။ ထိုခရီးစဉ်အတွက်စိတ်လှုပ်ရှားနေသလို မရောက်ဖူးသေးတဲ့ နိုင်ငံတွေကို သူငယ်ချင်းတွေနဲ့သွားရောက်လည်ပတ်ရမှာဖြစ်တဲ့အတွက် သူမရဲ့ ရင်ခုန်မှုက အမြင့်ဆုံးကို ရောက်ရှိနေတယ်လို့ သူမက ဖွင့်ဟခဲ့ပါတယ်။ လက်ရှိမှာ ထိခိုက်ထားတဲ့ မျက်လုံးက ပြန်ကောင်းသွားပြီဖြစ်တဲ့အတွက် ပုံမှန်အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီဖြစ်သလို ရှိုးတွေလဲပြန်ဆိုဖြစ်နေတဲ့ Bobby Soxer ထက်ထက်ရဲ့ လက်ရှိ ဂီတလှုပ်ရှားမှုများနဲ့ သူမလျှောက်လှမ်းလာခဲ့တဲ့ ဂီတလမ်းကြောင်းတစ်ခုပေါ် ပြန်ငဲ့ကြည့်မိတဲ့အခါ

-လက်ရှိ ဂီတလှုပ်ရှားမှု အနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။

လတ်တလောကတော့ သမီး VeVe Music Tour အဲ့ဒါဆိုတယ်။ Let’s Go အဖွဲ့ ခရီးစဉ်ကပြန်လာမှ  ရှိုးဆက်ဆိုမယ်။ အမ်တီဗီဆက်ရိုက်ပါမယ်။

-အခုသွားမှာက နိုင်ငံတွေလဲများတယ်။ ရက်တွေလဲကြာတယ်ဆိုတော့ အဲ့ဒီခရီးအတွက်ဘယ်လိုစိတ်ခံစားချက်ရှိလဲ။

စိတ်ခံစားချက်က အရမ်းဝေးတဲ့နေရာတွေဖြစ်တဲ့အတွက်တော့ စိတ်လှုပ်ရှားမှုတော့ ရှိတာပေါ့။ ပျော်ဖို့လဲကောင်းပါတယ်။ တော်ရုံတန်ရုံမရောက်တဲ့နေရာတွေကို ကိုယ့်ဟာနဲ့ကိုယ်သွားတယ်ဆိုရင်တောင် တစ်ယောက်တည်းပဲသွားဖြစ်မှာလေ။ အခုကျတော့ ကိုယ်တွေအမြဲပေါင်းသင်းနေတဲ့ သူငယ်ချင်းတစ်စုနဲ့သွားရတာဆိုတော့ ပျော်ဖို့ကောင်းပါတယ်။

-၂၁ အမ်တီဗီကရော ဘယ်လောက်ပြီးသွားပြီလဲ။

၃ ပုဒ်လောက်ကျန်သေးတယ်ရှင့်။

-စီဒီမှာပါဝင်တဲ့သီချင်းအရေအတွက်အားလုံးကိုရိုက်တာလား။ လျှော့တာရောရှိဦးမလား

အကုန်မရိုက်ဘူး။ လျှော့ထားတယ်။ ၆ပုဒ်လောက်ပဲထည့်မှာပါ။

-ဘာလို့၆ပုဒ်တောင်လျှော့ပစ်လိုက်တာလဲ။

နောက်ဆိုရင် ၆ ပုဒ်တောင်ရိုက်တော့မှာမဟုတ်ဘူးအစ်မ။ ဘာလို့လဲဆိုတော့ ပြောရရင် သမီးတို့တွေ အမ်တီဗီရိုက်ရတာ အချိန်လဲ အရမ်းကုန်တယ်။ အဓိကက အဆိုတော်ဖြစ်တဲ့အတွက် အမ်တီဗီရိုက်ဖို့အတွက်ကိုပဲ အချိန်တစ်နှစ်လောက်ပေးလိုက်ရတဲ့အခါ သီချင်းသစ်ထွက်ဖို့အတွက် ပရိသတ်နဲ့ အချိန်တစ်နှစ်၊ တစ်နှစ်ခွဲလောက်ပြတ်နေတာမျိုးရှိတယ်။ အခုခေတ်က ခိုးကူးခေတ် မဟုတ်တော့ဘူး။ Download link ခေတ်ဖြစ်တဲ့အတွက် အမ်တီဗီတစ်ပုဒ်တစ်ပုဒ်က ဘယ်လိုနည်းနဲ့မှ စရိတ်ချုံ့ပြီးလဲရိုက်လို့မရဘူး။ စရိတ်ချုံ့ ပြီးရိုက်လို့ရတဲ့ခေတ်မဟုတ်တော့မှန်းလဲ ပရိသတ်ကသိတယ်။ အဲ့ဒီတော့ ပရိသတ်ကို ကောင်းကောင်းကန်းကန်းလေးလဲ ရိုက်ပြချင်တဲ့အတွက် ဖြစ်သလိုပေါ့ ပါရင်ပြီးရောဆိုပြီးလဲမရိုက်ပြချင်ဘူး။ ကွာလတီလျော့တယ်လေ။ လက်ရှိဈေးကွက်ကို ပုံစံတစ်မျိုးပြောင်းပြီးလုပ်ချင်တဲ့အတွက် အမ်တီဗီကို သီချင်းကုန်မရိုက်တော့ဘူးပေါ့။ အရမ်းပေါက်တဲ့သီချင်းတွေကိုပဲ အကြီးအကျယ်ရိုက်တော့မယ်။ ပရိုမိုအနေနဲ့ အလကားပေးရင်ပေးလိုက်မယ်။ နောက်ပိုင်းဟာတွေဆို အပုဒ်တွေ အများကြီးမရိုက်တော့ဘူး။ တစ်ပုဒ်ဆိုတစ်ပုဒ်ဝယ်ကြည့်ရတာနဲ့တန်အောင် ပြောရရင် အခုခေတ်ပရိသတ်ကနားလဲလည်နေပါပြီ။ သီချင်းကုန်မပါလို့ဆိုတဲ့ ဟာတွေလဲမဖြစ်လောက်တော့ဘူးလို့ထင်ပါတယ်။

-လောလောဆယ် ဘယ်ဒါရိုက်တာတွေနဲ့ရိုက်ထားလဲ။

ရိုက်ထားပြီးသားဆို ဒါရိုက်တာ ကိုဝင်းလွင်ထက်၊ ကိုအောင်မြတ်ပါတယ်။ ကိုမောင်မောင်သာမြင့်ပါတယ်။ အခုရိုက်ထားပြီးသား သုံးပုဒ်မှာပေါ့။ အပုဒ်တိုင်းနီးနီးလဲညီမပါတယ်။

-အခြားသရုပ်ဆောင်တွေအနေနဲ့ဘယ်သူတွေပါဦးမလဲ။

Story မပါသေးဘူး။ အခုရိုက်ထားပြီးသားက အဆိုကဒ်တွေက သမီးဆိုတယ်။ နောက်အကအဖွဲ့တွေနဲ့ရိုက်ထားတယ်။ ရဲရင့်အောင်ပါမယ်။

-လျှော့မဲ့အပုဒ်တွေကရော သိရပြီလား။

ညီမအခု တချို့အပုဒ်တွေကို လျှော့မယ်ဆိုပြီးဖြုတ်ထားတာမျိုးရှိတယ်။ တချို့အပုဒ်တွေကျတော့လဲ ရိုက်ထားပြီးတော့ မကြိုက်လို့မထည့်တော့ဘူးဆိုတာတွေလဲရှိတယ်။ ရိုက်ထားတယ်။ ပိုက်ဆံကုန်ထားတယ်။ ငါထည့်လိုက်မယ်ဆိုပြီးမတွေးထားဘူး။ မကြိုက်ရင် မထည့်ဘူး။ အဓိက သမီးဒီအခွေကို ကွာလတီပဲကြည့်ချင်ပါတယ်။ ပြန်ရွေးဦးမယ်။ လျှော့တာကတော့ ၆ပုဒ်ပဲလျှော့မှာပါ။

-ဘယ်အချိန်လောက်ထွက်ဖို့မှန်းထားလဲ။

ဒီနှစ်ထဲမှာတော့ ထွက်ဖြစ်မှာပါ။ သုံးပုဒ်ပဲကျန်တော့တာဆိုတော့လေ။ ကျန်တဲ့သုံးပုဒ်က ကြီးကြီးကျယ်ကျယ်ရိုက်ရမဲ့ Story အကြီးကြီးတွေပါ။ ပြီးတဲ့ဟာတွေက သီချင်းအမြူးတွေပဲရိုက်ထားတာပါ။ ထပ်ရိုက်မဲ့ သုံးပုဒ်ကိုတော့ မိုးတွင်းပြီးမှပဲရိုက်မယ်။ မိုးအခြေအနေကိုကြည့်ပြီးပြီးသလောက်တော့ရိုက်ထားမှာပါ။

-အဲ့ဒီ ၂၁ အခွေထဲမှာ ပါတဲ့ ဘွာတေးဆိုတဲ့သီချင်းက မင်းသမီးတစ်ယောက်ယောက်ကို ရည်ရွယ်ပြီး ရေးထားတယ်။ ဆိုထားတယ်ဆိုပြီး တချို့ကလဲပြောကြတယ်နော်။

အဲ့ဒါက ခေတ်အဆက်ဆက် သမီးတို့အရွယ်ကလေးတွေ အကုန်လုံးပေါ့။ အရှင်းဆုံးပြောရရင် အစ်မရယ် ယေဘုယျ ခြုံရေးထားတာပါ။ ရည်ရွယ်ချက်မရှိဘူး။ ဘယ်သူ့ကိုဆိုတဲ့ ဦးတည်ချက်မရှိဘူး။ ဘာလို့လဲဆိုတော သမီးနဲ့က အနုပညာလောကထဲက အားလုံးနဲ့ခင်လဲခင်တယ်။ ပြောရရင် ပြိုင်ဖက်တွေဆိုတာလဲ မရှိဘူး။ အဆိုတော် အဆိုတော်အချင်းချင်း ဆိုရင်တောင် ထင်စရာ မြင်စရာရှိကြမယ်။ ဒါကတော့ ပရိသတ်တွေရဲ့ထင်ကြေးပေါ့။ ထင်ကြေးကတော့ ညီမလဲ ပြောရမယ်ဆိုရင် အဓိကကတော့ သမီးကတော့ ယေဘုယျရေးထားတာပါ။ ပြောရမယ်ဆိုရင် သီချင်းကိုရေးလို့ကောင်းအောင်ရေးတာပါ။ သီချင်းစရေးမယ်ဆိုတော့ အဲ့ဒီသီချင်းရဲ့ Theme ကိုစဉ်းစားတယ်။ ဖရိန်က ဘွာတေး ၊ ဘွာတေးဆိုတဲ့ အခါကျတော့ တစ်ခုခုလုပ်ပြီးမှ လျော်တဲ့ပုံစံ ဆိုတာ့ ဟာသဖြစ်အောင် ဘယ်လိုရေးမလဲပေါ့။ သမီးငယ်ငယ်တုန်းကအရမ်းသဘောကျတဲ့ သီချင်းတွေဆိုရှိတယ်။ ကိုအဲ့လက်စ်တို့ဆိုထားတဲ့ ဒါရိုက်တာသီချင်းပေါ့။ အဲ့ဒီတုန်းကဆိုရင်လဲ အဆိုတော်ကနေ ရုပ်ရှင်ဖက်ကို ဆိုတာပေါ့။ တိုက်ခိုက်တာမျိုးလဲ မဟုတ်ပါဘူး။ ဟာသအနေနဲ့ဟာသအမြင်နဲ့ရေးထားတဲ့ဟာပါ။ နောက်ဆုံးကျတော့ လုပ်ချင်တာလုပ်ကြတယ်။ ပြောချင်တာပြောကြတယ်။ ပြီးတော့လျော်သွားတယ်ဆိုတဲ့ပုံစံလေးကိုရေးထားတာပါ။

-ကိုယ်ကဘာရယ်မဟုတ်ဘူး ရေးလိုက်ပေမဲ့ ပရိသတ်တွေကပြောကြတဲ့အပေါ် ရုပ်ရှင်ဖက်ကတချို့မင်းသမီးနဲ့ကိုယ်နဲ့နားလည်မှုလွဲတာမျိုး၊ အထင်လွဲတာမျိုးရော ကြုံခဲ့သေးလား။

မဖြစ်ပါဘူး။ မဖြစ်ဘူးဆိုတာ ဘယ်လိုပြောမလဲ။ ပရိသတ်ပေါ့။ ပရိသတ်ကထင်ကြေးနဲ့ပြောတာပေါ့။ ထင်ကြေးပေးတယ်ဆိုတာ ကောလဟလထွက်သလိုပါပဲ။ ကောလဟလထွက်တယ်။ ထင်ကြေးပေးတယ်ဆိုတာကလဲဖြစ်နေကြပါပဲ။ ညီမတို့အချင်းချင်းတွေကလဲ ဘာမှမဖြစ်ကြဘူးလေ။ ပြောတာကတော့ စုံနေတာပဲရော်။ ထိခိုက်တယ်လဲမရှိပါဘူး။ ဘယ်လိုပြောရမလဲ။ သမီးရဲ့ရည်ရွယ်ချက်ကလဲရှင်းတယ်လေ။

-ကိုယ့်ကို ချစ်တဲ့သူရှိတယ်။ ဝေဖန်တဲ့သူရှိတယ်။ ဒီအပေါ်မှာကိုယ့်စိတ်ကို ဘယ်လိုမျိုးထားပြီးဆက်ဆံဖြစ်လဲ။

သမီးကတော့ ဝေဖန်တာဆိုရင်လဲစိတ်ထဲထားသင့်တာကိုထားတယ်။ စိတ်ထဲမထားသင့်တာကိုမထားဘူး။ သမီးစိတ်က နည်းနည်းလေးပေါ့ပေါ့ပါးပါးဆန်တယ်။

-မျက်လုံးအခြေအနေကရော ဘယ်လိုရှိလဲ။

မျက်လုံးကသက်သာသွားပါပြီ။

-အခုဆို အဆိုတော်ဖက်က လူတွေတော်တော်များများ သရုပ်ဆောင်နေကြပြီ။ ထက်အနေနဲ့ရော သရုပ်ဆောင်ဖို့အစီအစဉ်မရှိဘူးလား။ အရှေ့မှာ အန်ကယ်လေးနဲ့တစ်ကားပဲရိုက်ထားတာရှိတော့လေ။

အဓိကကတော့ ညီမကတော့ သီချင်းဆိုတာကိုပဲကြိုက်တယ်။ တစ်ကားတော့ရိုက်ထားတယ်။ အန်ကယ်လေးနဲ့လေ။ ဒါပေမဲ့ နောက်ပိုင်းတော့ အခွင့်အခါသင့်လို့ လုပ်ဖြစ်သွားရင်လဲလုပ်ဖြစ်မယ်။ စကားကိုတော့ ကုန်အောင်မပြောထားတာကောင်းပါတယ်။ လုပ်ဖြစ်သွားရင်လဲလုပ်ဖြစ်သွားလောက်တယ်။ ဒါပေမဲ့ သေချာတာတစ်ခုက ညီမအချိန်မအားမလပ် နယ်ရှိုးသွားဆိုနေသလိုမျိုး နေ့တိုင်းရှုတင်၊ ရှုတင်ဆိုပြီး ဇောက်ချလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ တစ်ကားတစ်လေလောက်ပေါ့။

-ဆက်လုပ်သွားမဲ့ ဂီတလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ပရိသတ်ကို ဘယ်လိုပြောပြချင်သေးလဲ။

အခုကတော့ အလုပ်တွေပြန်လုပ်နေပြီဆိုတော့ အမ်တီဗီရိုက်မယ်။ နောက်ဒုတိယအခွေထွက်မယ်။ ပုံမှန်အလုပ်တွေပဲဆက်လုပ်ဖြစ်သွားမှာပါ။ 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.