လက်ရှိအချစ်ရေးက လွန်ခဲ့တဲ့ ၇နှစ်ကို ပြန်ရောက်သွားပြီိလို့ ဖွင့်ဟလာတဲ့ ဘန်နီဖြိုး

13330506_1753670931558484_719914450_n.jpg

ချစ်သူသက်တမ်း ၇ နှစ်နီးပါးဖြတ်သန်းလာခဲ့သလို ဖေ့စ်ဘုတ်လူမှုကွန်ယက်ပေါ် မှာ ပရိသတ်အားကျခဲ့တဲ့ စုံတွဲတစ်တွဲအဖြစ် လူသိများခဲ့သူကတော့ အဆိုတော်ဘန်နီဖြိုးနဲ့Make Up Artist တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ Hanna Yuri တို့ပဲဖြစ်ပါတယ်။ သူမဟာ မကြာသေးခင်ကမှ လူမှုကွန်ယက်ပေါ်မှာ Forever Young ဆိုတဲ့ အလှကုန်ပစ္စည်း ရောင်းချမှုကြောင့် ပြသနာပေါင်းများစွာ ဖြေရှင်းခဲ့ရသူဖြစ်ပြီး လူပေါင်းများစွာရဲ့ ဝေဖန်မှုနဲ့ကဲ့ရဲ့မှုကိုခံခဲ့ရသူပါ။ အခုဆိုရင် ၇ နှစ်နီးပါး တည်ဆောက်ထားတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးဟာလည်း ပြီးဆုံးသွားပြီဖြစ်တဲ့အကြောင်း အဆိုတော်ဘန်နီဖြိုးဖက်မှ ဖွင့်ဟလာပါတယ်။ 

-အခုလက်ရှိ ဂီတလှုပ်ရှားမှု အကြောင်းလေးကို ပြောပြပေးပါဦး။

အခုလက်ရှိက ကျွန်တော့်ရဲ့ One men show DVD ထွက်မယ်။ ထွက်မယ်။ နဲ့ အရမ်းကြာနေတဲ့အတွက် အဲ့ဒါလေးထွက်ဖို့ရှိပါတယ်။ ပြီးရင်တော့ ကျွန်တော့်တတိယအခွေထွက်ပါမယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က သီချင်းအသစ်ပဲလုပ်ချင်တာဖြစ်တဲ့အတွက်ကြောင့် တတိယအခွေကိုပဲ အချိန်ပေးဖြစ်နေတယ်ခင်ဗျ။ အဲ့ဒါကြောင့် ကျွန်တော့်ရဲ့ One Men Show DVD ကကြာနေတာပါ။

-One Men Show DVD ကလုပ်နေတာ ဘယ်လောက်ကြာပြီလဲ။

၂၀၁၄ ထဲကပါ။ ၂ နှစ်ကျော်လောက်ရှိပြီပေါ့။ ဒီထဲမှာတော့ ထွက်နိုင်အောင်ကြိုးစားနေတယ်။ အရမ်းကြာနေတဲ့အတွက် ရအောင်လဲထွက်မှာပါ။

-Let’s Go ပရိုဂရမ်နဲ့လဲ နိုင်ငံခြားခရီးစဉ်တွေရှိတယ်လို့သိရတယ်။ အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့လဲ သိချင်ပါတယ်။ ဘယ်နိုင်ငံတွေဖြစ်မလဲ။

ပြင်သစ်၊ နယ်သာလန်၊ ဘယ်လ်ဂျီရမ် ၊ ဆွစ်စလန်၊ အီတလီနဲ့စပိန် ပါ။ Feeling Exicted ပေါ့ဗျာ။ Let’s Go နဲ့က ကျွန်တော်တို့သုံးနှစ်တောင်ရှိသွားပြီ။ ဘာရယ်မဟုတ်ဘူး။ ကျွန်တော်တို့သူငယ်ချင်း ခြောက်ယောက် ခရီးသွားတဲ့ ပရိုဂရမ်လေးရိုက်ကြမယ်ဆိုပြီး စရိုက်ဖြစ်ခဲ့တာကနေစတာပေါ့။ ငပလီကနေစပြီး အခုဆို ယူရုပ်ထိတောင်ရောက်သွားပြီဆိုတော့ပျော်ဖို့အရမ်းကောင်းပါတယ်။ ရင်လဲခုန်ပါတယ်။ မရောက်ဖူးသေးတဲ့ ဒေသအသစ်တစ်ခုကို သွားရမှာဖြစ်တဲ့အတွက် နောက်ထပ် အတွေ့အကြုံသစ်တွေ၊ အမြင်သစ်တွေ အများကြီးရမယ်လို့မျှော်လင့်ပါတယ်။

-အဲ့ဒီခရီးစဉ်အတွက်ရော ဘယ်လိုမျိုးလေးပြင်ဆင်ထားလဲ။

အဓိက က အနွေးထည်တွေပေါ့။ သူတို့ဆီမှာက နွေရာသီဆိုပေမဲ့ သူတို့ရဲ့ အပူဆုံးက နှစ်ဆယ်လောက်ပဲဖြစ်တဲ့အတွက်ကြောင့် ဂျက်ကတ်တွေထည့်လာဖို့အတွက် ဟိုကလူတွေကမှာကြပါတယ်။ အဲ့ဒီတော့ အင်္ကျီထည့်ဖို့တွေ၊ နောက်သွားမဲ့ နေရာတွေကို ကြိုပြီးလေ့လာရတာမျိုးတွေရှိတယ်။ အဲ့ဒီနေ့မှာ အဲ့ဒီနေရာရဲ့ သမိုင်းကြောင်းအနည်းအကျဉ်းကို လေ့လာသင့်သလောက်တော့ လေ့လာထားပါတယ်။

-တတိယအခွေကရော ဘယ်လောက်ပြီးနေပြီလဲ။

တော်တော်များများတော့ပြီးနေပါပြီ။ ဒါပေမဲ့ ကျွန်တော်ကတော့ ထုံးစံအတိုင်းပဲ အနားနီးမှကြေညာပါ့မယ်။ Featuring တွေကတော့ ကျွန်တော်နဲ့တူတူ လက်တွဲလုပ်နေကြဖြစ်တဲ့ Frenzo ကသူငယ်ချင်းတွေပါပါမယ်။

-တတိယအခွေကအရင်သီချင်းတွေနဲ့ဘယ်လိုကွာခြားသွားမလဲ။

အကုန်ကွာခြားသွားမယ်။ လာမဲ့တတိယအခွေဟာ အခုလက်ရှိသီချင်းတွေပြီးသလောက်တော့ ကျွန်တော်အကြိုက်ဆုံးအခွေဖြစ်ပါတယ်။

-သီချင်းသစ်မထွက်တာရော ဘယ်လောက်ကြာနေပြီလဲ။

ကျွန်တော်တို့အနေနဲ့ သီချင်းသစ်မထွက်တာတော်တော်ကြာသွားပြီဗျ။ ရန်ကုန်မှာ လဲရှိုးမဆိုဖြစ်ဘူး။ စိုင်းစိုင်း မွေးနေ့ရှိုးကလွဲလို့ ရန်ကုန်ရှိုးမဆိုဖြစ်တာ တစ်နှစ်လောက်တောင်ရှိနေပါပြီ။ နောက်ပိုင်းဆိုရင်လဲ သီချင်းသစ်တွေရော ရှိုးတွေရော တောက်လျှောက်လာဖို့အစီအစဉ်ရှိပါတယ်။

-သီချင်းသစ်မထွက်တဲ့အချိန်မှာ ပရိသတ်တွေကလဲ အစ်ကိုတို့ရဲ့သီချင်းတွေကိုမျှော်လင့်ကြတယ်။ နားထောင်ချင်ကြတယ်။ ရှိုးတွေမှာဆိုရင်လဲ သီချင်းဟောင်းတွေကထပ်နေပြီဆိုတော့ ဒါနဲ့ပတ်သက်ပြီး ပရိသတ်တွေအတွက်ဘယ်လိုမျိုးလေးစဉ်းစားထားပေးလဲ။

အဲ့ဒါကြောင့်မို့လဲကျွန်တော်တို့ရန်ကုန်မှာ ရှိုးသိပ်မဆိုဖြစ်တာပါ။ ဆိုစရာသီချင်းအသစ်ကလဲ မရှိသေးသလို တောက်လျှောက်ဆိုလာတဲ့ရှိုးတွေကလဲ အရမ်းများလာပြီဖြစ်တဲ့အတွက် ရန်ကုန်ရှိုးကိုနားပြီးသီချင်းသစ်တွေကိုအာရုံစိုက်ပြီးလုပ်ဖြစ်နေပါတယ်။ frenzo production က ထွက်မဲ့ WTF ဆိုတဲ့အခွေကတော့ လာမဲ့ သြဂုတ်မှာထွက်ပါမယ်။ ကျွန်တော်ရယ်၊ စိုင်းစိုင်းရယ်၊ Snareရယ်၊ G Fatt ရယ်က မိန်းပေါ့။ နောက်သူငယ်ချင်းအဆိုတော်တွေလဲပါပါမယ်။ ကျွန်တော်တို့အားလုံးတစ်ယောက်ကို ၃ပုဒ်စီလောက်ရွေးထားကြပါတယ်။ ဒါပေမဲ့သီချင်းတွေကများနေတဲ့အတွက် ပြန်ရွေးမှာပါ။

-အရှေ့မှာလဲ Frenzo နဲ့အတူ နယ်လှည့်ဖျော်ဖြေပွဲတွေ၊ ပြည်ပဖျော်ဖြေပွဲတွေအများကြီးသွားခဲ့တာတွေ့ရတယ်။ အတွေ့အကြုံတွေနဲ့ မကြာသေးခင်ကမှ ဖျော်ဖြေပြီးပြန်လာတဲ့ စင်ကာပူရှိုးအကြောင်းကိုလဲပြောပြပေးပါဦး။

ကျွန်တော်တို့ Frenzo အနေနဲ့ နိုင်ငံတကာ  ရှိုးတွေ အများကြီးသွားဖြစ်တယ်။ ဒီနှစ်ထဲမှာရော အရင်နှစ်တွေထဲကရော စင်ကာပူကတော့ ဒီတစ်ခေါက်သွားတာ ဒုတိယမြောက်သွားဖျော်ဖြေဖြစ်တဲ့နိုင်ငံပေါ့။ ပထမတစ်ခေါက်ကထပ်ကိုပျော်ဖို့ကောင်းပါတယ်။ လူတွေလဲအရမ်းများတယ်။ ဒီနှစ်ပွဲကတော့ စီးပွားရေးအရရော အနုပညာအရရော အောင်မြင်တဲ့ ပွဲတစ်ပွဲလို့ပြောလို့ရပါတယ်။

-Charm ဇာတ်လမ်းတွဲ ဒုတိယပိုင်းကိုရော ဘယ်တော့လောက်စရိုက်ဖြစ်မလဲ၊ ပထမပိုင်းကိုလဲ ပရိသတ်တော်တော်များများအားပေးကြတယ်ဆိုတော့လေ။

သြဂုတ်မှာစရိုက်ပါမယ်။ ကျွန်တော်က သရုပ်ဆောင်နဲ့ပတ်သက်လို့လုံးဝအသစ်တစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် ခွင့်လွှတ်ပြီး နားလည်ပြီးကြည့်ပေးကြတဲ့သူတွေကို ကျေးဇူးအများကြီးတင်ပါတယ်။ ပရိသတ်တွေကြည့်ရှုတဲ့ နှုန်းတက်လာလို့သာ ဒီဇာတ်လမ်းတွဲကို ဆက်ပြီး အလုပ်လုပ်ခွင့်ရတာပါ။ အဲ့ဒါကြောင့် ပရိသတ်တွေအယောက်တိုင်းအယောက်တိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။

-ဒီဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး B Army ပရိသတ်တွေဆို ပိုပြီးအားပေးကြတယ်ဆိုတော့ သူတို့ကိုရော ဘာများပြောချင်ပါသလဲ။

ကျွန်တော့်ရဲ့ ပရိသတ်အယောက်တိုင်းအယောက်တိုင်းဟာ B Army ဖြစ်ပါတယ်။ B Army အယောက်တိုင်းအယောက်တိုင်းကို လဲ ကျေးဇူးအများကြီးတင်ပါတယ်။ သူတို့အားပေးလို့လဲ ကျွန်တော်က သီချင်းဆိုခွင့်ရတဲ့ ဘန်နီဖြိုးဖြစ်ခွင့်ရခဲ့ပြီးပါပြီ။ အခုသူတို့ထက်အားပေးခဲ့လို့ သရုပ်ဆောင်ပါလုပ်ခွင့်ရတယ်။ Charm အနေနဲ့လဲ ရပ်တည်ခွင့်ရတယ်။ သူတို့တွေက ကျွန်တော့ဘ၀အတွက်အရမ်းအရေးပါပါတယ်။

-အစ်ကို့ရဲ့ အမာခံပရိသတ်တွေကတော့ အားပေးပေမဲ့ အဆိုတော်ဖက်ကလာတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် အစ်ကို့သရုပ်ဆောင်မှုနဲ့ပတ်သက်ပြီး တချို့ကျတော့လဲ ဝေဖန်ကြတယ်။ ဒီဝေဖန်မှုအပေါ်မှာရော ဘယ်လိုမျိုးလေးပြင်ဆင်သွားမလဲ။ ဘယ်လိုမျိုးလေးသုံးသပ်မိလဲ။

ဝေဖန်ပေးတယ်ဆိုတာက လူတစ်ယောက်ကို ကောင်းစေချင်တဲ့စိတ်နဲ့အလေးထားတဲ့စိတ်နဲ့ဝေဖန်ပေးတာပေါ့။ သူတို့ရဲ့ မအားတဲ့ကြားထဲနေ ကျွန်တော်တို့ကားလေးကို အချိန်ပေးပြီးကြည့်ရှုပေးတယ်။ ဝေဖန်ပေးတဲ့အတွက်အများကြီးလေးစားပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်ဟာ အသစ်တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်မလုပ်တတ်တဲ့အရာတွေကို အခုမှစပြီးသင်ယူပြီးတော့ လုပ်နေရတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို နားလည်ပေးစေချင်ပါတယ်။ ကျွန်တော်လဲအကောင်းဆုံးကြိုးစားပါ့မယ်။ သူတို့ရဲ့ ဝေဖန်မှုတွေအားလုံးကိုလဲ ကျွန်တော်တို့နားထောင်ပါတယ်။ ကျွန်တော်တို့ကို Fan Page ကနေလာပြောတဲ့ဟာတွေကို Reply မပြန်သည့်တိုင်အောင်အားလုံးကိုဖတ်ပါတယ်။ တလေးတစားနဲ့နာယူပါတယ်။

-Charm ဇာတ်လမ်းတွဲလေးက အခုဆို အစ်ကိုနဲ့အဆင်ပြေတယ်ဆိုတော့ နောက်ပိုင်းမှာရော ဗီဒီယိုနဲ့ရုပ်ရှင်ဖက်ကို ကူးဖို့ရှိဦးမလား။

လောလောဆယ်တော့ မရှိပါဘူး။ ကျွန်တော်က သီချင်းဆိုတာကို ပဲ အဓိက အားသန်တဲ့သူဖြစ်တဲ့အတွက်သီချင်းပဲ အဓိက ဆိုဖြစ်မှာပါ။

-အာ့ဆို Charm 2 ပြီးရင် ကားရိုက်ပိုင်းကရပ်လိုက်မှာလား။

ကျွန်တော်က ဘာအလုပ်ပဲလုပ်လုပ် ကျွန်တော်ယုံကြည်တဲ့သူတွေနဲ့ပဲ ပေါင်းသင်းပြီးလုပ်လေ့လုပ်ထရှိပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်ယုံကြည်တဲ့သူတွေနဲ့ပဲပေါင်းသင်းပြီးလုပ်ခွင့်ရမယ်ဆိုရင် ကျွန်တော်ထပ်ပြီးတော့ ဘာပဲဖြစ်ဖြစ် လုပ်သင့်တဲ့အရာဆိုရင်ထပ်ပြီးတော့လုပ်ပါမယ်။

-Charm ဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီးတော့ရော ထွက်ရှိတော့မဲ့ သီချင်းအသစ်တွေနဲ့ပတ်သက်ပြီးတော့ရော ပရိသတ်ကို ဘာများပြောချင်ပါသလဲ။

ကျွန်တော်ဘာပဲလုပ်လုပ်ကျွန်တော့်ဖက်ကရပ်တည်ပြီးအားပေးပေးတဲ့ပရိသတ်တွေရှိနေတဲ့အတွက်ကြောင့်မို့လို့အလုပ်တွေဆက်လုပ်နေနိုင်တာပါ။ အဲ့ဒီအတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်။ ဆက်ပြီးတော့ ရပ်တည်ပေးဖို့လဲပြောချင်ပါတယ်။ ဆက်ပြီးတော့လဲ သီချင်းဆိုတာဖြစ်ပါစေ၊ သရုပ်ဆောင်တာဖြစ်ပါစေ ဘာတွေပဲဖြစ်ဖြစ် အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားပါမယ်။ ကျွန်တော့ကို ယုံကြည်ပေးတဲ့အတွက်ကြောင့် မျက်နှာမငယ်စေရပါဘူး။ စိတ်မပျက်စေရပါဘူး။

-လက်ရှိ အချစ်ရေးကရော ဘယ်လိုမျိုးဖြစ်သွားပြီလဲ။

လက်ရှိအချစ်ရေးကတော့ လွန်ခဲ့တဲ့ ခုနစ်နှစ်ကိုပြန်ရောက်သွားပါပြီ။ ကျွန်တော့်မှာ သီချင်းရယ်၊ ကျွန်တော့်သူငယ်ချင်းရယ်၊ ကျွန်တော့်ပရိသတ်ရယ်ပဲ ရှိပါတော့တယ်။

-အဲ့ဒါဆို  တစ်ယောက်တည်းဖြစ်သွားပြီပေါ့။

အေးပေါ့ဗျာ။ ခုကျွန်တော် လုံးဝ Single ပါ။

 

 

 

3 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.