အိမ်ထောင်ရေး အခြေအနေပေါ်မူတည်ပြီး ဖြစ်ပေါ်ခံစားရတတ်တဲ့ ရောဂါများ

music_9.jpg
သင့်ရဲ့ ကျန်းမာရေးဟာ သင့်ရဲ့ လက်ရှိအိမ်ထောင်ရေး အခြေအနေတစ်ခုတည်းကပဲ သက်ရောက်မှုရှိတာ မဟုတ်ဘဲ အတိတ်က နာကျင်မှုနဲ့ အဆုံးသတ်ခဲ့ရတဲ့ ဇာတ်လမ်းဟောင်းတွေကလည်း သက်ရောက်မှုရှိဆဲပဲ ဖြစ်ပါတယ်တဲ့။ ချစ်သူဟောင်းအကြောင်းကို ပြန်စဉ်းစားမိတာက ကိုယ်ခန္ဓာအစိတ်အပိုင်း တစ်ခုခုနာကျင်ရသလိုပဲ ဦးနှောက်ကိုလည်း နာကျင်စေတယ်လို့ ဆိုပါတယ်။ တွေ့ရှိခဲ့တဲ့ အိမ်ထောင်ရေးအခြေအနေအရ ပြောင်းလဲ ဖြစ်စေတတ်တဲ့ ရောဂါတွေကတော့-
 
နှလုံးရောဂါ
 
အိမ်ထောင်ရှိတဲ့သူတွေက တစ်ကိုယ်တည်းသမားတွေထက် နှလုံးရောဂါရနိုင်ချေ ပိုနည်းပါတယ်။ နောက်ပြီး နှလုံးခွဲစိတ်မှု ခံယူရတဲ့ အိမ်ထောင်ရှင်အမျိုးသားတွေက မြန်မြန်ပြန်ကောင်းနိုင်ချေရှိပါတယ်။ ချစ်သူနဲ့ လမ်းခွဲပြီး အိမ်ထောင်ရေးပြိုကွဲသွားသူတချို့ ခံစားရလေ့ရှိတဲ့ ယာယီ နှလုံးကြီးခြင်းရောဂါက စိတ်ရောကိုယ်ပါ ပင်ပန်းလွန်းတာကြောင့် ဖြစ်လာတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် နှလုံးကြီးခြင်းရောဂါက သွေးဆုံးပြီးစ အမျိုးသမီးတွေမှာ ဖြစ်တဲ့ရောဂါဖြစ်ပေမဲ့ အသည်းကွဲပြီးစ ယောက်ျားတွေနဲ့ မိန်းကလေးငယ်လေးတွေမှာလည်း ဖြစ်တတ်တာကို ထူးဆန်းစွာ တွေ့ရှိရပါတယ်။
 
သွေးဖိအား
 
အိမ်ထောင်ရေးပျော်ရွှင်တဲ့သူတွေက တကိုယ်တည်းသမားတွေထက် သွေးဖိအား ပိုနည်းပေမဲ့ စိတ်မချမ်းသာရတဲ့ အိမ်ထောင်သည်တွေကတော့ တကိုယ်တည်းသမားတွေထက် သွေးဖိအား ပိုများတတ်ပါတယ်။အိမ်ထောင်ရေး မပျော်ရွှင်တဲ့အတွက် စိတ်ဖိစီးမှု ဟော်မုန်းတွေထွက်စေပြီး နှလုံးခုန်နှုန်း ပိုမြန်စေတာကြောင့် သွေးဖိအားများရခြင်း ဖြစ်ပါတယ်။
 
အရက်သောက်ခြင်း
 
ကိုယ့်ရဲ့ အိမ်ထောင်ဖက်က ကိုယ်သောက်မယ့် အရက်ပမာဏနဲ့ အကြိမ်ရေအပေါ်မှာ အများကြီး အကျိုးသက်ရောက်မှု ရှိပါတယ်။ အိမ်ထောင်ရေး အဆင်မပြေတာနဲ့ နွေးထွေးမှု မရှိတာတွေက အရက်ပိုပြီးသောက်စေနိုင်ပြီး အပြန်အလှန်ဆိုသလိုပဲ အရက်သောက်တာများတဲ့အတွက်လည်း အိမ်ထောင်ရေး ပြဿနာတွေကို ပိုပြီး ဖြစ်စေတာကို တွေ့ရပါတယ်။
 
အိပ်စက်ခြင်း
 
ကိုယ်ချစ်ခင်ပြီး ယုံကြည်ရတဲ့သူရဲ့ဘေးမှာ အိပ်စက်ရတာက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ ကိုယ့်ဇနီး/ခင်ပွန်းက အိပ်မပျော်တဲ့ ရောဂါရှိသူတွေဟာ နေ့ဘက်မှာ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ အိပ်ရေးမဝခြင်းတွေကို ခံစားကြရတယ်လို့ ဆိုပါတယ်။ နောက်ပြီး အိမ်ထောင်ရေးပြဿနာတွေက အိပ်ရေးပျက်တာ၊ အိပ်မပျော်တာတွေကို ဖြစ်စေနိုင်ပါတယ်။
 
စိတ်ဖိစီးမှု ပမာဏ
 
ပုံမှန် ချစ်တင်းနှောခြင်းက စိတ်ဖိစီးမှုကို လျော့စေပြီး ကိုယ်ခံအားကို ကောင်းစေပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပိုမိုကျန်းမာစေပြီး စိတ်ကျေနပ်မှုကို ဖြစ်စေပါတယ်။ ကိုယ့်အိမ်ထောင်ဖက်က ဖောက်ပြန်နေရင်တော့ ဆန့်ကျင်ဘက်အကျိုးပဲ ရမှာဖြစ်ပါတယ်။သားသမီး ကိစ္စ၊ငွေရေးကြေးရေးနဲ့ အိမ်တွင်းရေးတွေကလည်း စိတ်ဖိစီးမှု အပေါ်မှာ တိုက်ရိုက်သက်ရောက်နေပါတယ်။
 
ကိုယ်အလေးချိန်
 
အိမ်ထောင်ရေး အဆင်ပြေပြီး အခြေကျတဲ့လူတွေက ကိုယ်အလေးချိန်တက်လာပြီး အိမ်ထောင်ရေးအဆင်မပြေသူတွေက ကိုယ်အလေးချိန် ရုတ်တရက် ကျသွားတတ်တာကို သုတေသနရလဒ်များအရ သိရှိနိုင်ပါတယ်။ဒါပေမဲ့ ပျော်ရွှင်တဲ့ အိမ်ထောင်ဖက်တွေက အချင်းချင်း ကျန်းမာအောင်နေနိုင်ဖို့  တစ်ယောက်ကို တစ်ယောက် တာဝန်ယူနိုင်ဖို့အတွက် ကျန်းမာရေးပိုလိုက်စားပြီး လေ့ကျင့်ခန်းလုပ်တာတွေနဲ့ ပြန်ပြီးထိန်းလေ့ရှိကြပါတယ်။
 
Ref:health
 
1 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.