လက်နက်ကိုင် အကြမ်းဖက်မှုတွေ ပိုမိုဖြစ်ပွားလာရတာ Hip-Hop ဂီတကြောင့်လား

capture.png2_.png
ပြီးခဲ့တဲ့အပတ် ဗုဒ္ဓဟူးနေ့ ညနေခင်းတုန်းက နယူးယော့ခ်မြို့တော်မှာ ကျင်းပခဲ့တဲ့ Rap အဆိုတော် T.I ရဲ့  ဖျော်ဖြေပွဲမှာ သေနတ် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး လူ ၃ ယောက် ဒဏ်ရာရကာ ၁ ယောက် သေဆုံးသွား ခဲ့ပါတယ်။ အဲဒီကိစ္စ ရဲ့  နောက်ဆက်တွဲ အနေနဲ့တော့ အခြေအနေ မတည်ငြိမ်မှုတွေဆီ ဦးတည်သွားနိုင်တဲ့ ဝေဖန်မှုတွေ ဖြစ်လာခဲ့ပါတယ်။  အထက်ပါ အခင်းဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး နယူးယော့ခ်ရဲတပ်ဖွဲ့(NYPD) ရဲ့  ကော်မရှင်နာ တစ်ယောက်ဖြစ်တဲ့ William Bratton က Hip-Hop ယဉ်ကျေးမှုကို ဝေဖန်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ သူပြောခဲ့တာကတော့ ထို အခင်းဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး “Rap အဆိုတော်တွေခေါ်ဆိုနေကြတဲ့ ရူးနှမ်းတဲ့ ကမ္ဘာကြီး” လို့ သုံးနှုန်းကာ Hip-Hop ကို အပြစ်တင်လိုက်တာပဲ ဖြစ်ပါတယ်။
 
သူ့ရဲ့  အပြစ်တင်မှု နဲ့ ပတ်သက်ပြီး မှားယွင်းနေတာတစ်ချို့ကို အရင်ဆုံး ထောက်ပြလိုပါတယ်။ တကယ်တော့ Hip-Hop ယဉ်ကျေးမှု ဆိုတာဟာ အနုပညာဆန်တဲ့ ဖွင့်ဟ ပြောဆိုခြင်း ပုံစံ တစ်ခုဖြစ်ပါတယ်။ ကော်မရှင်နာ Bratton ဟာ Rap စာသားတွေကို ရည်ညွှန်းပြောဆိုလိုတယ် ဆိုရင်တောင်မှ လွတ်လပ်စွာပြောဆိုခွင့်ဆိုတဲ့ Freedom of Speech ဟာ Rapper တွေ ရဲ့  ခံစားချက်အတိုင်း လွတ်လပ်စွာ ဖွင့်ဟ ရွတ်ဆိုခွင့်ဆိုတဲ့ လူ့အခွင့်အရေး ကို ကာကွယ်ပေးထားပြီးသားဖြစ်ပါတယ်။
 
ဒီနေရာမှာ ရဲကော်မရှင်နာ Bratton အနေနဲ့ လက်နက်ကိုင် အကြမ်းဖက်မှုတွေ ဟာ အနုပညာ တွေကနေ စတင်တယ်လို့ သတ်မှတ်မယ်ဆိုရင်တော့ သူ့အနေနဲ့ “The Godfather” ၊ “Breaking Bad” စတဲ့ ရုပ်ရှင် ဇာတ်လမ်းတွေကိုပါ အပြစ်တင်ရမလို ဖြစ်နေပါတယ်။ အမေရိကန် ပြည်ထောင်စု မှာ Hip-Hop ယဉ်ကျေးမှုကို အန္တရာယ်ရှိတဲ့ ဂီတ ပုံစံ တစ်ခုအဖြစ် သတ်မှတ်မယ်ဆိုရင် Hip-Hop ယဉ်ကျေးမှုနဲ့ Rap ဂီတဟာ အမေရိကန် သမိုင်းထဲက အသားရောင်ခွဲခြား ဆက်ဆံမှုတွေ ကို ဆန့်ကျင် တိုက်ဖျက်ခြင်း ရဲ့  အရင်းအမြစ် တစ်ခုဖြစ်ခဲ့တာကို မေ့ထားလို့ မရနိုင်ပါဘူး။
 
Hip-Hop တွေမှာ အကြမ်းဖက်တဲ့ စာသားတွေ ပါဝင်နေတတ်တာကတော့ မှန်ကန်ပါတယ်။ ဒါပေမယ့်လည်း အဲဒါဟာ အမေရိကန် လူ့အဖွဲ့အစည်း မြောက်များစွာထဲမှာ ဖြစ်ပျက်နေတဲ့ အမှန်တရားတွေကို အနုပညာ ဆန်စွာ ပုံရိပ် ထင်ဟပ်စေခြင်း လို့လည်း သတ်မှတ်နိုင်ပါတယ်။  Rap အဆိုတော် တစ်ယောက် ဖြစ်တဲ့ Killer Mike ကလည်း တစ်ချိန်တုန်းက ပြောဆိုခဲ့ဖူးတာ တစ်ခုရှိပါတယ်။ အဲဒါကတော့  “ ဒီနှစ်ပိုင်းတွေအတွင်းမှာ Hip-Hop ဟာ နယူယော့ခ်လို မြို့ကြီးတွေရဲ့  အကြမ်းဖက် ဂိုဏ်းတွေရဲ့  သဘောတရားတွေကို ဖွင့်ဆိုထားတာတွေ များခဲ့ပါတယ်။ အဲဒီအချိန်ကတည်းကစပြီး မရေမတွက်နိုင်တဲ့ လူငယ်တွေကို ဆင်းရဲမွဲတေခြင်း နဲ့ အမေရိကန် မြို့တွင်းဒေသ အကြမ်းဖက်မှုတွေကနေ လွတ်မြောက်နိုင်မယ့် အခွင့်အရေး တွေကို ပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။ Rapper Ice T ပြောခဲ့သလိုပဲ ‘ကျွန်တော်သာ Rap ဆိုဖို့ အခွင့်အရေး မရခဲ့ရင် ကျွန်တော် သေရင်သေ မသေရင် ထောင်ထဲရောက်နေလိမ့်မယ်။’ Hip-Hop ဟာ အကြမ်းဖက်မှုတွေရဲ့  ဒဏ်ရာဒဏ်ချက်တွေဖြစ်ခဲ့တာကတော့ မှန်ပါတယ်။ Tupac Shakur နဲ့ the Notorious B.I.G တို့ဟာ ဥပမာတွေပါပဲ။ သူတို့ ၂ ယောက်ဟာ အရေးပါပြီး လွှမ်းမိုးမှုအားအကောင်းဆုံး အနုပညာရှင်တွေဖြစ်ခဲ့ပေမယ့်လည်း သူတို့ဟာ အရွယ်ကောင်းရောက်ချိန်မှာပဲ လက်နက်ကိုင် ပစ်ခတ်မှုတွေကြောင့် သေဆုံးသွားခဲ့ရပါတယ်။
 
ဒါပေမယ့်လည်း အဲဒီလို အကြမ်းဖက်မှု တစ်ခုချင်းစီကနေ ဘ၀တွေကို ကယ်တင်လိုက်နိုင်မှုတွေ ၊ ပိုမို သန်မာသွားစေမှုတွေလည်း မရေမတွက် နိုင်အောင် ရှိခဲ့ပါတယ်။ ဒီတစ်ခုကိုတော့ ယုံကြည်လိုက်ပါ။ တစ်နေ့ကို နာရီအနည်းငယ်ကြာ Rap စာသားတွေရေးသားပြီး အချိန်ဖြုန်းနေတဲ့ ချာတိတ်တွေဟာ လူ့အဖွဲ့အစည်း ကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး။ သူတို့လေးတွေဟာ လူ့အဖွဲ့အစည်းရဲ့  ခြိမ်းခြောက်မှုတွေအောက်က လွတ်မြောက်ဖို့ ကြိုးစားနေကြတာပါ။” လို့ Killer Mike က မှတ်ချက်ပြုခဲ့ဖူးပါတယ်။ ဖြည့်သွင်းပြောဆိုရမယ်ဆိုရင်တော့ Hip-Hop တွေ နားဆင်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ် မှုတွေ အတွက် အထောက်အကူ ဖြစ်နိုင်တယ်ဆိုတဲ့ သက်သေတွေလည်း ရှိခဲ့ဖူးပါတယ်။ ကမ်းဘရစ်ခ်ျ တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရတော့ Hip-Hop ဟာ စိတ်ဖိစီးမှုတွေ ၊ မှတ်ဥာဏ်ဆိုင်ရာ ချို့ယွင်းမှု တွေ ၊ တစ်ခုခုကို စွဲလန်းနစ်မျောနေမှုတွေကို တိုက်ဖျက်ပေးနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ဖူးပါတယ်။
 
စိတ်ပညာဗေဒ ကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့ ဒေါက်တာ Akeem Sule ဆိုသူက လည်း အခုလို မှတ်ချက်ပြုပြောဆိုခဲ့ဖူးပါသေးတယ်။ “ Hip-Hop အများစုဟာ လူမှုစီးပွားရေးဆိုင်ရာ ချို့တဲ့ဆုံးရှုံးမှု အကြီးစားတွေရဲ့  ဧရိယာတွေကနေ ထွက်ပေါ်လာတာပါ။ ဒါကြောင့် Hip-Hop စာသားတွေဟာ ထို ဧရိယာတွေမှာနေထိုင်သူတွေ ရင်ဆိုင်နေရတဲ့ ဆင်းရဲ မွဲတေမှု ၊ တန်းတူမညီမျှမှု ၊ မှုခင်း နဲ့ မူးယစ်ဆေးဝါး စတဲ့ အကြောင်းအရာတွေကို တန်ပြန် ထင်ဟပ်စေတာပဲ ဖြစ်ပါတယ်။ တစ်ခုခုကနေ ရုန်းထွက်ဖို့ ခက်ခဲနေတဲ့ စိတ်ရောဂါ တစ်ချို့အတွက်တော့ အဲဒီ စာသားတွေက အဓိက ဖြေရှင်းမှုတွေ ဖြစ်နေတာကို ကျွန်တော်တို့ တွေ့ခဲ့တယ်။ Hip-Hop အနုပညာသမားတွေဟာ သူတို့ရဲ့  အရည်အချင်း နဲ့ ကျွမ်းကျင်မှု(Skills) တွေကို သူတို့မြင်တဲ့ ကမ္ဘာကြီး အကြောင်း ဖော်ပြဖို့အတွက်ပဲ အသုံးချတာ မဟုတ်ပါဘူး။ လွတ်လပ်ခြင်းရဲ့  အဓိပ္ပာယ်တွေကိုလည်း ဖွင့်ဆိုလေ့ရှိကြပါတယ်။ Hip-Hop ရဲ့  ကြွယ်ဝပြီး အမြင်ကျယ်တဲ့ အရေးအသား စတိုင်လ်တွေဟာ  လူဦးရေ တစ်ခုအတွက် ထိရောက်ပြီး စိတ်ဖိစီးမှုဝေဒနာ ခံစားနေရသူတွေကိုလည်း သူတို့ကိုယ်သူတို့ အကောင်းမြင်တတ်လာအောင် ၊ ကိုယ့်အခြေအနေ ကိုယ်သိလာအောင် ၊ အနာဂါတ်ကို နားလည်လာအောင် ကူညီပေးနိုင်တဲ့ ကုထုံးတွေ အဖြစ် အသုံးဝင်လာနိုင်တယ်ဆိုတာကို ကျွန်တော်တို့ ယုံကြည်ပါတယ်"တဲ့။
 
ဆောင်းပါးအထက်ပိုင်းမှာ ဖော်ပြခဲ့တဲ့ အခင်းဖြစ်ပွားမှုကို ပြန်လည် ကောက်ချက်ချမယ်ဆိုရင် ရဲကော်မရှင်နာ Bratton ပြောတာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတာက Hip-Hop ဟာ တစ်ကယ်တမ်း ယဉ်ကျေးမှုဆိုင်ရာ ငြိမ်းချမ်းရေး အတွက် ကူညီပေးနိုင်တယ်ဆိုတာပါ။ အသားအရောင်ခွဲခြားမှုတွေ၊ လူမျိုးရေးခွဲခြားမှု တွေကို ဆန့်ကျင်တိုက်ဖျက်နိုင်သလို တန်းတူညီမျှခြင်းအတွက်လိုအပ်ချက်ဖြစ်တဲ့ ဆင်းရဲမွဲတေမှု ရဲ့  အဓိက အကြောင်းအရာတွေကို ဖွင့်ဆိုင်နိုင်စွမ်းရှိနေလို့ပဲ ဖြစ်ပါတယ်။
 
အမေရိကန်ပြည်ထောင်စု အတွင်းမှာ လက်ရှိ အမြင်မှားနေကြတာကတော့ သေနတ် ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး ဂီတ အမျိုးအစားတစ်ခုကို အပြစ်တင်ဖို့ ကြိုးစားနေခြင်းပဲ ဖြစ်ပါတယ်။ အဲဒီ အပြစ်တင်ခြင်းဟာ လူထုကို ပြဿနာ ရဲ့ အရင်းအမြစ်နဲ့ ဝေးကွာသွားစေပါတယ်။ သေနတ်ပစ်ခတ်မှုဟာ တရားမ၀င် သေနတ် ကိုင်ဆောင်မှုတွေကနေ စတင်လာတာပါ။ သေနတ်ကိုင်ဆောင်မှုတွေ ပိုများလာတာနဲ့ အမျှ ၊ သေနတ် ပစ်ခတ်မှုကြောင့် လူသေဆုံးမှုတွေလည်း တိုးလာမှာပါ။ အမေရိကန် ပြည်ထောင်စု ဟာ ကမ္ဘာ့ မြို့တော်အလိုက် လက်နက်ကိုင်ဆောင်မှုစာရင်းမှာ နံပါတ် တစ် ဖြစ်နေသလိုပဲ ဖွဲ့ဖြိုးပြီးနိုင်ငံတွေထဲမှာတော့ သေနတ်ကြောင့် သေဆုံးမှုနှုန်း အမြင့်ဆုံး နိုင်ငံ ဖြစ်နေပါတယ်။ နှစ်စဉ် အမေရိကန်နိုင်ငံသား ၃ သောင်းခန့်ဟာ သေနတ် ပစ်ခတ်မှုကနေ သေဆုံးနေရပါတယ်။ ပျမ်းမျှအားဖြင့်တော့ တစ်နေ့ကို လူဦးရေ ၉၀ ခန့် သေနတ် ပစ်ခတ်မှုကြောင့် သေဆုံးနေရတယ်လို့ အချက်အလက် ဖော်ပြချက် အချို့ အရ သိထားရပါတယ်။
 
ဒါကြောင့် အမေရိကန် ပြည်ထောင်စုအတွင်း ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေအကြောင်း ပြောမယ်ဆိုရင် သေနတ်တွေအကြောင်း ကို စတင်ဖြေရှင်းဖို့ ကြိုးစားရပါလိမ့်မယ်။ ဒါဟာ Hip-Hop နဲ့ သက်ဆိုင်ခြင်း အလျှင်းမရှိပါဘူး။
 
မူရင်းရေးသားသူ – John Haltiwanger (Elitedaily သတင်းဌာန၏ နိုင်ငံရေးသတင်း အကြီးတန်း အယ်ဒီတာ)
Ref:elitedaily
 
 
513 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.