အနုပညာရှင်တစ်ယောက်ဆိုပေမယ့် ပုန်းလျှိုးကွယ်လျှိုး နေရတာမျိုး မကြိုက်တဲ့အကြောင်း ဖွင့်ဟလာတဲ့ အောင်ထက်

capture.png

သီချင်းဆိုပြိုင်ပွဲအစီအစဉ်တွေ ဖြစ်တဲ့ ဆိုကြမယ် ပျော်ကြမယ်၊ ဂီတတံခါးလေးဖွင့်ပါဦး ၊ သံစဉ်လမ်းကလင်းလက်ကြယ်၊ ဆိုလိုက်ကြစို့၊ Myanmar Super Star အပြင် အိပ်မက်ဆုံရာ ရာသက်ပန် အစီအစဉ်မှာပါ ပါဝင်ယှဉ်ပြိုင်ရင်းဆုတွေအရယူခဲ့သူကတော့ အောင်ထက်ပါ။ အောင်ထက်ဟာ ဟေး မိတ်ဆွေဆိုတဲ့ တစ်ကိုယ်တော်တေးအယ်လ်ဘမ်ကို မတ်လမှာ ထွက်ရှိထားပြီး လက်ရှိမှာတော့ အမ်တီဗီရိုက်ကူးဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ ဒါ့အပြင် သူငယ်ချင်းတွေနဲ့လဲ အုပ်စုလိုက် အခွေ ၂ ခွေပြင်ဆင်နေပြီး နယ်ရှိုးတွေပြည်ပရှိုးတွေ ရန်ကုန်ရှိုးတွေနဲ့ မအားမလပ်ဖြစ်နေတဲ့ အောင်ထက်ကို ဂီတရေးရာအကြောင်းများကို မေးမြန်းဖြစ်တဲ့အခါ

-လက်ရှိ ဂီတလှုပ်ရှားမှု အနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။

လက်ရှိတော့ ဟေး မိတ်ဆက် အခွေကို လဲ အမ်တီဗီရိုက်ဖို့အတွက် စပြီးပြင်ဆင်နေပြီ။ ပြီးတော့ သူငယ်ချင်းတွေနဲ့တူတူထွက်မဲ့ အခွေ ၂ အခွေအတွက်လဲ သီချင်းတွေပြင်ဆင်နေတယ်။ ပြီးတော့ မြူးဆစ်နဲ့ပတ်သက်တဲ့သင်တန်းတွေလဲတက်နေတယ်။ ကြော်ငြာသီချင်းလေးတွေဆိုပေးဖြစ်တယ်။ ကြိုးစားဆဲ လူငယ်တွေနဲ့ဝင်ကူဆိုပေးနေတာမျိုးလေးတွေလဲ လုပ်နေတယ်။ တခြားရှိုးတွေလဲ လက်ခံထားတာရှိပါတယ်။

-ဟေး မိတ်ဆွေအခွေရဲ့ ပရိသတ်အားပေးမှုအခြေအနေကဘယ်လိုမျိုးရှိလဲ။

ဟုတ်ကဲ့။ အသိအမှတ်ပြုမှုကို ခံရပါတယ်။ သူတို့ရဲ့ အကြံပေးမှုကလွဲလို့ နောက်တစ်ခွေကျရင် နောက်တစ်မျိုးလေး လုပ်ပါလားဆိုတာကလွဲလို့ တခြားဘာမှမရှိပါဘူး။ အခွေအတွက် စိတ်ကျေနပ်စရာကောင်းတယ်လို့ပြောရမှာပေါ့။ အားပေးမှုရတယ်ပေါ့။

-ဟေးမိတ်ဆွေအခွေထဲမှာ ပရိသတ်အားပေးခဲ့တဲ့ သီချင်းတွေကရော ဘယ်သီချင်းတွေဖြစ်မလဲ။

တစ်ယောက်တစ်မျိုးစီပေါ့။ သီချင်းတစ်ပုဒ်စီမှာလဲ ခံစားမှုတစ်မျိုးစီပါတယ်။ ဟေးမိတ်ဆွေ၊ ကိုယ့်ချစ်သူ၊ အချစ်တေးကဗျာ၊ ရွက်ကျပင်၊ မနေနိုင်ဘူး။ အများကြီးပဲပေါ့။ အချစ်သီချင်းနဲ့အလွမ်းအဆွေး သီချင်းလေးတွေပိုကြိုက်ကြတယ်။

-သူငယ်ချင်းတွေနဲ့လုပ်နေတဲ့အခွေအကြောင်းလေးတွေနဲ့လဲမိတ်ဆက်ပေးပါဦး။

၂ခွေလုပ်နေတယ်။ တစ်ခွေက အိပ်မက်ဆုံရာ ရာသက်ပန်မှာဆုရခဲ့တဲ့ ပ ၊ ဒု ၊ တ သုံးယောက် ကို Forever BEC ကထုတ်ပေးတာပေါ့။ ပထမဆုက ၅ ပုဒ်ခွဲ၊ ဒုတိယဆုက ၃ ပုဒ်ခွဲ ၊ တတိယရတဲ့သူက ၃ ပုဒ်ပေါ့။ လုပ်တာက ပြိုင်ပွဲပြီး သိပ်မကြာဘူး စလုပ်ဖြစ်တယ်။ သီချင်းတွေစအပ်တယ်။ ဆရာသုံးယောက်ရဲ့သီချင်းတွေပါမယ်။ ပြီးတော့ တခြားအပြင်ကတေးရေးတွေလဲ ပါတယ်။ ဦးညီသွင်၊ ဦးရယ်ဂျီ ၊ ကိုစလိုင်း အများကြီးပဲပေါ့။ နောက်တစ်ခွေက လုပ်နေတာ ၆နှစ်လောက်ရှိပြီ။ ကျွန်တော် ဆုမရခင်ကတည်းကပေါ့။ အစကတော့ ကျွန်တော်မပါဘူး။ အခုဆုရပြီးမှ ကျွန်တော်ပါ ပါတာပေါ့။ အခွေနာမည်လေးက SALT တဲ့။ ဗီစီဒီပါ တစ်ခါတည်း ထွက်မှာပါ။ ကျွန်တော်ရယ်၊ လီရိုဘိုဘို၊ စောဖြိုးဝေကျော်၊ နောက်သော်ကြီးရယ်ပါ။ ကျွန်တော်တို့နာမည် အစစာလုံးလေးတွေကို အခွေ Title အနေနဲ့ပေးဖြစ်ခဲ့တာပါ။ ဒီအခွေမှာ အားလုံးက ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုတွေကြီးပါပဲ။

-ရှိုးတွေအနေနဲ့လက်ခံထားတာဘာများရှိမလဲ။

ဒီလထဲမှာတော့ ရန်ကုန်မှာပဲရှိမယ်။ နောက်လထဲမှာတော့ ကျွန်တော်နယ်လဲရှိမယ်။ နိုင်ငံခြား ခရီးစဉ်လရှိမယ်။ စင်ကာပူပေါ့။ အဲ့ဒီကိုသွားရမယ်။ ကျွန်တော်ရယ်၊ ကိုဇော်ပိုင်၊ မဆုန်သင်း၊ ကိုဟက်ကတ်၊ နောက်ကယ်ရိုလိုင်း ၊ ကိုသောမတ်စ်လဲ ပါမယ်။ ကယားပြည်နယ်အတွက် ရန်ပုံငွေပွဲပါ။ ၂၅ ရက်နေ့သွားမယ်။ ၂၆ ကပွဲပေါ့။ ၂၇ ဆိုပြန်လာပါမယ်။ ထွက်ထားတဲ့အခွေထဲက သီချင်းတော်တော်များများဖျော်ဖြေဖြစ်ပါမယ်။

-စပြီးပြိုင်ပွဲဝင်ကတည်းကနေ ခုချိန်မှာ ပရိသတ်အားပေးမှုအပေါ် စိတ်ကျေနပ်မှု အတိုင်းအတာ ဘယ်လောက်ထိရှိမလဲ။

စိတ်ကျေနပ်မှု အပြည့်အ၀ရှိတယ်။ ကျွန်တော့်အပေါ်အားပေးကြတဲ့သူတော်တော်များများက သီချင်းဆိုတာကို သဘောကျပြီးအားပေးကြတဲ့သူတော်တော်များများရှိတယ်။ ပြီးတော့ ကျွန်တော့်ကို ချစ်ပြီးတော့ ပုံမှန်အားပေးမှုထက်ပိုတဲ့အားပေးမှုတွေလဲရှိတယ်။ အများကြီးပါပဲ။ သီချင်းကိုကြိုက်လို့အားပေးတာလဲရှိတယ်။ အစုံပါပဲ။ သေချာတာကတော့ သီချင်းကို ခံစားပြီးအားပေးကြတာပိုများပါတယ်။

-သီချင်းဆိုတာအပြင် တခြားဘာတွေရော လေ့လာဖြစ်သေးလဲ။

မြူးဆစ်နဲ့ပတ်သက်တဲ့လေ့လာမှုမျိုးတွေလုပ်ဖြစ်တယ်။ ပွဲလဲအများကြီးလက်မခံဖြစ်တော့ဘူး။ လေ့လာမှုဖက်ကိုပဲ အာရုံပြန်စိုက်နေတယ်။ စန္ဒရားတီးတာ၊ တယောတီးတာ ၊ Piano တီးတာတွေကိုလေ့လာနေတယ်။ တူရိယာနဲ့ပတ်သက်တာမှန်သမျှကျွန်တော်သဘောကျတယ်။ ကြိုက်တယ်။ လေ့လာဖြစ်တယ်ပေါ့။

-ပြိုင်ပွဲကနေ ဂီတလောကထဲကို ရောက်လာတဲ့သူဖြစ်တဲ့အတွက် ပရိသတ်လက်ခံပြီးအောင်မြင်တဲ့နေရာတစ်ခုကို ရရှိတဲ့အခါ အဲ့ဒီနေရာက အစ်ကိုနဲ့ရော အံဝင်ခွင်ကျဖြစ်ရဲ့လား။

တစ်သားတည်းဖြစ်ပါတယ်။ အနုပညာရှင်ဆိုတာလဲ လူပဲလေ။ ဒါပေမဲ့ အနုပညာအလုပ်လုပ်နေလို့သာပုံမှန်အလုပ်လုပ်တဲ့သူနဲ့မတူတာပေါ့။ အနုပညာအလုပ်လုပ်တဲ့အတွက် အနုပညာရှင်ဖြစ်တယ်။ ကျွန်တော့်အမြင်ကတော့ အားလုံးကအတူတူပါပဲ။

-ဒီလောကရဲ့ ဝေဖန်မှုနဲ့ ကောလာဟလတွေကြားထဲမှာ ကိုယ့်စိတ်ကိုဘယ်လိုထားပြီးနေဖြစ်လဲ။

အနုပညာအလုပ်လုပ်တယ်ဆိုတာ ပုံမှန်အလုပ်လုပ်တဲ့သူထက်တော့ ပိုပြီး ထင်ထင်ပေါ်ပေါ်ရှိတယ်။ အဲ့ဒီအခါကျတော့ တစ်ခုခုလုပ်တယ်ဆိုရင်သေးသေးလေး လုပ်တာကအစ အားလုံးမြင်သာတယ်လေ။ ကောလာဟလဆိုတာမျိုးကလဲရှိမှာပဲ။ အဲ့ဒီအပေါ်မှာဘာမှမရှိဘူး။ အနုပညာ အလုပ်လုပ်ပြီဆိုပြီး လူမမြင်သူမမြင်တာမျိုးလဲမလုပ်ခဲ့ဘူး။ နေလဲမနေတတ်ဘူး။ ကျွန်တော့်မိတ်ဆွေအပေါင်းအသင်းတွေနဲ့ လက္ဘ်ရည်ဆိုင်ထိုင်ရင်ထိုင်မယ်။ ပေါ့ပေါ့ပါးပါးသွားလာရင်လဲသွားလာနေမယ်။ တခြားဘာမှတော့မရှိဘူး။ အဲ့ဒီလိုနေမှပဲ တန်တယ်လို့ထင်တယ်။ လူ့ဘ၀နေရတာတန်တယ်။ ကိုယ်လုပ်ချင်တဲ့အလုပ်နဲ့လဲ ၀မ်းစာရှာခွင့်ရတယ်။ ပြီးတော့ ကိုယ်ကိုတိုင်လဲ ဒီအလုပ်လုပ်ရတာပျော်တယ်။ ပုန်းလျှိုးကွယ်လျှိုးနဲ့နေရတာကိုမနေတတ်ဘူး။ နေလဲမနေချင်ဘူး။ အဲ့ဒီလိုမနေတတ်တဲ့အတွက်သေချာတာတစ်ခုက ကျွန်တော့်ကို အပြင်မှာ ခဏခဏတွေ့ရမယ်။ ကောလာဟလတွေလဲ အများကြီးရှိမယ်။ ပုံမှန်လူတစ်ယောက်လိုပဲနေထိုင်တဲ့အတွက် အရင်သွားလာနေသလိုပဲ သွားလာနေတာဖြစ်တဲ့အတွက် ကောလာဟလကတော့ထွက်နိုင်တယ်။ မိန်းကလေး၊ ယောကျာ်းလေးစသဖြင့်ပေါ့။ သူတို့တွေနဲ့သွားလာတာမျိုးရှိမယ်။ ဘာမှမဟုတ်တာတော့ ကျွန်တော်ပဲသိတယ်။ ဘေးကတော့ အမြင်နဲ့ပြောကြဆိုကြတာမျိုးဆိုတော့ ဘာမှတော့ မဖြစ်ပါဘူး။ အပြောမခံချင်ရင် သီချင်းဆိုတဲ့ အချိန်ပဲထွက်ဆိုပြီး ကျန်တဲ့အချိန်ကျ တိတ်တိတ်ဆိတ်ဆိတ်နေရမှာပေါ့။ အဲ့ဒီလိုမျိုးကျတော့လဲ ကျွန်တော်မနေတတ်ဘူး။ တစ်သက်လုံးက လူအများစုကြားထဲမှာနေလာတာဆိုတော့ တစ်ယောက်တည်းမနေတတ်ဘူးဗျ။ ပျင်းတယ်။

-အားပေးနေဆဲ ပရိသတ်တွေကိုရော အစ်ကိုထွက်ရှိဦးမဲ့ အခွေတွေနဲ့ ပတ်သက်ပြီး ဘယ်လိုပြောပြချင်လဲ။

သူငယ်ချင်းတွေနဲ့ထွက်မဲ့ အခွေတွေလဲရှိပါတယ်။ အားလုံးကအသစ်ဆိုပေမဲ့ သေချာကြိုးစားထားကြတဲ့အတွက် ကျွန်တော်နဲ့တူတူ သူငယ်ချင်းတွေရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပေးဖို့မျှော်လင့်ပါတယ်။ အားလုံးခံစားရတဲ့အတိုင်း အသိအမှတ်ပြုပေးကြပါလို့ပြောချင်ပါတယ်။

1 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.