အချစ်ရေးက Single ပါလို့ပြောလာတဲ့ အလင်းရောင်က ဇွန် ၅ ရက်နေ့မင်္ဂလာမန္တလေးမှာပြုလုပ်မဲ့ ပရိုမိုးရှင်းကို လာခဲ့ပါဦးလို့ မန္တလေးပရိသတ်ကို တောင်းဆို

13180922_1744661015792809_128541520_n.jpg

ထားဝယ်ထုတ်လုပ်ရေးနဲ့ကားကြီး ၅ကား၊ မဟာထွန်းထုတ်လုပ်ရေးနဲ့ ဗီဒီယိုကား ၂၀ စာချုပ်ချုပ်ထားတဲ့ အလင်းရောင်ဟာ လက်ရှိမှာတော့ ထားဝယ်ထုတ်လုပ်ရေးရဲ့ပထမဆုံးကားကြီးအနေနဲ့ 3 Girls ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ဒါ့အပြင် ဇွန် လ ၅ ရက်နေ့မင်္ဂလာမန္တလေးမှာ ကျင်းပပြုလုပ်မဲ့ ပရိုမိုးရှင်းပွဲကို လာရောက်အားပေးဖို့သူ့ပရိသတ်များကို ဖိတ်ခေါ်ခဲ့သလို မိုးဖြိုင်ဖြိုင်ရွာသွန်းခဲ့တဲ့ မေလ ၂၂ ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ Oh My Crush စီဒီအခွေလေးရဲ့ ရောင်းအား အခြေအနေနဲ့ပတ်သက်ပြီး ပြောပြလာတဲ့အခါ

"မိုးကဆက်တိုက်ရွာနေတယ်။ ပွဲက လုံးဝသင်္ကြန်ပွဲလိုဖြစ်သွားတယ်။ မိုးတွေရွာတော့ Feeling အောက်တာပေါ့။ ဘာလို့လဲဆိုတော့ မိုးမရွာဘူးဆိုရင် ကျွန်တော်လဲပွဲကို သေသေချာချာစီစဉ်ဖြစ်မယ်။ ကျွန်တော့ကို အားပေးနေတဲ့ ပရိသတ်တွေလဲ အများကြီးလာလို့ရမယ်။ မိုးတွေအရမ်းရွာနေတဲ့အတွက် ပရိသတ်အများကြီးတော့ မလာဖြစ်လိုက်ဘူး။ မိုးကတားတော့တားထားတယ်။ အဲ့ဒီနေ့က အိပ်မပျော်လို့ကို အစောကြီးထပြီး မိုးသွားတားထားတယ်။ ဒါပေမဲ့ မုန်တိုင်းရှိတော့ မိုးက တားလို့မရဘူး။ အမှန်အတိုင်းပြောရရင် အဲ့ဒီပွဲမှာ ကျွန်တော်က ပရိသတ်တွေနဲ့ဂိမ်းဆော့မယ်။ လက်ဆောင်တွေလဲပေးဖို့ပြင်ထားတာတွေရှိတယ်။ ဒါပေမဲ့ အဲ့ဒါတွေလဲ တစ်ခုမှ မပေးလိုက်ရဘူး။ ဒါပေမဲ့ အိမ်ကထွက်လို့ရတဲ့ ပရိသတ်တွေကတော့ အများကြီးလာကြပါတယ်။ အခြေအနေကောင်းတယ်လို့ပြောရမှာပေါ့။ City Mart နဲ့ဖြန့်ချိရေးက ဖြန့်ထားတဲ့ အခွေအရေအတွက်ကတော့ အတိအကျမသိရသေးဘူး။ တစ်လလောက်ကြာမှသိရမယ်။ အခုရောင်းတဲ့ဟာကတော့ ပွဲနေ့က ၃၂၀ ၊ ပွဲမတိုင်ခင်က မြစ်ကြီးနားက အော်ဒါ ၅၀၀ မှာတယ်။ နယ်ဖက်က ၁၀၀ မှာတယ်ဆိုတော့ စုစုပေါင်း ၉၀၀ ကျော် ရောင်းပြီးသွားပါပြီ။ တခြားနယ်ဖက်တွေတော့ ပရိုမိုးရှင်းမဆင်းဖြစ်တော့ဘူး။ ဒါပေမဲ့ မန္တလေးမှာတော့ ခြောက်လပိုင်း ၅ ရက်နေ့မင်္ဂလာမန္တလေးမှာ ညနေ ၅ နာရီကနေ ၈ နာရီထိလုပ်ပါမယ်။ ကျွန်တော်ကမန္တလေးကဆိုတော့လေ ပရိသတ်တွေလာအားပေးမယ်လို့တော့ ထင်ပါတယ်။ လူတွေလာကြမလား။ မလာကြဘူးလား။ နောက်ရာသီဥတုအခြေအနေကလဲရှိသေးတဲ့အခါကျတော့ အတိအကျကြီးတော့ပြောလို့မရသေးပါဘူး"လို့ သူက ပြောပြပါတယ်။ 

ပရိသတ်အပြောများတဲ့ သီချင်းအချို့နဲ့ပတ်သက်ပြီးတော့လဲ သူက "ဘန်နီရေးပေးထားတဲ့ ချစ်ခဲ့သမျှတော့ တော်တော်များများ ပြောတဲ့သူများတယ်။ ပြီးတော့ ကိုယုန်လေးရေးပေးထားတဲ့ ရည်းစားဦးထဲက နောက်ဆုံးနေ့ရက်ထိဆိုတဲ့ သီချင်းလေးကိုလဲ တော်တော်များများကြိုက်ကြတယ်။ ကိုဂျမန်းရေးထားတဲ့ မင်းနဲ့ဝေးရာလဲကြိုက်ကြတယ်။ ပြီးတော့ ကိုရေမွန်ရေးထားတဲ့ ဝေးနိုင်မလားဆိုတဲ့ မအိမ့်ချစ်နဲ့ဆိုထားတဲ့သီချင်းလေးကိုလဲ ကြိုက်ကြတယ်။ ၀ိုင်းစုနဲ့နေ့ရယ် ညရယ် အလွမ်းရယ် ဆိုတဲ့သီချင်းလဲကြိုက်ကြတယ်။ တော်တော်များများ အဆွေးသီချင်းတွေကြိုက်ကြတယ်။ ပရိသတ်အကြိုက်က ကျွန်တော့်အကြိုက်နဲ့လဲ ထပ်တူကြတယ်။ မင်းနဲ့ဝေးရာ၊ ချစ်ခဲ့သမျှ၊ ရှိမယ်။ ချစ်ခဲ့သမျှသီချင်းကို သွင်းတုန်းက ကိုယ့်ဟာကိုယ် အရမ်းကြီးစိတ်တိုင်းမကျခဲ့ဘူး။ ကျွန်တော်က ငါးလပိုင်းမှာထွက်မယ်ဆိုပြီးအစက ဒိတ်လုပ်ထားတာ အဲ့ဒီသီချင်းက အမှန်အတိုင်းပြောရရင် အားရပါးရ မသွင်းရသေးဘူး။ လက်ခံနိုင်လောက်မယ်လို့ထင်တာလဲပါတယ်။ အကောင်းဆုံးလဲ လုပ်ထားတယ်ပေါ့။ အဲ့ဒီရက်ပိုင်းကရှုတင်တွေလဲရှိတော့ အသံသွင်းချိန်က ကောင်းကောင်းမရဘူး။ ပြန်ပြီးတော့ ဆိုချင်တယ်။ ဒါပေမဲ့ထည့်လိုက်တဲ့အချိန်မှာ သီချင်းလေးကို နည်းနည်းတော့ပြန်ပြင်လိုက်သေးတယ်။ ဦးရွှေကလဲ ဒီသီချင်းလေးကို ပရိသတ်ကြိုက်လောက်တယ်။ ပေါက်လောက်တယ်လို့ပြောတော့ နည်းနည်းပြန်ပြင်တယ်။ အရမ်းကြီးတော့အားမရဘူး။ ဒါပေမဲ့ ပရိသတ်ကလက်ခံအားပေးကြတဲ့အတွက်ကျေနပ်ပါတယ်"တဲ့။

အလင်းရောင်ဟာ လက်ရှိမှာ အနုပညာအလုပ်တွေနဲ့ ရှုပ်နေပြီး အချစ်ရေးက Single ပါလို့ ဆိုသွားပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.