အုတ်ကြားမြက်ပေါက်ဇာတ်ကားကို အစအဆုံးကြည့်ရင် ပြောချင်တဲ့ ရည်ရွယ်ချက်ကို သိမှာပါလို့ ဆိုလိုက်တဲ့ နေတိုး

12899655_1724299461162298_1974548491_n.jpg

မိုး ဗီဒီယိုထုတ်လုပ်ရေးနဲ့ ပထမဆုံး စတင်ရိုက်ကူးဖြစ်တဲ့ အမုန်းတွေခေါက်ထားလိုက်ဆိုတဲ့ ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေသူကတော့ နေတိုးပါ။ အဆိုပါကားလေးဟာ ဟာသဇာတ်မြူးရုပ်ရှင် ကားကြီးဖြစ်ပြီး ကြည့်ရတဲ့ ပရိသတ်တွေ အတွက်ပျော်ရွှင်စရာ ရသကို ခံစားရစေမဲ့ ကားတစ်ကားလို့ပြောရင်လဲ မမှားဘူးလို့ဆိုရမှာပါ။ နေတိုးအနေနဲ့ အရှေ့မှာ ကပြဖျော်ဖြေခဲ့တဲ့ ရှင်သန်ခြင်းနှင်းဆီအငြိမ့်၊ လက်ရှိအွန်လိုင်းမှာ ပရိသတ်အများ သဘောကျနေကြတဲ့ Oramin C ကြော်ငြာအကြောင်းနဲ့ အုတ်ကြားမြက်ပေါက် ဇာတ်ကားကြီးမှာ သုံးနှုန်းပြောဆိုခဲ့တဲ့ စကားလုံးအသုံးအနှုန်းများအပေါ် ပရိသတ်အချို့ရဲ့ ဝေဖန်မှုနဲ့ပတ်သက်ပြီး ပြောပြလာတဲ့အခါ

"အုတ်ကြားမြက်ပေါက်ကားကြီးက ပြီးခဲ့တဲ့ သုံးနှစ်ကျော် လေးနှစ်နီးပါးက ရိုက်ခဲ့တဲ့ကားပေါ့။ ၄ နှစ်လောက်ရှိပြီ။ ဒီဇာတ်လမ်းဇာတ်ညွှန်းက ဆဲဗင်းဒေးရယ်၊ ဦးညီညီအောင်ရယ် ယူလာပြီးဒီဟာလေးကို နေမင်းတို့တိုက်ကလဲဖြစ်တယ်။ ညီအစ်ကိုတွေလဲဖြစ်နေတော့ အုတ်ကြားမြက်ပေါက်ဆိုတဲ့ Theme လေးနဲ့ဘ၀လေးတွေကို ပုံဖော်ခဲ့ကြတယ်ပေါ့။ ရိုက်လိုက်ပြီးတော့ နည်းနည်းလေး နားလိုက်ရသေးတယ်။ ဇာတ်ညွှန်းအခက်အခဲကြောင့်ပေါ့။ နောက်ဒီ Life တွေကို ပြန်ပြီးတော့ ညှိတဲ့အချိန်မှာ ဒီ့ထက်ပိုပြီးထိရောက်အောင် လုပ်ချင်တယ်ဆိုတော့ အချိန်အကြာကြီးယူပြီး ရိုက်ခဲ့ရသလို အချိန်အကြာကြီးပေးပြီးမှ ထွက်ခဲ့ရတဲ့ ကားတစ်ကားပေါ့။ အခြေအနေတွေက လူ့ဘ၀ပတ်ဝန်းကျင်မှာရှိနေတဲ့ အကြောင်းအရာတွေအပေါ်မှာ အခြေခံပြီးတော့မှ ပရိသတ်ကိုတင်ပြတာပေါ့။ အဓိကဖြစ်တာက မစိုးကြီးကို ပြောတဲ့အခန်းက စကားလုံးလေးပေါ့။ ကျွန်တော် အွန်လိုင်းမှာလဲတွေ့ရတယ်။ အဓိကကတော့ ဒီစကားရဲ့ အကြောင်းအရာအမှန်က အရှေ့မှာ မြန်မာ မ၀င်ရဆိုတဲ့ ကလပ်ရှိတယ်လေ။ အဲ့ဒီဆိုင်ကို ကျွန်တော့ အဖေပိုင်တယ်ဆိုတာ အစကမသိဘူး။ မသိတဲ့အချိန်မှာ မကြီးစိုးနဲ့သက်မွန်နဲ့ကလဲရင်းနှီးနေပြီ။ တစ်ယောက်နဲ့တစ်ယောက်သူ့ဘ၀အကြောင်းတွေကိုပါပြောပြပြီးတော့ သူဟာတကယ့်ကိုလူကုန်ကူးခံရတဲ့ အထဲမှာပါပြီးတော့ သူ့ဘ၀လေးကတော့ ဒီလိုဒီလိုရှိတယ်။ အဲ့ဒီလူတွေကို ကယ်ထုတ်ဖို့အတွက် သူဒီကိုရောက်နေတယ်ပေါ့။ ကိုယ့်စိတ်ထဲမှာ ကိုယ့်ညီမလေးလို ကိုယ့်သူငယ်ချင်းတစ်ယောက်လိုလဲဖြစ်နေတယ်။ အဲ့ဒီအချိန်မှာ ဒီကောင်မလေးကို နိုင်ငံခြားသားတစ်ယောက်က သူ့ကို ခေါ်ပြီး တစ်ခုခုပြုကျင့်မယ် ဘာညာပေါ့။ ကြေးစားဆန်ဆန် ဆက်ဆံတာကိုတွေ့ပြီး ဆွဲလားရမ်းလားလုပ်တာမျိုးကိုလဲတွေ့နေရတယ်။ အဲ့ဒါနဲ့ရန်ဖြစ်ကြတယ်။ ရန်ဖြစ်ပြီးတဲ့ အချိန်မကြီးစိုးနဲ့ပြောတဲ့အချိန်မှာ အဲ့ဒီစကားလေးဝင်လာတာပေါ့။ နိုင်ငံခြားသား ဧည့်သည်တစ်ယောက်ကို ဒီလိုမျိုးလက်တုံ့မပြန်သင့်ဘူးဆိုတော့ သူကဒီစကားအပေါ်မှာထိပြီး ပြောလိုက်မိတာပေါ့။ အဓိကရည်ရွယ်တာက ကိုယ့်ညီမတစ်ယောက်ကို စော်ကားမှာမို့ ဒီအကြောင်းအရာလေးကဖြစ်လာတာပေါ့။ ဇာတ်ကားတစ်ကားလုံးကိုကြည့်ရင်တော့ ရှင်းရှင်းလေးပါ။ ဒါပေမဲ့ ဒီစကားတွေကိုပိုင်းပြီးဖြတ်ထားတော့ တစ်ဖက်ကလဲ နည်းနည်းနာစရာလေးဖြစ်နေတာပေါ။ အမှန်မှန်က ဒီစကားသည် လူသားတစ်ယောက်အနေနဲ့ပြောလို့ရတဲ့စကား ဥပမာအားဖြင့် ရှေ့ကကြောင်းအရာ ခံနေတဲ့အတွက်လူတစ်ယောက်က ဒီလောက်အတိုင်းအတာတော့ ပေါက်ကွဲလို့ရတယ်။ ပြောနေကြတဲ့လူတွေလဲတွေ့တယ်။ ဒါပေမဲ့ အဲ့ဒီအကြောင်းအရာကတကယ်ကားကို ကြည့်တဲ့အချိန်မှာ ရည်ရွယ်ချက်က ဘာဆိုတာသိသွားမှာပါ"လို့သူက ဆိုပါတယ်။

ဖွေးဖွေးနဲ့ရိုက်ကူးထားတဲ့ Oramin C ကြော်ငြာလေးနဲ့ပတ်သက်ပြီး တော့လဲ သူက "အဓိကကတော့လေ ကျွန်တော်တို့ နိုင်ငံခြားက Crew တွေနဲ့ရိုက်ကြတယ်။ Story Book ကအစ အများကြီးလုပ်တယ်။ သူတို့ဆီမှာ အိုင်ဒီယာနဲ့ရိုက်ကူးမှုကွာလတီပိုင်းက ကြော်ငြာတစ်ခုကို စက္ကန့်ပိုင်းလေးအတွင်းမှာ ပရိသတ်ကို ထိထိရောက်ရောက်ဖြစ်နိုင်ဖို့အတွက် ဘယ်လောက်ထိ သူတို့ကလေ့လာလဲဆိုရင် သူတို့ဒီနှစ်ယောက်နဲ့ရိုက်မယ်ဆိုရင် အဓိကက ဒီနှစ်ယောက်ရိုက်ထားတဲ့ ကြော်ငြာတွေကို သူတို့ကြည့်တယ်။ အဲ့ဒီလိုကြည့်ပြီးအသေးစိတ်ပြင်ဆင်တယ်။ ပြင်ဆင်တဲ့နေရာမှာ ကျွန်တော်တို့က အရှေ့ပိုင်းမှာ ကြိုသွားပြီး အ၀တ်အစား Fitting လုပ်ကြတယ်။ အကတွေတိုက်ကြတယ်။ ကြော်ငြာတစ်ခုအတွက် လေးရက်လောက်အချိန်ယူတယ်။ ရိုက်တာက တစ်ရက်ထဲပေါ့။ အကတွေတိုက်ရတယ်။ သူတို့ဖြစ်ချင်တဲ့ပုံစံကို လုပ်ပြရတာပေါ့။ အရှင်းဆုံးပြောရရင် ကြိုတင်ပြင်ဆင်မှုအားအရမ်းကောင်းတယ်။ အိုင်ဒီယာကောင်းတယ်။ ဒီကြော်ငြာတစ်ခုရိုက်တဲ့အချိန်မျိုးတွေမှာ မြန်မာကြော်ငြာတွေထဲမှာမရှိတဲ့ ကျွန်တော့ ကြော်ငြာတွေထဲမှာမရှိတဲ့ ပုံစံမျိုးလေးတွေပေါ့။ အဓိကကတော့ အချိန်နဲ့လေ့လာမှုအားအရမ်းကောင်းတဲ့ အခါကျတော့ ပရိသတ်ဆီကို သေချာချိန်ပြီးပစ်ထားတဲ့အတွက် ပရိသတ်ဆီကို တိုက်ရိုက်ရောက်တယ်။ အိုင်ဒီယာကောင်းတာလဲအများကြီးပါတာပေါ့"တဲ့။

ရှင်သန်ခြင်းနှင်းဆီ အငြိမ့်အကြောင်းကိုတော့ "လက်ရှိ လူတွေရဲ့ ဖြတ်သန်းမှုနဲ့လူတွေရဲ့ဘ၀ ထဲကနေ ဆွဲထုတ်ပြီး ဒီအကြောင်းအရာလေးတွေကို ပရိသတ်ရင်ထဲ မှာရှိပြီးသားအကြောင်းအရာလေးတွေကို ဟာသပညာနဲ့ပေါင်းစပ်ပြီးတော့ ပရိသတ်ကို ပျော်ရွှင်အောင် အမောပြေအောင် ပေါ့။ နောက်သဘင်ပညာဆိုတာကလဲ မြန်မာ့ရိုးရာထဲမှာ တကယ့်ကို ချစ်စရာကောင်းတယ်။ လူကြီးလူငယ် မရွေးနှစ်သက်တဲ့ သဘင်ပညာရပ်တစ်ခုဖြစ်တယ်။ အဲ့ဒီအပေါ်မှာ ကျွန်တော်တို့က အရမ်းလဲချစ်၊ အရမ်းလဲမြတ်နိုးပြီးတော့ လုပ်ကြမယ်ဆိုတော့ ဒီလိုမျိုးကိုယ်တွေမသိတာတွေကို လူရွှင်တော်တွေ၊ အငြိမ့်ပညာရှင်ကြီးတွေကို အများကြီးမေးမြန်းပြီး သဘင်နဲ့ပတ်သက်တဲ့ တချို့အသိုင်းအ၀ိုင်းက လူတွေကို မေးမြန်းရတယ်။ ကျွန်တော်တို့က ရှောင်ချင်တယ်ဆိုတာက တကယ့်ပျက်လုံးရဲ့ အနှစ်သာရကိုလဲပေါ်ချင်တယ်။ နောက်ပြီးတော့ ကျွန်တော်တို့ပရိသတ်ကို ဖျော်ဖြေမှုပါတဲ့ပျက်လုံးလေးတွေဖြစ်ချင်တဲ့အတွက် နိုင်ငံအပြောင်းအလဲဖြစ်နေတဲ့ အချိန်မျိုးလေးမှာ ကျွန်တော်တို့ရဲ့ အငြိမ့်က Clear ဖြစ်ဖြစ်လေးနဲ့ သွားချင်တယ်။ အရင်ထက်စာရင်ပိုပြီး တွေးပြီး ပိုပြီးအချိန်ပေးခဲ့ရပါတယ်"လို့ သူက ပြောပြသွားပါတယ်။

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.