ချစ်သော ပရိသတ်တွေကြောင့် အပျင်းကြီးတာကို လျော့ပြီး ဇာတ်ကားများ ပြန်လည်ရိုက်ကူးဖြစ်နေကြောင်း ဖွင့်ဟလာတဲ့ မိုးဟေကို

received_m_mid_1464157571978_462a10aec9129e4801_0.jpeg

မိုးရုပ်ရှင် ထုတ်လုပ်ရေးရဲ့ ခြောက်ကားမြောက် ရုပ်ရှင်ကားကြီးဖြစ်တဲ့ အမုန်းတွေခေါက်ထားလိုက်ကားမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်သရုပ်ဆောင်နေသူကတော့ မိုးဟေကိုပဲဖြစ်ပါတယ်။ ထုတ်လုပ်ရေးအပြင်၊ မိခင်ရဲ့ ကျန်းမာရေး နဲ့ ကျွန်မချစ်သော စာအုပ်လေးကို ပြင်ဆင်နေမှုများကြောင့် ကားရိုက်တော်တော်များများကို လျော့ထားဖြစ်သော်လည်း အားပေးနေဆဲ ပရိသတ်တွေအတွက် အပျင်းကြီးနေတဲ့ စိတ်လေးကိုဖျောက်ပြီး အားသွန်ခွန်စိုက်ပြန်ရိုက်ကူးဖြစ်ကြောင်းကိုလဲ သူမက ချစ်စဖွယ်ဟန်ပန်နဲ့ပြောပြလာပြန်ပါတယ်။ လက်ရှိမှာ ဗီဒီယိုရိုက်ကူးမှုထက် ကားကြီးတွေပိုရိုက်ဖြစ်နေသလို ထုတ်လုပ်ရေးအနေနဲ့လဲ မတူတဲ့ ဇာတ်လမ်းပုံစံမျိုးများနဲ့ ထူးခြားတဲ့ ကာရိုက်တာများကိုသာ ချပြမှာပါလို့ပြောပြလာတဲ့ မိုးဟေကို အနုပညာ ဆယ်နှစ်တာ ခရီးလမ်းကို ငဲ့စောင်းကြည့်မိတဲ့အခါ

-အခုရိုက်နေတဲ့ ရုပ်ရှင်ကားကြီးက ဘာကားများလဲ။

အမုန်းတွေခေါက်ထားလိုက်တဲ့။ ရုပ်ရှင်ကားကြီးပေါ့။ ကိုနေတိုးရယ်၊ မိုးရယ်ပေါ့နော်။ ဒါရိုက်တာက ကိုသားညီပါ။ ပြီးတော့ အန်တီဂွမ်း၊ ဦးရဲအောင်၊ အန်တီမြတ်ကေသီအောင်အပြင် အခြားသရုပ်ဆောင်များစွာလဲပါပါတယ်။ မိုးရုပ်ရှင်ထုတ်လုပ်ရေးကပါ။

-ဘယ်လို ဇာတ်အိမ်အမျိုးအစားများဖြစ်မလဲ။

အချစ်ဟာသလေးပေါ့။ ဖန်စီဇာတ်လမ်းလေးပါ။

-အရှေ့မှာ တောက်လျှောက်မိုးထွက်တဲ့ ဗီဒီယိုကားလေးတွေမှာ ဟာသထက် အိမ်ထောင်ရေးဇာတ်လေးတွေပိုများနေတာတွေ့ရတယ်။ အဲ့ဒါကြောင့် ကားကြီးကို ဟာသအနေနဲ့ရိုက်ဖြစ်တာလား။

ဟုတ်တယ်။ အခုနောက်ပိုင်း ဗီဒီယိုတွေကအရင်ကထက်လဲ အရိုက်နည်းသွားတယ်။ အခုကားကြီးကို ဟာသရိုက်ဖြစ်တာက မိုးရုပ်ရှင်ထုတ်လုပ်ရေးအနေနဲ့လဲ မျှသွားအောင် အက်ရှင်ကားလဲပါတယ်။ သရဲကားမျိုးလဲပါတယ်။ ဘ၀သရုပ်ဖော် ကားမျိုးလဲပါတယ်။ ဟာသပျော်ရွှင်စရာကားမျိုးလဲပါတယ်။ အစုံပေါ့။ ကိုယ်တိုင်ပရိုဂျူဆာလုပ်တယ်ဆိုပေမဲ့ ဇာတ်လမ်းတွေလဲမထပ်အောင်သေချာရွေးရတာပေါ့။

-မိုးရဲ့ ပရိသတ်တော်တော်များများက မိုးကို အကယ်ဒမီရစေချင်ကြတယ်ပေါ့။ ဒါပေမဲ့ အကယ်ဒမီနဲ့လွဲချော်ခဲ့တဲ့အပေါ် မိုးရဲ့ စိတ်ခံစားချက်လေးကိုလဲသိချင်ပါတယ်။

သူတို့အတွက်တော့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ မိုးနဂိုကတည်းကပြောပါတယ်။ မမျှော်လင့်ရဲဘူး ဆိုတာကိုပေါ့။ သူတို့အတွက်ပဲ စိတ်မကောင်းဖြစ်မိတယ်။ ဒီလောက်ပါပဲ။ ကျန်တာကတော့ မိုးအနေနဲ့အများကြီးကြိုးစားရဦးမှာပါ။ နဂိုကတည်းကလဲပြောခဲ့ပါတယ်။ မိုးသရုပ်ဆောင်မှုမှာ လိုအပ်မှုတွေလဲ ရှိနေသေးတယ်ဆိုတာ ကိုယ့်ဟာကိုယ်သိတဲ့အတွက်ကြောင့် မိုးသရုပ်ဆောင်တာ ညံ့လို့လွဲချော်သွားတာလို့ပဲ သဘောထားပါတယ်။ အဲ့ဒါကြောင့်ပရိသတ်တွေအတွက် စိတ်မကောင်းဖြစ်မိတယ်။ ကျန်တာကတော့ ဘာမှမရှိတော့ပါဘူး။ သူတို့ကိုလဲ ပေါ့ပေါ့ပါးပါးပဲထားစေချင်တယ်။ ကိုယ့်အတွက်နဲ့ပတ်သက်ပြီးဘာမှမခံစားစေချင်ပါဘူး။

-မိုးကလဲ သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးတစ်လက်ဖြစ်နေတဲ့အတွက် မိုးကိုအကယ်ဒမီထပ်ရစေချင်ကြတယ်။ အကယ်ဒမီတန်းချိတ်နိုင်မဲ့ ဇာတ်အိမ်ကောင်းကောင်းဇာတ်ကားကြီးတွေကိုလဲ ရိုက်စေချင်ကြတယ်။

ရှင်းရှင်းပြောရရင် မိုးက ကိုယ်ကိုတိုင်ကလဲ ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်နေတတ်တော့ ဟဲဗီးဒရာမာကြီးတွေရိုက်ပြီး ငိုရမှာထက်စာရင် နေ့စဉ်ဘ၀ကို ပျော်ရွှင်မှုတွေနဲ့ပဲဖြတ်သန်းချင်တာပေါ့။ အရမ်းလဲ အရယ်သန်ပြီးပျော်ပျော်ပါးပါးလဲနေတတ်တော့ ပေါ့ပေါ့ပါးပါးပဲဖြတ်သန်းချင်တယ်။ အိုက်တင်တွေအများကြီးလုပ်ရမဲ့ကားဆို ရိုက်ရမှာပျင်းသွားတာလဲပါတာပေါ့။

-အဲ့ဒါဆို အခုနောက်ပိုင်းမှာ ကားရိုက်ပိုင်းနဲ့ပတ်သက်ပြီး တော်တော်လေးကို လျော့သွားတယ်လို့ပြောရမှာပေါ့။

ကားရိုက်ကတော့ လျော့တယ်။ ဟိုးအရင်ကတည်းကပြောတယ်။ ကျွန်မချစ်သော စာအုပ်လုပ်နေတဲ့အချိန်မှာ လဲ ကားရိုက်လျော့တယ်။ လာပေးတဲ့ဇာတ်ဆိုရင်လဲ တော်တော်လေးကိုရွေးတယ်။ ကြားထဲမှာ အမေကလဲ နေမကောင်းဖြစ်တော့ ကားရိုက်ကို သိပ်မလှည့်ဖြစ်ဘူး။ နောက်ပရိုဂျူဆာလုပ်လိုက်တဲ့အချိန်မှာလဲ မိုးမရိုက်တော့ပဲ အလုပ်သဘောအနေနဲ့လုပ်တာမျိုးပဲရှိတယ်။ တကယ့်ကို ကိုယ်စိတ်အားထက်သန်တဲ့ကားမျိုးလောက်ကိုပဲ ၀င်ရိုက်ဖြစ်ပါတယ်။

-အနုပညာသက်တမ်းကရော ဘယ်လောက်ရှိသွားပြီလဲ။

မိုးဆယ်နှစ်ပြည့်တော့မယ်။ ဘာလို့လဲဆိုတာ့ မိုး ၂၀၀၅ အကုန် ၂၀၀၆ ခုနှစ်ကစတာဆိုတော့ အခု ၂၀၁၆ ဆိုတော့ မိုးရဲ့ အနုပညာသက်တမ်း ဆယ်နှစ်ပြည့်ပါပြီ။

-ဆယ်နှစ်ပြည့်အထိမ်းအမှတ်ပွဲတွေရော လုပ်ဖို့ရှိဦးမလား။

မရှိပါဘူး။

-ဆယ်နှစ်တာ ကာလမှာ မိုးဟေကို မိုးဟေကို ဆိုပြီးပရိသတ်အားပေးခဲ့တဲ့ အားပေးမှုတွေအပေါ် သုံးသပ်မှုကရော ဘယ်လိုရှိလဲ။

ဟုတ်တယ်။ ပရိသတ်ရဲ့ အားပေးမှုကိုတော့ ကိုယ်က အသိအမှတ်လဲပြုပါတယ်။ အမှန်ဆိုရင်တော့ ကားတိုင်းကို မရိုက်ချင်တော့ဘူး။ ဒါပေမဲ့ ပရိသတ်တွေက ရိုက်ပါရိုက်ပါလို့ပြောနေတဲ့အတွက်ကြည့်ချင်ကြတဲ့အတွက် သူတို့တွေရဲ့ ဆန္ဒကို ကိုယ်ကလစ်လျူရှုထားလို့လဲမရဘူး။ သူတို့တွေခိုင်ခိုင်မာမာအားပေးလာလို့ မိုးဆိုတာ ဒီနေ့ဒီအချိန်ထိရပ်တည်နေနိုင်တာပါ။ ပြီးတော့ မိုးရဲ့ ထုတ်လုပ်ရေးက ကားတွေလဲအားပေးတဲ့အတွက်ကြောင့်ဝမ်းသာမိတယ်။ အဲ့ဒီအတွက်ကြောင့်လဲ ကြိုးစားပြီးတော့ အပျင်းကြီးတဲ့စိတ်ကလေးတွေဖျောက်ပြီးရိုက်ပေးမှာပါလို့။

-ဆယ်နှစ်တာအတွင်းမှာ ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ကြည့်မယ်ဆိုရင် မိုးဟေကို က ဘယ်လိုအမျိုးသမီးလဲ။

ပေါ့ပေါ့ပါးပါးလေးနဲ့ အရာရာကို တန်ဖိုးထားတယ်။ အချိန်လဲတိကျတယ်။ အလုပ်ကိုတော့ မလုပ်ဘူးဆိုရင်လဲ မလုပ်ဘူး။ လုပ်တယ်ဆိုရင်တော့လဲ အကောင်းဆုံးဖြစ်အောင်လုပ်တယ်။ ဒါပေမဲ့လဲ အရမ်းကြီးပြည့်စုံနေတာမျိုးတော့မဟုတ်ပါဘူးပေါ့။

-ဆယ်နှစ်အတွင်းမှာ မိုးဆိုပြီး ပရိသတ်လက်ခံတယ်။ သိလာတယ်။ အားပေးတယ်။ အောင်မြင်မှုရတယ်ပေါ့။ ဒါ့အပြင် တစ်ဖက်ကလဲ အနုပညာရှင်ဖြစ်တဲ့အတွက် ကောလဟလနဲ့ပတ်သက်တဲ့ Stress တွေလဲခံရမယ်။ အဲ့ဒီလိုအချိန်မှာရော ကိုယ့်စိတ်ကို ဘယ်လိုမျိုးလေးထားဖြစ်လဲ။

ဝေဖန်မှုတွေကကျတော့ အပြုသဘောနဲ့ဝေဖန်ခြင်းကိုလက်ခံတယ်။ ဝေဖန်မှုရှိမှလဲ ကိုယ်ကပြင်နိုင်မယ်။ အပြုသဘောနဲ့ပြောလာတဲ့ဟာတွေကိုကိုယ်ကပြင်ရမယ်။ သူတို့ဖက်ကလဲ ကိုယ့်ကိုဂရုတစိုက်နဲ့ကြည့်ပြီးဝေဖန်ပေးတဲ့အတွက်ကျေးဇူးတင်တယ်။ အဲ့ဒီထဲကမှ အပြုသဘောဆောင်တဲ့ ဝေဖန်မှုမျိုးဆိုရင် တကယ်အဲ့ဒီလိုဖြစ်နေလားဆိုပြီး ပြင်ဆင်ဖြစ်တယ်။ အပြုသဘောဆောင်တာမျိုးမဟုတ်ပဲ ပြောချင်ရာပြောနေတာမျိုးဆိုရင်တော့ အစ်မအနေနဲ့ ကိုယ်လုပ်စရာရှိတာပဲကိုယ်လုပ်လိုက်တာပေါ့နော်။ ဒါပေမဲ့ အစ်မအဲ့ဒီလိုကြုံဖူးတာတော်တော်လေးတော့နည်းတယ်။ ဝေဖန်မှုတော့ တော်တော်နည်းတယ်။ အားပေးချစ်ခင်မှုရတဲ့အတွက် ပရိသတ်တွေကို အတိုင်းမသိအရမ်းလဲချစ်ခင်မိပါတယ်။ သူတို့ရဲ့ မေတ္တာတရားကတော်တော်လေးကြီးမားပါတယ်ပေါ့။

-ကိုယ်ကိုတိုင်ထုတ်လုပ်ရေးဖက်ကို သွားတဲ့ အချိန်မှာ ဈေးကွက်အနေအထားကဘယ်လိုရှိလဲ။ မိုးအနေနဲ့ အခက်အခဲတွေ့ရတာမျိုးတွေရော ရှိမလား။

နံပတ်တစ်က ပရိသတ်အကြိုက်ပဲ။ သရုပ်ဆောင်ပဲလုပ်လုပ်၊ အဆိုတော်ပဲလုပ်လုပ်၊ စာရေးဆရာပဲလုပ်လုပ် ပရိသတ်တွေရှိမှ ပရိသတ်တွေအားပေးမှ ပရိသတ်တွေဘာကြိုက်လဲဆိုတာ လေ့လာပြီးတော့မှ ထုတ်လုပ်ရတယ်။ လေ့လာရတယ်။ ကိုယ်လုပ်ချင်တာရယ်၊ ပရိသတ်ကြိုက်နိုင်မဲ့အရာရယ်၊ ဘယ်လိုဇာတ်လမ်းလေးဖြစ်မလဲဆိုတာရယ်တော့စဉ်းစားရတာပေါ့လေ။

-အခုဆို ခိုးဆိုးလုနှိုက် ကားကြီးလဲ ရုံတင်တော့မယ်။ ရုံမတင်ခင်ကတည်းကလဲ ပရိသတ်တော်တော်များများကစိတ်ဝင်စားနေကြတယ်နော်။

အဲ့ဒီကားကို အရမ်းကြိုက်တယ်ပေါ့။ မိုးကလဲ ရိုက်ချင်နေတာနဲ့ ကွက်တိဖြစ်တယ်။ ပထမဆုံးရိုက်ခဲ့တဲ့ကားက ရုံးပတေသီးလေးများဆိုတော့ ဒုတိယကားကို မတူတဲ့ဟာမျိုးသွားချင်တယ်ဆိုတော့ ဦးဆာမိဇာတ်လမ်းလာပြောပြတဲ့အချိန်မှာ ဦးဆာမိကို ဒါရိုက်တာအနေနဲ့ပထမဆုံးတင်ပြီးရိုက်ခဲ့တယ်။ သူ့ရဲ့ဇာတ်လမ်းကိုလဲအရမ်းကြိုက်တယ်။ ယုံကြည်မှုလဲရှိတဲ့အတွက်ကြောင့် သူ့ကိုဒါရိုက်တာအနေနဲ့ရိုက်ခဲ့တယ်။ အဲ့ဒီကားကို ကြိုက်တယ်။ သူဆက်ပြီးပြတဲ့အချိန်မှာလဲ အရမ်းလဲကြိုက်တယ်။ အဲ့ဒါကြောင့်သူများတွေလာတောင်းဝယ်တာတောင်မရောင်းခဲ့ပဲနဲ့ကိုယ့်ကုမ္ပဏီနဲ့ပဲရုံတင်ဖို့လုပ်ခဲ့တာပါ။

-ရုံးပတေသီးလေးများတုန်းက ရုံပြိုင်စနစ်နဲ့ကြုံရတယ်။ အခုက တန်းစီစနစ်ဖြစ်သွားတဲ့အပေါ် မိုးရဲ့အမြင်ကဘယ်လိုရှိလဲ။

ပထမစထုတ်တော့ ရုံပြိုင်စနစ်နဲ့စတိုးတယ်။ စကြုံရတယ်။ ဒါပေမဲ့ဒုတိယကားအလှည့်ကျတော့ ရုံပြိုင်မဟုတ်ပဲ တန်းစီစနစ်နဲ့ဖြစ်သွားပြန်တယ်။ အဲ့ဒီတော့ ဖြစ်လာတဲ့အခြေအနေပေါ် တစ်ခုချင်းစီကိုယ်ကလေ့လာပြီးတော့ စောင့်ကြည့်ရုံပဲရှိတော့တာပေါ့။ ဘယ်ဟာကောင်းလဲမကောင်းဘူးလဲဆိုတာကတော့ ချင့်ချိန်ပြီးဆုံးဖြတ်သွားရမှာပါ။ ဘာလို့လဲဆိုတော့ အစကရုံပြိုင်နဲ့တိုးဖူးတယ်။ အခုကတန်းစီစနစ်ဆိုတော့ ဒီနှစ်ခုကို စောင့်ကြည့်ပြီးနှိုင်းယှဉ်ကြည့်ရမှာပေါ့။

-ဒီကားပြီးရင် ဘာကားတွေလက်ခံထားတာရှိဦးမလဲ။

ရုပ်ရှင်ကားကြီးတစ်ကားရှိမယ်။ မိုးတို့ကုမ္ပဏီကတော့ မဟုတ်ဘူး။ တခြားကုမ္ပဏီကပါ။ အဲ့ဒါက မင်းသမီးသုံးလက် မိုးရယ်၊ သင်ဇာဝင့်ကျော်ရယ်၊ မေမြတ်နိုးရယ်လို့သိရပါတယ်။ မင်းသားကတော့ ကိုခန့်စည်သူပေါ့။ ထုတ်လုပ်ရေးက အသစ်နဲ့တူတယ်။ ဒါရိုက်တာ ကိုစတီးလ်ပါ။ မိုးအခုနောက်ပိုင်း နယ်ဆိုသွားမရိုက်ဘူး။ ဒီကားကြီးကလဲ ရန်ကုန်မှာပဲနောက်ပြီး ပေါ့ပေါ့ပါးပါးလေးဆိုတော့ လက်ခံဖြစ်ခဲ့တာပါ။ 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.