ကားကြီးအနေနဲ့ လေးကားရိုက်ကူးထားတဲ့ ထွန်းကိုကိုက အားရင်အားသလို ပရဟိတပိုင်းကို အချိန်ပေးလုပ်ဖြစ်နေကြောင်းဖွင့်ဟ

13250582_1749247985334112_1331936992_n.jpg

လက်ရှိမှာ ဖြိုးပြည့်စုံရဲ့ အချစ်ဦးသီချင်းကို ပါဝင်သရုပ်ဆောင်နေတဲ့ ထွန်းကိုကိုက ၂၀၁၆ ထဲမှာ ကားကြီးအနေနဲ့ လေးကားရိုက်ကူးပြီးစီးသွားကြောင်းပြောပြလာပါတယ်။ အဆိုပါ ဇာတ်ကားလေးကားစလုံးရဲ့ တစ်ကားချင်းစီတိုင်းဟာ ကာရိုက်တာ ကွဲလွဲသလို သူကိုယ်တိုင်လဲ အားရကျေနပ်မှ လက်ခံရိုက်ကူးတယ်လို့လဲသိရပါတယ်။

အဆိုပါဇာတ်ကားများနဲ့ပတ်သက်ပြီး ဖေ့စ်ဘုတ်သုံးခြင်းရဲ့ ကောင်းခြင်းဆိုးခြင်းများအပြင် အချိန်ရရင် ရသလို ပရဟိတပိုင်းကို အချိန်ပေးလုပ်ဖြစ်နေတာနဲ့ပတ်သက်ပြီး "ကျွန်တော် အားရင်အားသလို၊ ကားရိုက်မရှိတဲ့ရက်ကလေးတွေ၊ အားတဲ့ရက်ကလေးတွေမှာ လုပ်အားနဲ့ပဲဖြစ်ဖြစ်၊ ငွေအားနဲ့ပဲဖြစ်ဖြစ် ပရဟိတအလုပ်လေးတွေ ကူလုပ်ပေးဖြစ်တယ်။ သင်္ကြန်တွင်းတုန်းကဆိုရင်လဲ တောက်လျှောက် ရေမဆော့ဖြစ်ဘူး။ မဏ္ဍပ်လဲ မထိုင်ဖြစ်ဘူး။ မိဘမဲ့ကလေးကျောင်းနဲ့ပရဟိတကျောင်းတွေတော်တော်များများမှာ သွားလှူဖြစ်တယ်။ ပြီးတော့ သင်္ကြန်တွင်းနောက်ဆုံးအတက်နေ့မှာ နာရေးကူညီမှုအသင်းကို သွားတယ်။ ဘုန်းကြီးဆရာတော်တစ်ပါးရဲ့ ဈာပနရှိတယ်။ အဲ့ဒါကြောင့် ဦးကျော်သူနဲ့အတူတူ သင်္ကြန်တွင်းမှာ ထူးထူးခြားခြားပဲ နာရေးလမ်းကြောင်းကို နှစ်ယောက်တူတူလိုက်ဖြစ်တယ်။ အဲ့ဒါကတော့ သင်္ကြန်အတက်နေ့ကမှတ်မှတ်ရရပေါ့။ ဦးကျော်သူကမောင်းတယ်။ ကျွန်တော်ကဘေးက ထိုင်တယ်။ နှစ်ယောက်တူတူ သယ်ခွင့်ရတယ်။ နောက်ဦးကျော်သူနဲ့အတူတူ မဏ္ဍပ်တွေမှာ အမှိုက်လိုက်ကောက်ခွင့်ရတယ်။ သံချပ်မှာလဲ ဇာတ်မတိုက်ပဲနဲ့ စင်ပေါ်တက်ပြီး သံချပ် တွေဆိုဖြစ်ခဲ့ပါတယ်"တဲ့။

ရုပ်ရှင်ကားကြီးအနေနဲ့ လေးကားမြောက်ရိုက်ကူးထားတဲ့ ထွန်းကိုကိုက "ခိုး ဆိုး လု နှိုက် ( ၁ ) ကား ရှိမယ်။ Marry Me ရှိမယ်။ နောက်သမီးလေးတို့ရွာရှိမယ်။ အခု ဒီရဲ့ အရှေ့မှာရိုက်တဲ့ ကိုခန့်တို့နဲ့ကားကြီးရှိမယ်။ အဲ့ဒီကားကြီးကိုတော့ အားရမိတယ်။ ရိုက်ထားတဲ့ ကားတွေထဲမှာ ကာရိုက်တာအရ ကွဲပြားမှုရှိတယ်။ အဲ့ဒီကားထဲမှာ ကျွန်တော့်ကို မြင်နေကျနုနုရွရွပုံစံမျိုးကိုတွေ့ရမှာမဟုတ်ဘူး။ ကြမ်းကြမ်းတမ်းတမ်းနဲ့တကယ့်ဆင်းရဲတဲ့ကာရိုက်တာကိုပေါ်လွင်အောင်ကြိုးစားသရုပ်ဆောင်ထားတယ်။ အဲ့ဒီလိုကာရိုက်တာနဲ့ကျွန်တော့်ကိုလဲ ပရိသတ်တော်တော်များများက မဖြစ်နိုင်ဘူးလို့ထင်ထားကြတယ်ပေါ့။ ဒါပေမဲ့အဲ့ဒါကို ကျွန်တော်ပုံစံလေးပြောင်းပြီး သဘာဝရုပ်ပီပြင်အောင်ကြိုးစားထားတယ်။ ဖန်တီးထားတယ်။ အောက်ခြေလူတန်းစားဘ၀ကို ခဏတာလေ့လာခွင့်ရခဲ့တယ်။ အဲ့ဒီလိုကာရိုက်တာကို သရုပ်ဆောင်ခွင့်ရတဲ့အတွက် သဘောကျမိတယ်။ အဲ့ဒါပြီးရင်လဲ ကားကြီးတစ်ကားလက်ခံထားသေးတယ်။ ရည်းစားလူသတ်သမားပုံစံမျိုးပေါ့။ အဲ့ဒါလက်ခံထားပါတယ်"လို့ ဆိုသွားပါတယ်။

ဖေ့စ်ဘုတ်သုံးခြင်းရဲ့ ကောင်းခြင်းဆိုးခြင်းများအပြင် အမှတ်တရအချို့နဲ့ပတ်သက်ပြီးတော့လဲ သူက "ဖေ့စ်ဘုတ်ကိုသုံးဖြစ်တယ်။ သိပ်အများအစားကြီးတော့မဟုတ်ဘူး။ သတင်းအချက်အလက်လေးတွေကြည့်ဖြစ်တယ်။ ကိုယ့်ရဲ့လှုပ်ရှားမှုလေးတွေပရိသတ်သိအောင်တင်ဖြစ်တယ်။ တော်ရုံတန်ရုံ ဘယ်တော့ရောက်နေပြီ။ ဘယ်တော့သွားနေပြီဆိုတာမျိုးတော့မတင်ဖြစ်ပါဘူး။ မတင်ရင်လဲ ပရိသတ်မသိမှာစိုးလို့အနုပညာနဲ့ပတ်သက်တာလေးတွေတော့တင်ဖြစ်တယ်။ ဖေ့စ်ဘုတ်က အကျိုးရှိရှိအသုံးပြုမယ်ဆိုရင်တော့ အရမ်းကိုအကျိုးရှိပါတယ်။ လူတွေအတွက်အရမ်းကိုအသုံးတည့်တဲ့အရာတစ်ခုပေါ့။ ဟက်ခံရတာတွေဘာတွေကျတော့လဲမကောင်းဘူး။ ဟက်တဲ့လူအတွက်အကျိုးမရှိသလို အဟက်ခံရတဲ့လူအတွက်လဲမကောင်းဘူး။ သူ့ရဲ့ အရေးကြီး Data အချက်အလက်တွေပျောက်သွားနိုင်တယ်။ ဒါတွေလဲမလုပ်သင့်ဘူးပေါ့။ ကိုယ့်ဟာလေးနဲ့ကိုယ်သေသေချာချာလေးသုံးသင့်တယ်လို့ထင်တယ်။ နောက်ပေါက်ကရသတင်းတင်တာတွေလဲမလုပ်သင့်ဘူးပေါ့။ အဲ့ဒါတွေကိုလဲသတိထားသင့်တယ်လို့ထင်ပါတယ်။ ကျွန်တော်က အဟက်မခံရဖူးဘူး။ ဒါပေမဲ့ ကိုယ့် password ကိုယ်မေ့သွားတာမျိုးတော့ကြုံဖူးတယ်။ အဲ့ဒါကလဲ Password ကိုပြောင်းရင်းပြောင်းရင်းနဲ့မေ့သွားတာ ကိုယ့်အကောင့်ကိုမ၀င်တတ်တော့ဘူး။ အဲ့ဒါကြောင့်ကျွမ်းတဲ့တစ်ယောက်ကို ပြန်ဟက်ခိုင်းပြီး အဲ့ဒီအကောင့်ကို ပြန်သုံးရတယ်လို့ဖေ့စ်ဘုတ်နဲ့ပတ်သက်တဲ့အမှတ်တရပါ"တဲ့။

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.