ဒီအချစ်နဲ့စကြုံတဲ့အချိန်မှာ အရင်နွယ်ဒါလီထွန်းနဲ့တော်တော်များများ ပြောင်းပြန်ဖြစ်သွားတယ်လို့ ဖွင့်ဟလာတဲ့ နွယ်ဒါလီထွန်း

13236204_1748048045454106_479410049_n.jpg

ဒါရိုက်တာသားညီ၊ မင်းသားဇေရဲထက်တို့နဲ့ဇာတ်ကားတွေ တွဲဖက်ရိုက်ကူးဖြစ်နေသူကတော့ နွယ်ဒါလီထွန်းပဲဖြစ်ပါတယ်။ အရှေ့မှာ ထွက်ရှိခဲ့တဲ့ ကားတချို့မှာလဲ ပရိသတ်အားပေး လက်ခံခဲ့သလို လက်ရှိမှာလဲ ငါးကားမြောက်ဗီဒီယိုကားအနေနဲ့ စိတ်ရဲ့အငြိဆိုတဲ့ ကားလေးမှာ စိတ်စွဲလန်းတဲ့ ၀ိဥာဉ်ကောင်မလေး အဖြစ် ပါဝင်သရုပ်ဆောင်နေတယ်လို့ပြောပြလာပါတယ်။ ဒါ့အပြင် သူမသုံးတဲ့ instagram မှာလဲ ချစ်သူအသစ်နဲ့ကြည်နူးပျော်ရွှင်တဲ့ ပုံလေးတွေတက်လာတာမို့လက်ရှိသူမရဲ့အချစ်ရေးအကြောင်းတွေကိုမေးမြန်းပြောဆိုဖြစ်တဲ့အခါ

"လက်ရှိအချစ်ရေးက အေးအေးဆေးဆေးပါပဲ။ ချစ်သူရှိပါတယ်။ ရထားတာကတော့ မကြာသေးပါဘူး။ အပြင်ကပါပဲ။ ကျောင်းတက်နေပါတယ်။ သူနဲ့တွေ့ဖြစ်တာကတော့ သူငယ်ချင်းတစ်ယောက် မင်္ဂလာဆောင်မှာစတွေ့ဖြစ်တယ်။ ချစ်သူကို လျှို့ဝှက်မထားဖြစ်တာကကျတော့ ဒါလီ့စိတ်ကကျတော့ လူတစ်ယောက်ကို တကယ်ချစ်နိုင်မှပဲ လက်ခံတယ်ပေါ့။ ချစ်နိုင်လို့လက်ခံထားတယ်။ ကိုယ်လဲ မဟုတ်တာမလုပ်ဘူး။ သူ့ကိုလဲ ကိုယ်ယုံတယ်။ ဒါလီ့အရှေ့မှာလဲရည်းစားတွေ ထားဖူးပါတယ်။ ဒါပေမဲ့ ကိုယ့်ကို လှည့်နေတယ်လို့ခံစားရတာမျိုးတွေရှိတဲ့အခါ အခုလိုတော့ တရားဝင်မတင်ဖြစ်ဘူး။ သူကျတော့ ကိုယ့်ကိုလှည့်စားတာမျိုး မရှိဘူး။ သူလဲစိတ်ချရအာင် ပုံတင်ထားတယ်။ သူလဲကိုယ့်အလုပ်ကို နားလည်ပေးတယ်။ ဒါလီ့စိတ်ထဲမှာ ချစ်သူနဲ့ပုံတင်လိုက်လို့ယောက်ျားလေး ပရိသတ်လျော့သွားတာတွေ၊ ဘာတွေကို သိပ်စိတ်ထဲမထည့်ဘူး။ တော်တော်များများကလဲ ပုံတင်လိုက်လို့ဒါလီကိုပြောကြတယ်။ ဒါပေမဲ့ ဒါလီ့စိတ်ထဲမှာကျတော့ ပရိသတ် အားပေးတာ ဒါလီ့ရဲ့အနုပညာကိုပဲ အားပေးတာ၊ ဒါလီ့ရဲ့ ပါဆင်နယ်က ပါဆင်နယ်ပဲ။ အနုပညာကို အားပေးတာကိုပဲ ဒါလီလိုလားပါတယ်။ အဲ့ဒါကြောင့်မစိုးရိမ်ပဲ ပုံတင်ဖြစ်တာပါ။

နောက်တစ်ခုရှိတာက ဒီအနုပညာအလုပ်ပေါ့။ ရည်းစားထားတဲ့အခါ ဒီအလုပ်ကို ဒါလီလုပ်နေတယ်။ သူတို့လဲသိကြတယ်။ သိရဲ့သားနဲ့လာကြိုက်တယ်။ ဒါသူတို့လက်ခံရမဲ့အပိုင်းပေါ့။ စကြိုက်ကတည်းက အနုပညာလုပ်တဲ့သူကိုလာကြိုက်တာကိုး။ ချစ်သူဖြစ်တော့မှ ကိုယ်အလုပ်လုပ်နေလို့မအားသေးဘူးဆိုရင်ပြသနာရှာချင်တာမျိုးလေးတွေတော့ ရှိတယ်။ ဒါအပြင်လူနဲ့ကြိုက်တဲ့အခါ ကြုံတတ်တာမျိုးလေးတွေပေါ့။ အဲ့ဒါကြောင့် တချို့က အနုပညာရှင်အချင်းချင်းပြန်ကြိုက်ကြတာမျိုး ရှိတယ်။ ဒါလီကျတော့ မရဘူး။ အလုပ်လုပ်နေရင် ကိုယ့်မောင်နှမတွေလိုပဲ စိတ်ကဘယ်လိုမှ ချစ်လို့မရဘူး။ ဟိုးအရင်ကလဲ ကုမ္ပဏီတွေမှာ လုပ်တယ်။ လုပ်ဖော်ကိုင်ဖက် အချင်းချင်းကြိုက်လို့မရဘူး။ အပြင်လူပဲကြိုက်တယ်။ ကျောင်းတက်တဲ့ အရွယ်တုန်းကလဲ ကိုယ့်အခန်းထဲကလူကို ဘယ်တော့မှမကြိုက်ဘူး။ အဲ့ဒီလိုပုံစံလေးတော့ ရှိတယ်။ အခု ဒီအချစ်နဲ့စကြုံတဲ့အချိန်မှာ အရင်ကနွယ်ဒါလီထွန်းနဲ့တော်တော်များများပြောင်းပြန်ဖြစ်သွားတယ်။ အရင်ကဆို ကိုယ်က စိတ်ကောက်တယ်။ ပြသနာရှာတယ်။ ဒီတစ်ယောက်နဲ့မကြိုက်ခင် ရည်းစားမထားတာ တော်တ်ာကြာသွားတယ်။ အဲ့ဒီအချိန်မှာ အဆင်ပြေတဲ့ အတွဲလေးတွေကိုကြည့်ဖြစ်တယ်။ လေ့လာဖြစ်တယ်။ သူတို့နားလည်မှုတွေ ဘယ်လိုယူကြလဲဆိုတာကို လေ့လာတယ်။ ကိုယ်လဲ အရင်တုန်းကလူတွေအပေါ်မှာကောင်းခဲ့တာတွေရှိတယ်။ မကောင်းခဲ့တာတွေလဲရှိတယ်။ အဲ့ဒါတွေကိုပြန်ပြီးသင်ခန်းစာယူတယ်။"လို့ သူမက ပြောပြလာပါတယ်။

သူ့ကို လက်ထပ်ဖို့အထိ ရည်ရွယ်ချစ်နေတာလားလို့ မေးကြည့်တဲ့အခါမှာတော့ သူမက "လက်ထပ်တယ်မထပ်ဘူးတော့ မသိသေးဘူး။ လက်ထပ်တယ်ဆိုတာကလဲ ဖူးစာပါမှရမှာကိုး။ လက်မထပ်ရသေးပဲဘာလို့တင်တာလဲလို့ပြောကြတာတွေ ရှိတယ်။ အခုခေတ်က မဆိုင်ဘူး။ ပွင့်လင်းမြင်သာရှိလာပြီဆိုတော့ ကိုယ်တွဲကြည့်တယ်။ ဖူးစာပါရင်တော့ အဆုံးထိ သူနဲ့ပဲဖြတ်သန်းသွားရမှာပေါ့။ ဖူးစာကလဲပြောလို့ရတာ မဟုတ်ဘူးလေ။ တွဲနေတဲ့အချိန်မှာတော့ သူလဲ သစ္စာရှိမယ်။ ကိုယ်လဲ သစ္စာရှိမယ်။ သူ့ကိုဘာသဘောကျလဲဆိုတော့ အခုခေတ်မှာတော်တော်များများက ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ ယောကျာ်းလေးတော်တော်များများက ယောကျာ်းလေးစိတ်ဓာတ် သိပ်မရှိကြဘူး။ ဒါလီက လူတစ်ယောက်ကို ဆင်းရဲတာချမ်းသာတာအောင်မြင်တာ မအောင်မြင်တာကိုကြည့်တာ မဟုတ်ဘူး။ သူ့ရဲ့စိတ်ဓာတ်အရင်းခံ ဘယ်လိုရှိလဲဆိုတာသိတယ်။ ဒါလီဆို အလုပ်တွေအများကြီးလုပ်ဖူးတော့ လူတစ်ယောက်ရဲ့စိတ်ဓာတ်ကို စကားပြောကြည့်တာနဲ့တင်သိတယ်။ သူသည်ယောကျာ်းဆန်တဲ့ စိတ်ဓာတ်မျိုးရှိတယ်။ တခြားဆိုးတာလေးတွေတော့ရှိမှာပေါ့။ ဒါပေမဲ့ ကိုယ်လက်ခံနိုင်တဲ့ဟာလေးတွေဆိုရင် လက်ခံလိုက်တယ်။ အရင်ကဆို စဉ်းစားတယ်။ ငယ်ငယ်တုန်းကပေါ့။ ကိုယ်ဘာရနိုင်မလဲဆိုတာကို စဉ်းစားတယ်။ အတွေးမျိုးရှိချင်ရှိမယ်။ အခုကျတော့ ကိုယ်လူတစ်ယောက်ကိုချစ်ရင် သူ့အတွက်ဘာတွေလုပ်ပေးနိုင်မလဲဆိုတဲ့ အတွေးမျိုးဝင်လာတယ်။ အရမ်းကြီးသူများဆီက ငါဒါလုပ်ပေးလို့သူဒါပြန်လုပ်ပေးရမယ်ဆိုပြီးမျှော်လင့်ထားတာမျိုး မရှိဘူး။ ပြီးတော့အရမ်းကြီး လူတစ်ယောက်ကိုချုပ်ကိုင်ထားတာမျိုး မရှိတော့ဘူး။ ငယ်ငယ်တုန်းက အချစ်ကဆိုးချင်လဲ အရမ်းဆိုးမယ်။ အရွဲ့လဲ တိုက်ချင်တိုက်မယ်။ အခုအချိန်ကျတော့ အားလုံးကို ဆင်ခြင်ပြီး နားလည်မှုပေးနိုင်လာပါပြီ"တဲ့။

နွယ်ဒါလီထွန်းဟာ လက်ရှိမှာတော့ ဇေရဲထက်နဲ့အတူ စိတ်ရဲ့အငြိဆိုတဲ့ကားလေးမှာ ၀ိဥာဉ်ကာရိုက်တာကို ပီပြင်အောင် သရုပ်ဆောင်နေကြောင်းပြောပြလာပြီးကြော်ငြာများစွာလက်ခံထားကြောင်းလည်း ပြောပြခဲ့ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.