အချစ်ရေးက ကျန်းကျန်းမာမာပါပဲလို့ ဆိုလာတဲ့ ခင်စုစုနိုင်ရဲ့ ကိုယ်ပိုင်စိတ်ကူး အယ်လ်ဘမ်အကြောင်း

13231108_1747331662192411_295747900_n.jpg

ပထမအယ်လ်ဘမ် ချစ်မြဲတိုင်းချစ်မယ် နဲ့ ပရိသတ်အားပေးမှု အပြည့်အ၀ရရှိခဲ့တဲ့ ခင်စုစုနိုင်ဟာဆိုရင် အခုချိန်မှာ ဒုတိယအယ်လ်ဘမ် ကိုယ်ပိုင်စိတ်ကူးဆိုတဲ့ အခွေလေးကို ဇွန်လ ၅ ရက်နေ့မှာ ထွက်ရှိတော့မယ်လို့သိရပါတယ်။ အဆိုပါအခွေလေးဟာ ကိုယ်ပိုင်သံစဉ် ၁၂ပုဒ်နဲ့ကော်ပီတစ်ပုဒ် ပါဝင်တဲ့ အခွေလေးလို့ပြောရင်လဲ မမှားပါဘူး။ ဒါ့အပြင် ဇူလိုင် လမှာထွက်ရှိမဲ့ လေးယောက်အခွေလေးမှာလဲ သီချင်းနှစ်ပုဒ်ပါဝင်သီဆိုထားတယ်လို့ပြောလာတဲ့ ခင်စုစုနိုင်ရဲ့ ဇွန်လ ၅ ရက်နေ့မှာ ထွက်ရှိမဲ့ကိုယ်ပိုင်စိတ်ကူးအခွေအကြောင်းကို မေးမြန်းပြောဆိုဖြစ်တဲ့အခါ

-အရင်ဆုံး ဇွန်လ ၅ ရက်နေ့မှာထွက်ရှိမဲ့ ကိုယ်ပိုင်စိတ်ကူး အခွေအကြောင်းလေးကိုအရင်ပြောပြပေးပါဦး။

ဇွန်လ ၅ ရက်နေ့မှာထွက်မယ်။ အဲ့ဒီနေ့မှာပဲ လှည်းတန်းစင်တာမှာ ညနေ သုံးနာရီကနေ ခြောက်နာရီထိ ပရိုမိုးရှင်းလုပ်ပါမယ်။ အဲ့ဒီထဲမှာမှ ပထမဆုံးဝယ်တဲ့အယောက် ၁၀၀ ကိုလက်ဆောင်ပေးမယ်။ Logo တီရှပ်လေးတွေပါ။ နောက်ပြီး သီချင်းတွေသီဆိုဖျော်ဖြေပါမယ်။ ပရိုမိုးရှင်းက ရန်ကုန်တစ်ခုတည်းပါပဲ။

-ဒီအခွေလုပ်တာ အချိန်ဘယ်လောက်လောက်ကြာသွားလဲ။

အတိအကျပြောရရင် ၂၀၁၄ ၁၁ လပိုင်း ၊ ၁၁ ရက်နေ့ကစလုပ်ဖြစ်တာပါ။ ၂ နှစ်နီးပါးလောက်ကြာသွားပါတယ်။

-ဒီအခွေထဲမှာ ဘယ်လိုသီချင်းအမျိုးအစားလေးတွေပါမလဲ။

သီချင်းအားလုံးပေါင်း ၁၃ ပုဒ်ပါတယ်။ ၁၂ ပုဒ်က own tune ပါ။ တစ်ပုဒ်ကတော့ ကော်ပီပါ။ မြူးဆစ်အမျိုးအစားတွေကတော့ Pop Country ၊ Modern Rock ၊ Modern Country ၊ Pop ၊ Country နဲ့ Rock ပုံစံလေးတွေပါပဲ။ အရင်အခွေနဲ့ကွာတယ်။

-ကော်ပီသီချင်းကဘယ်သူ့သီချင်းများလဲ။

တစ်ခွေလုံးနီးပါးကတော့ ကိုယ်ပိုင်သံစဉ်ပဲ။ ဒါပေမဲ့ အဲ့ဒီသီချင်းလေးတစ်ပုဒ်ကိုတော့ ညီမ အရမ်းကြိုက်လို့ထည့်ထားတယ်။ ပရိသတ်တော်တော်များများကတော့ သိချင်မှသိလိမ့်မယ်။ ညီမလိုချင်တဲ့ပုံစံကို ကိုစောလင်းမိုကိုပြောပြပြီးသူကရေးပေးတာပေါ့။

-အရင်အခွေနဲ့ဒီအခွေနဲ့ကဘယ်လိုကွာခြားမလဲ။ ပရိသတ်အားပေးမှုအပေါ်မှာရောဘယ်လိုမျှော်လင့်ထားလဲ။

ဒီအခွေကတော့ ညီမစိတ်ကြိုက်တွေကြီးပဲ လုပ်ထားတယ်။ ကိုယ်ဆိုချင်တဲ့မြူးဆစ်ပုံစံမျိုး ၊ သီချင်းတွေကိုလဲ အချိန်ယူပြီးစုတယ်။ အဓိကကတော့ ကိုယ်ပိုင်သံစဉ်ဖြစ်တဲ့အတွက်ကြောင့် သေသေချာချာလေးအသက်ဝင်လာအောင်ကြိုးစားထားတယ်။ တီးတဲ့သူတွေကလဲ သေချာလေးတီးထားပေးတယ်။ ဒီအခွေကိုတော့ ပထမခွေထက်စာရင် ခင်စုစုနိုင်အရမ်းအားရပါတယ်။ ကိုယ်ဆိုချင်တာတွေကြီးပဲ ဆိုချင်တဲ့လောဘလေးတော့ ရှိတာပေါ့။ ဒါပေမဲ့ဒီအခွေထဲမှာ ပရိသတ်တွေနားထောင်ရင်ကြိုက်နိုင်မဲ့သီချင်းတွေရော ကိုယ်ကြိုက်တဲ့ သီချင်းတွေရောကိုမျှပြီးထည့်ထားပါတယ်။ ဒီအခွေကိုအားရကျေနပ်မှုရှိတယ်။ ပရိသတ်တွေကြိုက်လိမ့်မယ်လို့လဲမျှော်လင့်ပါတယ်။

-ပါဝင်တဲ့တေးရေးတွေကရော ဘယ်သူတွေများဖြစ်မလဲ။

ရွှေဂျော်ဂျော် ၊ ဇ၀ါ၊ R ခိုင်၊ ကိုအောင်၊ ဟဲလေး၊ မိုးမိုး၊ အောင်ကိုမြင့်၊ စောလင်းမို၊ သားသား၊ မီးမီးခဲ၊ နေခြည်ထွန်းထွန်းပေါ့။ သူတို့တွေပါပါတယ်။

-ကိုယ်ပိုင်စိတ်ကူးဆိုပြီးပေးဖြစ်ခဲ့တာကရော ဘယ်လိုစိတ်ကူးကြောင့်လဲ။

ညီမအခွေထဲမှာ ကိုယ်ပိုင်ဆိုတဲ့သီချင်းလေးရှိပါတယ်။ နေခြည်ထွန်းထွန်းရေးပေးထားတာပါ။ စိတ်ကူးသီချင်းလေးကတော့ သားသားရေးပေးထားတာပါ။ အဲ့ဒီနှစ်ခုကိုပေါင်းပြီး ညီမခေါင်းစဉ်အနေနဲ့ပေးဖြစ်ခဲ့တာပါ။

-ကိုယ်ပိုင်ဆိုတဲ့သီချင်းရဲ့ အဓိပ္ပါယ်ကရော ဘယ်လိုပုံစံမျိုးများလဲ။

ကိုယ်ပိုင်က မိန်းကလေးမှာမှ ကိုယ်ချစ်တဲ့သူက သစ္စာဖောက်တာကိုခံလိုက်ရတဲ့မိန်းကလေးတစ်ယောက်ရဲ့ ခံစားချက်လေးပေါ့။

-လက်ရှိဂီတလှုပ်ရှားမှုက ကိုယ်ပိုင်စိတ်ကူး အခွေထွက်မှာအပြင် ဘာတွေရှိဦးမလဲ။

အခုညီမက ကိုယ့်အခွေထွက်မှာဖြစ်တဲ့အတွက်ကြောင့် စီစဉ်နေတယ်။ ကျန်တာကတော့ လေးယောက်ခွေတစ်ခွေလုပ်နေတယ်။ ကိုဖြိုးပြည့်စုံရယ်၊ ဇွဲပြည့်ရယ်၊ ချောငယ်ရယ်၊ ညီမရယ် ပေါင်းပြီး အခွေလေးတစ်ခွေ ဇူလိုင်လမှာထွက်ပါမယ်။ အဲ့ဒီထဲမှာ ညီမကနှစ်ပုဒ်ဆိုပါမယ်။

-အဲ့ဒီထဲမှာဆိုမဲ့ သီချင်းတွေကဘယ်သူရေးပေးထားတာလဲ။

နေခြည်ထွန်းထွန်းနဲ့ ဆရာကေအေတီသီချင်းဟောင်းလေးတစ်ပုဒ်ပါပါမယ်။

-လက်ရှိအချစ်ရေးကရော ဘယ်လိုရှိလဲ။

ကျန်းကျန်းမာမာပါပဲ အစ်မ၊ အဆင်ပြေပါတယ်။ အချစ်ရေးက အေးအေးဆေးဆေးပါ။ အိမ်ထောင်ပြုဖို့အစီအစဉ်မရှိသေးပါဘူး။ ချစ်သူကတော့ ရှိပါတယ်။

-လက်ရှိအချစ်ကိုရော ဘယ်လိုတည်ဆောက်ထားလဲ။

အဓိကက နားလည်မှုပေါ့။ နောက်သစ္စာတရား ပေါ့။ အဲ့ဒါလေးတွေနဲ့တော့ တည်ဆောက်ထားတယ်။ တစ်ယောက်နဲ့တစ်ယောက်က အမြဲတမ်းတော့ နားလည်ပေးဖြစ်တယ်။ ညီမက အရမ်း ပွစိပွစိနဲ့ရစ်တဲ့အထဲမှာမပါဘူး။ အေးအေးဆေးဆေးပဲ။ အရမ်းလဲ Serious မဖြစ်ဘူး။ လက်ရှိအချစ်ကလဲကိုယ့်ကို စိတ်ချမ်းသာမှုအများကြီးပေးပါတယ်။ အဲ့ဒါကြောင့် အရမ်းအခက်အခဲတော့မရှိပါဘူး။

-သူကရောကိုယ့်ကိုဘယ်လိုနားလည်မှုတွေပေးလဲ။

ကိုယ့်အလုပ်မှာ အစစအရာရာကူညီပေးတယ်။ စဉ်းစားပေးတယ်။ ကိုယ့်အခက်အခဲတွေကို မျှပြီးရင်ဆိုင်ဖြေရှင်းပေးတယ်။ ပြောရရင် အရမ်းကိုနားလည်ပေးပါတယ်။

-တစ်နေ့မဟုတ်တစ်နေ့တက်နေတဲ့ သတင်းတွေအပြင် ဖေ့စ်ဘုတ်သုံးတဲ့လူတွေအပေါ် ညီမရဲ့ အမြင်လေးကိုလဲသိချင်ပါတယ်။

တချို့တွေကျတော့ ကွန်မန့်ရေးပြီး ကိုယ့်စိတ်ထဲမှာရှိနေတာကို ရေးလိုက်တယ်။ ဒါပေမဲ့ တကယ်ခံရတဲ့သူကျတော့ အရမ်းနစ်နာတယ်။ အရမ်းလဲစိတ်ထိခိုက်ရတယ်။ ကိုယ့်စကားတစ်ခွန်းကြောင့်သူတစ်ပါးစိတ်ဆင်းရဲရတယ်။ ခင်စုစုနိုင်ဆိုရင်လဲ ကိုယ်မကြိုက်ရင် မကြည့်ဘူး။ ဒါပေမဲ့ တချို့ကျတော့ ဝေဖန်တာအရမ်းကြီးကြမ်းတဲ့သူတွေ ရှိတယ်။ အဲ့ဒီလိုဆိုရင်တော့ သဘောမကျပါဘူး။ လူဆိုတာ စိတ်အမျိုးမျိုး အထွေထွေရှိတယ်။ ဒါပေမဲ့ ကိုယ်ကိုတိုင်က မောင်နှမသားချင်းလို၊ အမျိုးအဆွေကို ကိုယ့်ရဲ့မိတ်ဆွေလိုသဘောထားပြီး ကောင်းသည်ဆိုးသည်ကို ဝေဖန်ပေးကြပါ။ တချို့ဆို အပြင်မှာတွေ့ရတာမဟုတ်ဘူးဆိုပြီးပစ်စလက်ခတ်ပြောတာတွေရှိတယ်။ အဲ့ဒါကိုတော့ ခင်စုစုနိုင်လုံးဝရှုတ်ချပါတယ်လို့ပြောချင်ပါတယ်။

-ဖေ့စ်ဘုတ်ကိုရော ဘာ့အတွက်အဓိကထားပြီးသုံးဖြစ်လဲ။

ပြောရမယ်ဆိုရင်ကိုယ့်ကိုအားပေးတဲ့ပရိသတ်တွေ၊ ကိုယ်နဲ့ဝေးနေတဲ့သူငယ်ချင်းတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေအားလုံး ပွဲတစ်ပွဲဖိတ်မယ်ဆိုရင်လဲ ဒီဖေ့စ်ဘုတ်ကနေပဲ ဖိတ်ဖြစ်တယ်။ ကိုယ်တွေအတွက်သုံးရတာအရမ်းအဆင်ပြေတယ်။ အဲ့ဒါကြောင့်သုံးဖြစ်ပါတယ်။

-ပရိသတ်ကြီးကိုရော ကိုယ်ပိုင်စိတ်ကူးအခွေလေးနဲ့ပတ်သက်ပြီး ဘယ်လိုပြောပြချင်သေးလဲ။

စိတ်နှစ်ပြီးသေချာကြိုးစားထားတဲ့ ခင်စုစုနိုင်ရဲ့ ကိုယ်ပိုင်စိတ်ကူးအခွေကို ပရိသတ်ကြီးကြိုက်မယ်လို့ထင်ပါတယ်။ အခွေထွက်လာရင်အားပေးကြပါဦးလို့ပြောချင်ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.