ဖေ့စ်ဘုတ်ပေါ်မှာ နေ့တိုင်းတက်နေတဲ့ သတင်းတွေကိုကြည့်ရင် အွန်လိုင်းသုံးရတာကိုကြောက်လာမိတယ်လို့ ဆိုတဲ့ စံရတီမိုးမြင့်

13235983_1745422372383340_2105679509_n.jpg

ပူပြင်းတဲ့ရာသီဥတု အပြင် ချစ်စရာကောင်းတဲ့ ခွေးသုံးကောင်ကို ထိန်းသိမ်းနေရတာကြောင့် ၀ိတ်ကျသွားတာပါလို့ဆိုလာသူကတော့ စံရတီမိုးမြင့်ပါ။ ၂၀၁၆ ထဲမှာ ဗီဒီယိုထက်ကားကြီးပိုမိုရိုက်ကူးလာရသလို မရိုက်ဖူးသေးတဲ့ကာရိုက်တာများကိုသာ ရွေးချယ်ရိုက်ကူးနေကြောင်းပြောလာပြန်ပါတယ်။ ဒါ့အပြင် တနေ့မဟုတ်တနေ့တက်နေတဲ့ သတင်းတွေအပြင် လက်ရှိလူမှုကွန်ယက်ဖေ့စ်ဘုတ်သုံးခြင်းရဲ့ အကျိုးကျေးဇူးများနဲ့လက်ရှိမှာရိုက်ကုးနေဆဲ ဗီဒီယိုကားလေးအကြောင်းကို ပြောပြလာတဲ့အခါ

-အခုရိုက်နေတဲ့ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။

ခုနစ်ထွေကြိုးကြာတဲ့။ ဒါရိုက်တာက ကိုအောင်ဇော်လင်း၊ မင်းသားက အသစ်အောင်သူပါ။ အမေမွှေးပါမယ်။ သူနဲ့က အရှေ့မှာ ၂ကားရိုက်ဖူးပါတယ်။ အခုကားနဲ့ဆို ၃ကားမြောက်ပေါ့ ။ ဒီထဲမှာ ညီမအဖေက ဦးမင်းဦး သူကစော်ရှုပ်တယ်။ မင်းသားက အမေမွှေးရဲ့သား သူတို့ကဆင်းရဲတယ်။ ဒရာမာကားလေးပါပဲ။

-မင်းသားသစ်နဲ့တွဲရိုက်ရတဲ့အပေါ်မှာ အခက်အခဲရောရှိလား။

ညီမအရှေ့မှာလဲသူနဲ့ရိုက်ဖူးတယ်။ ဒါနဲ့ဆို ၃ကားရှိပြီ။ အရမ်းကြီးအခက်အခဲတော့မရှိပါဘူး။ အဆင်ပြေပါတယ်။

-ဒါပြီးရင်ရော ဘာတွေလက်ခံထားတာရှိဦးမလဲ။

မေမြို့တက်မယ်။ ကိုအောင်ရဲလင်းနဲ့ ရုပ်ရှင်ကားကြီးသွားရိုက်ဖို့ရှိပါတယ်။

-ဗီဒီယိုအရိုက်နည်းသွားတဲ့အတွက်ကိုယ့်ဆီလာတဲ့ကားကြီးဇာတ်တွေကို ဗီဒီယိုနဲ့ကားကြီးဆိုပြီး ခွဲခြားသတ်မှတ်ထားတာမျိုးရှိမလား။

အဓိကကတော့ ဇာတ်ပေါ့နော်။ဇာတ်ကိုကြည့်တယ်။ သေချာတာက ဗီဒီယိုအရမ်းနည်းသွားတယ်။ ကားကြီးတွေလာတာများတယ်။ အရင်တုန်းကဆို ဗီဒီယိုတွေညီမတို့အရိုက်များခဲ့တယ်။ အခုကျတော့ ဈေးကွက်အခြေအနေကြောင့် ကားကြီးတွေကိုပိုရိုက်ဖြစ်လာရတယ်ပေါ့။ ဒါပေမဲ့ရုံကတော့မရှိဘူး။ ကိုယ်ကတော့ ၂ကားပြိုင်ပြီး လာငှားတဲ့အခါမျိုးတွေမှာကိုယ်နဲ့လိုက်ဖက်တဲ့ကာရိုက်တာကိုပဲ ဦးစားပေးလက်ခံဖြစ်တယ်။ အရင်ကမလုပ်ဖူးတဲ့ကာရိုက်တာကိုပိုရွေးတာများတယ်။ ကားကြီးပိုရိုက်ရတဲ့အတွက် ပိုပြီးအခွင့်အရေးရလာတယ်လို့ပြောလို့ရတယ်။ ဒါပေမဲ့ကားကြီးပဲဖြစ်ဖြစ် ဗီဒီယိုပဲဖြစ်ဖြစ် ကြိုးစားရတာခြင်းကအတူတူပါပဲ။ ကားကြီးကတော့ ရိုက်ပြီးရင်အချိန်နည်းနည်းစောင့်ရတယ်။ ဒီလောက်ပါပဲ။

-အခုလိုရာသီဥတုပူပြင်းတဲ့အချိန်မှာရိုက်ရတဲ့အတွက်အခက်အခဲတွေရောရှိမလား။ ကိုယ့်ကိုကိုယ်ရော ဘယ်လိုမျိုးဂရုစိုက်ဖြစ်လဲ။

အခက်အခဲကတော့ အပြင်ထွက်ရရင်နေပူတဲ့အတွက် ပုံမှန်လိုစိတ်နှစ်ဖို့မလွယ်ဘူး။ ဒီကားဆိုလဲ ဒရာမာဆိုတော့ နည်းနည်းပိုပင်ပန်းတယ်။ မနေ့ကထိသန်လျင်မှာပဲရိုက်တာဒီနေ့မှရန်ကုန်ရောက်တာ၊ သရုပ်ဆောင်ခါနီးပြင်ဆင်ဦးမယ်စောင့်ဆိုရင် အရင်ကအတိုင်းပဲ အရင်ကစောင့်ရင်ဘာမှမဖြစ်ဘူး။ အခုကပူတဲ့အခါကျတော့ မစောင့်ချင်ဘူး။ စိတ်ကအလုပ်ထဲကိုသိပ်မရောက်ဘူး။ နေကပူဆိုတော့ ပင်ပန်းတယ်။ ရာသီဥတုပူတော့ အိုက်တင်လုပ်ရတာပိုအခက်အခဲဖြစ်တယ်။ စိတ်ကသိပ်မရောက်ဘူး။ နောက်ကိုယ့်ကိုကိုယ်ဂရုစိုက်ဖြစ်တယ်။ ရေအမြဲတမ်းသောက်ဖြစ်တယ်။ ကျန်တာကတော့ ဘာမှမသောက်ဖြစ်ဘူး။ ရသလောက်အရိပ်ထဲမှာနေတယ်။

-အရင်ကထက် ပိုပိန်သွားသလိုပဲနော်။

နေပူတာလဲပါမယ်။ အရင်ကညီမကချွေးသိပ်မထွက်ဘူး။ အခုနောက်ပိုင်းက အလကားနေရင်းချွေးထွက်နေတယ်။ နောက်အိမ်မှာခွေးတွေကို ကိုယ်ပဲထိန်းရတာဆိုတော့လေ သူဆွဲရင်ကိုယ့်မှာ ဒရွတ်တိုက်ပါပါသွားတယ်။ နောက်အရင်ကလဲ အအေးတွေအရမ်းသောက်တယ်။ အခုလုံးဝမသောက်တော့ဘူး။ ရပ်လိုက်တော့ ပိန်သွားတယ် ထင်ပါတယ်။ နောက်ခွေးနဲ့ညနေပိုင်းပြေးတယ်။ ဆော့တယ်။ သူ့ကိုလိုက်ထိန်းတယ်ဆိုတော့ အလိုလိုနေရင်းကိုဝိတ်ကကျသွားတယ်။

-ဖေ့စ်ဘုတ်လူမှုကွန်ယက်တစ်ခုအပေါ် ညီမရဲ့အမြင်လေးကိုလဲသိချင်ပါတယ်။

ပြသနာတွေကတော့ တနေ့တမျိုးကိုတွေ့နေရတာပဲ။ သုံးတတ်တာလဲမကောင်းဘူး။ မသုံးတတ်ရင်လဲမကောင်းပြန်ဘူး။ မနက်မိုးလင်းလို့အိပ်ရာကနိုးတာနဲ့ဖေ့စ်ဘုတ်မှာ ဘာသတင်းများတက်လေမလဲလို့ကြည့်နေရတယ်။ အဲ့ဒီလိုလေးတွေတော့ရှိတယ်။ အွန်လိုင်းပေါ်တက်လာတာတွေက တချို့သတင်းတွေက မှန်သလို တချို့သတင်းတွေက မှားတာမျိုးရှိတယ်။ အများကြီးပေါ့။ တချို့မိုးလေ၀သနဲ့ပတ်သက်တဲ့သတင်းတွေနိုင်ငံတကာနဲ့ပတ်သက်တဲ့သတင်းတွေကျတော့လဲ ဖေ့စ်ဘုတ်သုံးတဲ့လူတွေက ပိုပြီးအသိမြန်တယ်ပေါ့။ ဒါပါပဲ။ ကောင်းတာနဲ့ဆိုးတာနှစ်ခုကတော့ ဒွန်တွဲနေတာပေါ့နော်။

-ဖေ့စ်ဘုတ်ကို နှစ်နှစ်ခြိုက်ခြိုက်သုံးစွဲတဲ့သူထဲမှာပါလား။

သုံးဖြစ်တယ်။ သဲကဟိုးအရင် G mail နဲ့စချက်ကတည်းက သုံးခဲ့တာ။ ၈တန်း၊ ၉တန်းလောက်ကတည်းကသုံးခဲ့တာပေါ့။ အဓိကကတော့ အနုပညာနဲ့ပတ်သက်တာတွေ တင်တယ်။ ဒီလောက်ပါပဲ။ သတင်းတွေတက်လာရင်တော့ အရင်ဆုံးဖြစ်နိုင်မဖြစ်နိုင် အရင်စဉ်းစားတယ်။ သတင်းတွေက တစ်နေ့တစ်မျိုးထွက်နေတော့ကိုယ်လဲသုံးရတာတော့နည်းနည်းကြောက်တယ်။

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.