အေးချမ်းမှုတွေ အပြည့်အ၀လွှမ်းခြုံထားတဲ့ မိသားစုရိပ်မြုံလေးကြောင့် စိတ်ချမ်းသာမှုတွေရရှိနေသူ အကယ်ဒမီ ပြေတီဦးဟာ ပရိသတ်တွေရဲ့ အားပေးမှုနဲ့ ရှင်သန်နေထိုင်နေတဲ့ မင်းသားတစ်လက် ဆိုရင်လည်း မမှားပါဘူး။ သူဟာ လတ်တလောမှာ လက်ပံနဲ့ အကယ်ဒမီတစ်ပြေးနေသူဖြစ်ပြီး ဗီဒီယိုကားတွေလည်း ဆက်တိုက်ရိုက်နေရသူပါ။ ပရိသတ်ပေးတဲ့ အကယ်ဒမီနဲ့တင် ကျေနပ်နေတာ ပါလို့ ပြောလာခဲ့တဲ့ အကယ်ဒမီပြေတီဦးနဲ့ တွေ့ဆုံခိုက် ပြောဖြစ်ခဲ့တာလေးတွေကတော့ ‘အခုရိုက်နေတဲ့ကားလေးက ရစ်ပတ်နှောင်တွယ်တဲ့။ ဒါရိုက်တာက ဟိန်းစိုး၊ မင်းသမီးက မိုးဟေကို ပေါ့။ ဒီဇာတ်လေးထဲမှာ အစ်ကိုက နှစ်ကိုယ်ခွဲ သရုပ်ဆောင်ရတာပါ။ ညီအစ်ကိုနှစ်ယောက်မှာ အစ်ကိုက တည်မြဲသာ၊ ညီက နေမြဲသာ။ ညီမှာက ကောင်မလေးတစ်ယောက်ရှိတယ်။ အစ်ကိုမှာက လူတွေကို မယုံတဲ့ ရောဂါရှိတယ်။ ညီယူမယ့် ကောင်မလေးကို မယုံကြည်လို့စမ်းသပ်တာပေါ့နော်။ အဲလိုပုံစံလေးပါ’လို့ လက်ရှိသူရိုက်ကူးနေတဲ့ ဇာတ်ကားအကြောင်း ပြောပြလာပါတယ်။
လက်ရှိမှာရုံတင်ပြသနေတဲ့ အဖြူရောင် ရဲတိုက်ဇာတ်ကားနဲ့ပတ်သတ်ပြီးတော့လဲ ‘အဲဒီကားကို ကြည့်တဲ့အချိန်မှာ မိဘတွေကတော့ ရင်ထဲမှာ ထိကြလိမ့်မယ်။ မိဘတွေ တချိန်မှာကြုံကိုကြုံရမယ့် အရာတစ်ခုကို သူက ရိုက်ပြထားတာ။ အဲ့ဒီတော့ အရွယ်ရောက်လာတဲ့ သားသမီးကို ပိုင်ဆိုင်ထားတဲ့ မိဘတွေအနေနဲ့ ဒီကားကိုကြည့်ကြတဲ့အချိန်မှာ စိတ်ထိန်းနိုင်မှာမဟုတ်ဘူး။ ငိုကိုကြမှာပဲ။ မိဘတိုင်းကြုံကြရမယ့် ကိစ္စဖြစ်တဲ့အတွက် ရင်ထဲထိရောက်မယ်ဆိုတာကိုတော့ အာမခံရဲပါတယ်’လို့ သူကပြောပါတယ်။ ကျေနပ်အားရမှုရှိစွာ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ ‘အနောက်မှာ လာလိမ့်ဦးမယ်’၊ ‘တိုက်ဆိုင်မှုရှိလျှင်’၊ ‘Make In Heart’၊ ဆိုတဲ့ကား၊ နောက်ပြီး ‘နင်စေရင်’ အဲဒီကားတွေအကုန်လုံးက အစ်ကို တကယ်စိတ်နှစ်ပြီးရိုက်ထားတဲ့ ကားတွေပါ’’တဲ့။ လက်ရှိမှာပြေတီဦး ဖောင်ဒေးရှင်းမျှော်မှန်းချက်ကိုတော့ သူက ‘Fan တွေအများကြီးရှိပြီးတော့ ပိုက်ဆံတွေ အများကြီး နဲ့ကျောင်းပေါင်းစုံကို ထောက်ပံ့၊ ဆေးရုံတစ်ရုံ ဆောက် ၊ တစ်ခါတည်း မရှိဆင်းရဲသားတွေ အကုန်ခေါ်ကု၊ အားလုံးကိုအခမဲ့ ကု အဲလောက်ထိဖြစ်ချင်တာပေါ့နော်။ ဒါပေမဲ့ အစ်ကိုတို့ကလဲ ကိုယ့်အထွာနဲ့ကိုယ်ဆိုတော့ ကိုယ်လုပ်နိုင်တဲ့ အပိုင်းလေးကိုပဲ လုပ်နေပါတယ်။ ပရဟိတဆိုတာ ကိုယ်ကိုတိုင်ရဲ့အကျိုးမပါပဲနဲ့ အများကောင်းဖို့အတွက် လုပ်တဲ့အလုပ်တစ်ခုပါ’ လို့ပြောပြပေးခဲ့ပါတယ်။