ရည်းစားဟောင်းနဲ့ပတ်သက်ပြီး ဘာFeeling မှမရှိတော့တဲ့ ပိုပိုက တစ်ယောက်တည်း ပျော်ရွှင်စရာကောင်းတဲ့ဘ၀လေးကိုပိုင်ဆိုင်နေပြီလို့ဆို

popo.png

အချစ်ရေးနဲ့ပတ်သက်ပြီး တစ်ယောက်တည်းနေသားကျနေပြီဖြစ်တဲ့ ပိုပိုက ပြီးဆုံးသွားတဲ့ အချစ်ရေးရဲ့ ခံစားချက် အနည်းငယ်ကိုပြောပြလာသလို လက်ရှိသူမဘ၀ရဲ့  ပျော်ရွှင်စရာကောင်းတဲ့ အကြောင်းအရာလေးတွေကိုလဲရွေးထုတ်ပြောပြလာပြန်ပါတယ်။ လက်ရှိမှာ နယ်ရှိုးအပြင် ရန်ကုန်ရှိုးနည်းနည်းပါးပါးနဲ့ အလွမ်းသီချင်းကြိုက်တဲ့ရေဒီယို ဗီစီဒီကို စတင်ရိုက်ကူးနေပြီဖြစ်တဲ့ ပိုပိုရဲ့ လက်ရှိဂီတလှုပ်ရှားမှုတွေအကြောင်း မေးမြန်းကြည့်ဖြစ်တဲ့အခါ

-အခုလက်ရှိ ဂီတလှုပ်ရှားမှုအနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။

အခုလောလောဆယ်ကတော့ ရန်ကုန်ပွဲလေးတွေ ၊ နယ်ပွဲလေးတွေဆိုဖြစ်နေတယ်။ အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယိုကို ဗီစီဒီရိုက်တဲ့အပုဒ်တွေလဲရိုက်ပြီးသွားပြီ။ အပ်တဲ့ဟာတွေလဲ အပ်ထားတယ်။ ဇာတ်လမ်းလေးတွေကိုလဲ ကိုယ်ကိုတိုင်ရေးနေပါတယ်။

-ဗီစီဒီက ဘယ်နှစ်ပုဒ်လောက်ရိုက်ပြီးသွားပြီလဲ။

ကိုမြင့်မြတ်နဲ့ဟာပြီးသွားပြီ။ ကိုပြေတီဦးနဲ့ဟာပြီးသွားပြီ။ အရင်ကရိုက်ထားတဲ့ အပုဒ်တွေလဲ ရှိတယ်။ ဒါပေမဲ့ ပိုပို ၀တုန်းက ရိုက်ထားတဲ့ အပုဒ်တွေဖြစ်တဲ့အတွက်ဖြုတ်လိုက်တယ်။ အခုကိုအောင်ရဲလင်းကို ဒါရိုက်တာအောင်မြတ်နဲ့ရိုက်ဖို့ကို Try နေတယ်။ နောက်ခင်ဝင့်ဝါနဲ့ပိုပိုနဲ့သူမအတွက် သီချင်းကို ကိုဝင်းလွင်ထွက်ရိုက်မယ်။ နောက်ကိုထွန်းကိုကိုနဲ့ရိုက်ဖို့ကို ဒါရိုက်တာကိုဇော်ကြီးနဲ့တိုင်ပင်နေတယ်။ တကယ်ပြီးတာကတော့ ၄ပုဒ်လောက်ပဲရှိပါသေးတယ်။ မိုးတွင်းက ရှိုးလဲပါးတော့ ပွင့်လင်းရာသီထွက်နိုင်အောင် မိုးတွင်းတစ်တွင်းလုံးကို ရိုက်သွားမယ်။ ဆယ်လပိုင်းလောက်ထွက်ဖို့မျှော်လင့်တယ်။ ပိုပိုတတိယအခွေကိုတောင် မလုပ်ဖြစ်သေးဘူး။ ဒီအခွေလေးကိုပဲအားစိုက်ပြီးအကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်။ ဒီအခွေထွက်ပြီးမှ တတိယအခွေကို စအကောင်အထည်ဖော်မှာပါ။

-စီဒီမှာပါတဲ့ သီချင်းတွေအားလုံးကိုရိုက်မှာလား။ ချန်ခဲ့မဲ့ အပုဒ်တွေ၊ အသစ်ထပ်တိုးမဲ့ အပုဒ်တွေရောပါဦးမလား။

ဆယ့်လေးပုဒ်ပါတယ်။ တစ်ပုဒ်ကိုဖြုတ်မယ်။ ပိုပိုရေးတဲ့သီချင်း မဟုတ်ဘူး။ ပိုပိုသူငယ်ချင်းရေးတဲ့ သိပ်နောက်မကျသေးခင်ဆိုတဲ့သီချင်းကိုဖြုတ်မယ်။ ဒါပေမဲ့ ကိုရီးယား ဒါရိုက်တာနဲ့ရိုက်ပြီးဟိုမှာပဲလုပ်တဲ့ ကြွေပြီလေ အိုင်းစ်ဆိုတဲ့သီချင်းလေးထပ်ထည့်မယ်။

-အခုနောက်ပိုင်း အာရုံဆွမ်းကို အမြဲလိုလို ချက်ပြုတ်ပြီးလှူတာတွေ့ရတယ်နော်။

 တစ်ပတ်တစ်ခါ ဒါမှမဟုတ် ပိုပိုအားတဲ့အချိန်တိုင်းလုပ်တယ်။ ဘာကြောင့်လုပ်ဖြစ်တာလဲဆိုတော့ အာရုံဆွမ်း ကပ်တယ်ဆိုတဲ့ အဓိပ္ပါယ်လေးပေါ့။ ဥပမာ ဘုန်းဘုန်းတွေက ညပိုင်းမစားရဘူး။ ဗိုက်ဆာကြတယ်။ အဲ့ဒီတော့ မနက်ဆိုအရမ်းဆာနေမှာသေချာတယ်။ အဲ့ဒီအချိန်မှာ ကိုယ်လှူလိုက်တဲ့ ဆွမ်းတစ်နပ်က အရမ်းဆာလောင်နေတဲ့အချိန်မှာ စားလိုက်ရတဲ့ ဆွမ်းတစ်နပ်က ပိုပြီးကုသိုလ်ရမယ် ထင်တယ်။ နောက်ပြီး အာရုံဆွမ်းကပ်ဖို့ကအစောကြီးထရတာဆိုတော့ တော်ရုံတန်ရုံထဖို့လဲ မလွယ်ဘူး။ ချက်ဖို့လဲ မလွယ်ဘူး။ ပိုပိုတို့ဆို ည ရှစ်နာရီနောက်ကတည်းက ညဈေးမှာ သွားဝယ်ပြင်ဆင်ပြီး ချက်ကြတယ်။ ပြီးရင် မနက်ကျရင် သွားလှူတယ်။ သွားကပ်တယ်။ အဲ့ဒီလိုထပြီး လုပ်ရတာကလေ စိတ်ချမ်းသာတယ်။ လူတွေက ထရမှာပျင်းတာ။ ဒါပေမဲ့ လုပ်ကြည့်လိုက်ပါ။ အရမ်းစိတ်ကြည်နူးဖို့ကောင်းတယ်။ တခါတလေ အလုပ်တွေပိနေရင်တောင် ကိုယ်အားတဲ့အချိန်တစ်ရက်ပဲရရလုပ်ဖြစ်တယ်။ ပရိသတ်တွေအားလုံးကိုလဲ အာရုံဆွမ်းကပ်စေချင်ပါတယ်။ သွားလှူဖြစ်တာကတော့ ပဌာန်းကျောင်းရှိပါတယ်။ အသက်က ၈၀ကျော် ၉၀ နီးပါးရှိပြီ။ နောက်ပြီးပိုပို့ကိုဆို ပဌာန်းအမြဲရွတ်ခိုင်းတယ်။ အဲ့ဒီကဘုန်းဘုန်းက ပဌာန်းပွဲတွေလဲ အမြဲလုပ်တယ်။ ဆွမ်းချက်ပြီး လှူတာတော်တော်ကြာနေပြီဆိုတော့ အဲ့ဒီကဘုန်းဘုန်းနဲ့တောင်ခင်နေပါပြီ။

-ကိုရီးယားကားလဲတော်တော်လေးကြည့်ပုံရတယ်နော်။

ဆောင်ဂျွန်ဂီကိုကြိုက်နေတာ။ သူ့ရဲ့ DOTS ကားကို စကြည့်မိပြီး အဲ့ဒီကတည်းကရူးသွားတာ အခုသူပါတဲ့ကားတွေမှန်သမျှ ၀ယ်ကြည့်ဖြစ်နေတယ်။ အရင်က ကိုရီးယားကားဆိုသိပ်မကြည့်ဖြစ်ဘူး။ အခုကအရမ်းကိုစွဲသွားတာ။ ပိုပိုက ဒေါင်းရတာ အရမ်းပျင်းတယ်။ ဒါပေမဲ့တစ်ပိုင်းဆွဲလိုက်ကြည့်လိုက်နဲ့ဆွဲပြီး အခုဆို အရမ်းကိုကြိုက်နေပြီ။ တစ်ခါမှမလုပ်ဖူးတာတွေလဲလုပ်ဖြစ်နေတယ်။ ဥပမာ Instagram မှာဆိုရင်သူ့ပုံတွေရှာပြီး Screenshot တွေရိုက်တယ်။ သူနဲ့တက်လာတဲ့ပုံတွေကို save တယ်။ ပိုပို့ရဲ့ဖုန်းအားလုံးမှာ Wallpaper ကသူ့ပုံတွေကြီးပဲ။ တစ်နေ့တစ်နေ့အဲ့ဒီပုံတွေထိုင်ကြည့်ပြီးစိတ်တွေချမ်းသာနေတာ။ အရမ်းကိုပျော်စရာကောင်းပါတယ်။ Instagram မှာသူ့ပုံတွေတက်လာရင်လဲ ကွန်မန့်တွေသွားပေးဖြစ်တယ်။ လူတွေကတော့ရူးတယ်လို့ထင်မှာပဲ။ ဒါပေမဲ့အဲဒါလေးကပိုစိတ်ချမ်းသာဖို့ကောင်းပါတယ်။

-လက်ရှိပိုပို့ရဲ့အချစ်ရေးကရော ဘယ်လိုရှိလဲ။

အချစ်ရေးကတော့ ဘာမှမရှိပါဘူး။ ကိုရီးယားမင်းသားကိုပဲကြိုက်ရတာ စိတ်ချမ်းသာပါတယ်။ နေလို့လဲကောင်းတယ်။ ပြင်ပမှာ ရည်းစားထားရင် အ ချစ်ရေးတွေက စိတ်ပူပန်နေရပြီး အမြဲလိုလိုစိတ်ဆင်းရဲနေရတယ်။ နောက်ပြီးကိုယ့်နားမှာရှိပြီး ကိုယ့်ကို ဂရုမစိုက်တဲ့ ရည်းစားမျိုးရမှာတို့၊ ဖောက်ပြန်ပြီးတော့နောက်ကွယ်မှာ ရည်းစားထားနေတဲ့ ယောကျာ်းမျိုးရမှာတို့၊ ပြီးရင် ပွစိပွစိနိုင်ပြီးဟိုဟာလဲမလုပ်နဲ့ဒီဟာလဲမလုပ်နဲ့လို့ပြောမဲ့ရည်းစားမျိုးရမှာတို့၊ နောက်ပြီး Surprise ဆိုတာကို ပိုပိုတို့ဆို အချိုရည်နာမည်လောက်ပဲသိပြီး ဘာ Surprise မှ မလုပ်တတ်တဲ့ ယောကျာ်းမျိုးရမှာတို့အမျိုးမျိုးတွေကို ကြောက်ပြီး စိတ်ဆင်းရဲရမှာ စိုးတယ်။ အဲ့ဒါကြောင့်အချစ်ရေးကို စိတ်မ၀င်စားဘူး။ အချစ်သစ်ရဖို့ကိုလဲမမျှော်လင့်ဘူး။ အခုကိုယ်နေရတဲ့ဘ၀လေးကအဆင်ပြေတယ်။ ပျော်စရာကောင်းတယ်။ ပိုပိုအခု တတိယနှစ်ဥပဒေကျောင်းပြန်တက်မယ်။ Gym ဆော့မယ်။ ကိုယ့်ဟာကို လှအောင်နေမယ်။ ကိုရီးယားကားတွေကြည့်ပြီးသီချင်းတွေဆိုမယ်။ ပရိသတ်တွေနဲ့ပဲပျော်ပျော်ရွှင်ရွှင်နေသွားမယ်။ အချစ်ကတော့စိတ်မ၀င်စားပါဘူး။

-ကိုယ့်ရဲ့ ရည်းစားဟောင်းက အသစ်နဲ့ အဆင်ပြေနေတာကိုတွေ့တဲ့အခါမှာရော ဘယ်လိုစိတ်ခံစားချက်ဖြစ်မိလဲ။

ဘာမှမရှိပါဘူး။ အဓိကက ကိုယ်ချစ်ခဲ့တဲ့လူတစ်ယောက်ပဲဖြစ်ပါစေ။ ကိုယ်မချစ်တော့တဲ့ လူတစ်ယောက်ပဲဖြစ်ပါစေ။ အဲ့ဒီလူပျော်နေဖို့ပဲအရေးကြီးတယ်။ သူတို့ပျော်တယ်ဆို ကိုယ်ကျေနပ်တယ်လေ။ ကိုယ်လဲပျော်နေတာကိုး။ တကယ်လို့နောက်ရည်းစားမရသေးရင်တောင် သူတော့ငါ့ကိုလွမ်းနေလားမသိဘူးဆိုတဲ့ အတွေးမျိုးဝင်မိနိုင်သေးတယ်။ အခုနောက်အသစ်နဲ့ပျော်နေတာမြင်ရတော့ အားလုံးကောင်းပါတယ်။ အကောင်းဖက်ကပဲ စဉ်းစားဖြစ်တယ်။ ဘာစိတ်ခံစားချက်မှတော့ မရှိတော့ပါဘူး။ သူတို့ပျော်တော့ကိုယ်လဲပိုပြီးပျော်ပျော်ရွှင်ရွှင်နေလို့ရတာပေါ့။

-အခုနောက်ပိုင်းမှာ အနုပညာရှင်တွေရဲ့ သတင်းတွေနဲ့ပတ်သက်ပြီးတစ်နေ့တစ်မျိုးမရိုးရဘူးပေါ့။ တစ်ခုပြီးတစ်ခု တက်နေတယ်။ နောက်အဆင်မပြေတဲ့သူအချင်းချင်းလဲ ဒီဖေ့စ်ဘုတ်ပေါ်မှာပဲ စာရင်းတွေရှင်းကြတယ်။ အဲ့ဒီလိုရှုပ်ထွေးတဲ့ ဖေ့စ်ဘုတ်ဆိုတဲ့ လူမှုကွန်ယက်တစ်ခုအပေါ် ညီမရဲ့အမြင်ကဘယ်လိုလေးရှိလဲ။

ပိုပိုကတော့ အဲ့ဒါတွေမြင်ရင်ဖတ်တယ်။ ဒါပေမဲ့ မှတ်ချက်တော့ ဘယ်တော့မှမပေးဘူး။ ဘယ်သူတွေဘာတွေဖြစ်နေလဲဆိုတာ စိတ်ဝင်စားသင့်တယ်လေ။ အဲ့ဒါကြောင့်ဖတ်တယ်။ စပ်စုတာက ဥာဏ်ကောင်းစေတယ်လို့ပြောကြတယ်လေ။ အဲ့ဒါကြောင့်ဖေ့စ်ဘုတ်မှာ တစ်ခုခုဆို အနုပညာရှင်တွေမှ မဟုတ်ပါဘူး။ အပြင်လောကက လူတွေရဲ့ အကြောင်းအရာတွေလဲ ပါတယ်လေ။ အဲ့ဒီတော့ အဲ့ဒါတွေကိုဝင်ဖတ်တယ်။ ခွီတယ်။ အဲ့ဒါတွေကလူကိုလဲပျော်ရွှင်စေတယ်။ ဒါပေမဲ့ မှတ်ချက်တော့မပေးဘူး။ ဒါပေမဲ့ ကိုသူရသိန်းတို့အတွဲကိုတော့ ကွန်မန့်အမြဲပေးတယ်။ ရယ်ရတယ်တို့ဘာတို့ပေါ့။ ဒီလောက်ပဲပေါ့။ ဒါပေမဲ့ ပိုပိုထင်ပါတယ်။ နိုင်ငံခြားက အနုပညာရှင်တွေမှာလဲ ပြသနာရှိမှာပဲ။ ဒါပေမဲ့ သူတို့က အဲ့ဒီလောက် မရှိဘူး။ အကယ်လို့အနုပညာတွေ ပြသနာဖြစ်ချင်တယ်။ ရင်ဖွင့်ချင်တယ်။ စာတင်ချင်တယ်ဆိုရင် Friend only ကပိုကောင်းမယ်ထင်တယ်။ Public ကျတော့ Fan တွေအားလုံးမြင်တယ်။ သူတို့က ဖတ်ကြတယ်။ Screenshot တွေရိုက်ကြ Share ကြဆိုတော့ မကောင်းဘူးလေ။ ကိုယ်မကျေနပ်ရင် သူလဲကိုယ့် friend ထဲမှာရှိမှပဲ။ အဲ့ဒါကြောင့် Friend Only လေးတင်ရင်ပိုကောင်းမယ်လို့ထင်ပါတယ်။ ကျန်တာကတော့ သိပ်မပြောတတ်ပါဘူး။

-Let ‘s Go နဲ့လဲ ဒီတစ်ခေါက်မှာ ဧည့်သည်အနေနဲ့လိုက်သွားမယ်လို့သိရတယ်။

နိုင်ငံကတော့ အီတလီရယ်၊ စပိန်ရယ်၊ အင်္ဂလန်ရယ်လားမသိဘူး။ အတိအကျက ကိုဝေမင်းမောင်ပိုသိမယ်ထင်တယ်။ ဧည့်သည်အနေနဲ့ပိုပို အပါအ၀င်ကိုစိုင်းနဲ့ကိုဖြိုးလေးပါမယ်။ ဗဟုသုတအနေနဲ့လိုက်သွားမှာပါ။ အဲ့ဒီမှာကိုဝင်းလွင်ထက်လဲပါတော့ အမ်တီဗီတစ်ပုဒ်လောက်တော့ ရိုက်ဖြစ်မယ်ထင်ပါတယ်။ 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.