၂၀၁၆ ထဲမှာ မင်္ဂလာဆောင်ဖို့ရှိတဲ့ မိတ်ကပ် ညီညီမောင် (စမ်းချောင်း) က မျက်နှာကစတင်ပြီး Sex ချိန်းဖို့အထိပါစီစဉ်ထားကြောင်းဖွင့်ဟ

capture.png

၂၀၁၆ထဲမှာ အတိအလင်း မင်္ဂလာဆောင်ဖို့ရှိတယ်လို့ပြောပြလာသူကတော့ မိတ်ကပ် ညီညီမောင် (စမ်းချောင်း) ပဲဖြစ်ပါတယ်။ လက်ရှိမှာ လဲ မျက်နှာရဲ့ အစိတ်အပိုင်းအချို့ကို ခွဲစိတ်ပြုပြင်ထားသလို တဖြည်းဖြည်းချင်း မျက်နှာ ၊ အသားအရေ ၊ ရင်သားနဲ့ နောက်ဆုံးမှာ Sex ပြောင်းလဲဖို့အထိပါ လုပ်လာမယ်လို့သိရပါတယ်။ အဆိုပါ ခွဲစိတ်မှုဟာ လက်ထပ်တော့မှာကြောင့် ပြုပြင်တာ မဟုတ်သလို စိတ်ဆန္ဒအရ လုပ်မှာဖြစ်ကြောင်းကိုလဲပြောပြလာပါတယ်။ ဘ၀ကို ဂေးတစ်ယောက်ရဲ့ ဖြတ်သန်းမှုတွေနဲ့ပဲ ဖြတ်သန်းချင်သလို ဂေး ဂေးချင်း မင်္ဂလာဆောင်တာကို ပဲ ပြချင်တာပါလို့ပြောပြလာတဲံ မိတ်ကပ် Artist ညီညီမောင် ( စမ်းချောင်း ) ရဲ့ မင်္ဂလာသတင်းနဲ့ ခွဲစိတ်ပြုပြင်လာမှုတွေရဲ့ အခြေအနေကိုမေးမြန်းကြည့်ဖြစ်တဲ့အခါ

-မကြာသေးခင်ကမှ မျက်နှာကို ခွဲစိတ်ပြုပြင်ထားတယ်လို့သိရတယ်။ အဲ့ဒါလေးကိုအရင်ပြောပြပေးပါဦး။

အမှန်တိုင်းပြောရရင် ကိုယ့်ကိုကိုယ် ငယ်ငယ်လေးကတည်းက လှတယ်လို့သိပ်မထင်ဘူး။ ပြီးရင်ကြောက်တာလဲ ပါတယ်။ မျက်နှာပိုင်းဆိုတော့ ပိုဆိုးတာပေါ့။ ဒါပေမဲ့ လှချင်တယ်။ အဲ့ဒါကြောင့် အဓိကအနေနဲ့ နှာခေါင်းနဲ့မျက်ရစ်ဖော်ဖို့သွားခဲ့တယ်။ ဒါပေမဲ့ ဆရာဝန်နဲ့စတွေ့ပြီး တိုင်ပင်ကြည့်တဲ့အခါမှာ ဆရာဝန်က ကိုယ့်မျက်နှာကိုကြည့်ပြီး မျက်ရစ်မလိုဘူး။ နှုတ်ခမ်းကို လုပ်ပါလားဆိုတော့ အောက်နှုတ်ခမ်းကိုဖြတ်သိမ်းပြီး အပေါ်နှုတ်ခမ်းကိုဆေးထိုးလိုက်တယ်။ အောက်နှုတ်ခမ်းကို အထဲကို လိပ်ပြီးခေါက်ပြီး ချုပ်လိုက်တယ်။ အထဲက အသားကိုလဲဖြတ်ထုတ်လိုက်တယ်။  နှာခေါင်းကိုတော့ ၃မျိုးလုပ်ဖြစ်တယ်။ ခြစ်တာရယ်၊ ဖြတ်တာရယ်၊ ဆီလီကွန် သွင်းတာရယ်ပေါ့။ မေးရိုးကတော့ ဆေးပဲထိုးခဲ့တယ်။ ရှေ့လက သွားလုပ်ဖြစ်ခဲ့တာပေါ့။ ဟိုမှာ၅ ရက်ပဲကြာတယ်။ လုပ်တာက ၁ရက်ထဲပဲ။ ပြီးတော့ ချက်ချင်းဆေးရုံက ဆင်းရတယ်။ စစချင်းတော့ကြောက်တယ်။ အစကတည်းက ကိုယ့်မျက်နှာကသူများတွေလိုချောတဲ့လှတဲ့အထဲမပါတဲ့အတွက် ပြင်ပြီးရင် အဆင်မှပြေပါ့မလားဆိုတဲ့ စိုးရိမ်စိတ်လေးရှိတယ်။ ဆေးရုံကတော့ ဘန်ကောက်က ရန်ဟီးဆေးရုံမှာ လုပ်တာပါ။ အဲ့ဒီမှာက မြန်မာစကားပြန်လဲ ရှိတယ်။ ကိုဝင်းကျော်သူပေါ့။ ဗမာချင်းဆိုတော့ အရမ်းလဲအားကိုးရတယ်။ သူက အကုန်လုံးစီစဉ်ပေးတယ်။ အားလုံးအဆင်လဲပြေတယ်။ ကိုယ်ကလဲ ပထမဆုံးအကြိမ် ခွဲစိတ်မှုဆိုတော့ တော်ရုံတန်ရုံဆေးခန်းလောက်မှာ မလုပ်ချင်ဘူး။ ရန်ဟီးကတော့ အလှအပနဲ့ပတ်သက်ရင် ဟိုမှာနာမည်လဲကြီးတဲ့အတွက် အဲ့ဒီမှာပဲလုပ်ဖြစ်တယ်။ နောက်နာရင် ဆက်မလုပ်တော့ဘူးတွေးထားတယ်။ ဒါပေမဲ့ ပထမဆုံးအကြိမ်မှာ လုံးဝမနာခဲ့ဘူး။ ပုရွက်ဆိတ်ကိုက်သလောက်တောင် မနာဘူး။ နောက်ဆက်လုပ်ဖို့လဲအစီအစဉ်တွေအများကြီးရှိပါသေးတယ်။

-သူများတွေကျတော့ တစ်ခုချင်းစီကို သွားလုပ်တာပေါ့။ ဦးညီမောင်အနေနဲ့ကျတော့ တစ်ခါတည်း အများကြီးလုပ်ဖြစ်သွားတာကဘယ်လိုမျိုးကြောင့်လဲ။

ညီညီမောင် ခြောက်မျိုးလုပ်ခဲ့တယ်ပေါ့။ နှာခေါင်း ၃မျိုး၊ နှုတ်ခမ်းက ၂မျိုး၊ မေးရိုးဆေးထိုးတာနဲ့ဆို ၆မျိုးပေါ့။ အမှန်အတိုင်းပြောရင်တော့ အရမ်းလှချင်တယ်။ ဒီအသက်အရွယ်ရောက်မှ လှချင်လာတယ်။ ပြီးတော့ လုပ်ချင်တဲ့စိတ်ကလေးကလဲ အစကတည်းကရှိတယ်။ ဒါပေမဲ့မလုပ်ရဲခဲ့ဘူး။ သူများတွေက အရမ်းနာတယ်ပြောကြတော့လေ။ ပြီးတော့ဒီမှာကလဲ အလုပ်တွေက အရမ်းများနေတဲ့အတွက်သေချာအချိန်မပေးနိုင်ခဲ့ဘူး။ ဒါပေမဲ့ အသိတစ်ယောက်ကတော့ ခွဲတဲ့အချိန်လေးပဲ။ ကျန်တဲ့ အချိန်မနာဘူး။ အချိန်ပိုင်းလေးလောက်ပဲဆိုတော့ မန္တလေးကသူငယ်ချင်းလေ။ သူလဲဆေးရုံမှာ လိုက်စောင့်ပေးတယ်။ ညအိပ်စရာမလိုဘူး။ ခွဲပြီးချက်ချင်းပြန်ဆင်းရတာဆိုတော့လေ။ အဲ့ဒါနဲ့လုပ်ဖြစ်သွားတယ်။

-ခွဲစိတ်နေတဲ့အချိန်မှာစိုးရိမ်စိတ်ကရော ဘယ်လိုမျိုးရှိလဲ။

ခိုင်သဇင်ယုဝါအကြီးမပေါ့။ သူမျက်ရစ်ခွဲတုန်းက သူနဲ့သွားတဲ့ သူငယ်ချင်းတုန်းကဆို မျက်ရစ်ကိုလေဆာနဲ့ဖြတ်တဲ့အချိန်ညှော်နံလေးရလို့သတိဝင်လာပြီး ရုန်းလိုက်တဲ့အချိန်လေးနဲ့ရွဲ့သွားတယ်ပေါ့။ သူက အဲ့ဒီလိုသတိပေးထားတော့ ကိုယ်ကကြောက်တာပေါ့။ အဲ့ဒီလို သတိပေးထားတဲ့အတွက်လဲ ကိုယ်ဆိုရင် ဆေးထိုးထားတဲ့အချိန်မှာ အိပ်ပျော်သွားပြီ။ သတိရတဲ့အချိန်မှာလဲ အကုန်သိနေပြီ။ ကိုယ့်နှုတ်ခမ်းကိုဖြတ်နေတာတွေ၊ နှာခေါင်းကို ကျောက်စက်နဲ့တိုက်နေတာတွေ အကုန်သိတယ်။ ဒါပေမဲ့လှတော့မယ်ဆိုတဲ့ စိတ်ကလေးနဲ့ပဲငြိမ်ခံနေလိုက်တာပေါ့။ အားလုံးပြီးသွားတော့ ခွဲစိတ်ခန်းထဲကထွက်လာတဲ့အချိန်မှာ ကိုယ်တော့အရမ်းနာပြီလို့တွေးထားခဲ့တာ။ ဒါပေမဲ့လုံးဝမနာဘူး။

-အခုသွားလုပ်ခဲ့တာငွေကြေးကုန်ကျမှုအနေနဲ့ဘယ်လောက်လောက်ရှိမလဲ။

၅၀ ၀န်းကျင်လောက်ပါပဲ။

-နောက်ထပ် ထပ်ပြုပြင်ဖို့စီစဉ်ထားတာမျိုးရော ရှိဦးမလား။

၅လပိုင်းထဲမှာ မျက်နှာကို ထပ်သွားပြင်ဦးမယ်။ ဆေးထိုးမယ်။ ဗီရှိတ်ထည့်မယ်။ အသားအရေကို ဆွဲတင်းမယ်။ ပြီးရင်အသားအရေပြင်မယ်။ အသားအရေလှတဲ့ဆေး ထပ်ထိုးမယ်။ အခုဝိတ်လဲချနေတယ်။ အရင်က ပိန်ဆေးစားတယ်။ ဒါပေမဲ့သံသရာလည်နေလို့အခုလေ့ကျင့်ခန်းလုပ်ပြီး ၀ိတ်ချနေပါတယ်။ ဗိုက်တွေဘာတွေဆိုတော်တော်ကျသွားပြီ။ ဒီတစ်ခေါက်သွားရင် အမျိုးသမီး ဟိုမုန်းဆေးစသွင်းပြီ။ ရှေ့နှစ်မိုးတွင်းကျရင်တော့ မိန်းမဘ၀ကို အပြီးအပိုင်ပြောင်းလဲပစ်မှာပါ။ ၇လပိုင်းမှာ ရင်သားခွဲစိတ်ပါမယ်။ ဒီတောက်လျှောက်ကတော့ တစ်ခုချင်းစီ အဆင့်ဆင့်ကိုပြုပြင်သွားမယ်။ အခုတစ်ခေါက်သွားရင် ဆိုင်က အခုလက်ရှိအေးမြတ်သူကို လိမ်းပေးနေတဲ့ သီသီသူကလဲ ရင်ဘတ်ကိုခွဲစိတ်ချင်တယ်ပေါ့။ အဲ့ဒါမနေ့ညက ကိုယ်ကလဲ ကိုယ့်သမီးဆိုတော့ ဘယ်လောက်စိုက်ပေးမယ်ပေါ့။ အေးမြတ်သူကလဲ သူ့ကိုလိမ်းပေးတဲ့သူဖြစ်တဲ့အတွက် ဆယ်သိန်းစိုက်ပေးမယ်ပေါ့။ အဲ့ဒီလိုသိတတ်တဲ့ မင်းသမီးတွေကျတော့လဲ တစ်အားချစ်ဖို့ကောင်းတာပေါ့။ သူ့ကျေးဇူး၊ ကိုယ့်ကျေးဇူးသိတဲ့သူပေါ့။ ဒါပေမဲ့ အဲ့ဒီလို Gay တွေ ခွဲစိတ်ပြုပြင်ကြတာနဲ့ပတ်သက်ပြီးလူတွေကပြောကြတယ်။ အကောင်းမမြင်တာတွေလဲ ရှိတယ်။ တကယ်တော့ ညီညီမောင်တို့တွေကလဲ လူသားထဲက လူသားတစ်ယောက်အနေနဲ့ သူဖြစ်ချင်တဲ့ ဆန္ဒလေးကိုလုပ်တာပေါ့။ ညီညီမောင်ကတော့ ဘယ်သူပဲ လုပ်လုပ်အားပေးတယ်။ ကိုယ်ဖြစ်ချင်တဲ့ဘ၀ကို ကိုယ်ရအောင်သွားကြရမှာပဲလေ။ မတရားတာလဲမရှိဘူး။ တရားတယ်ဆိုတာလဲမရှိဘူးလေ။ လူတိုင်းက ရူးသွပ်မှုတွေနဲ့ပဲ ဘ၀ကိုတည်ဆောက်ကြ၊ ရပ်တည်နေကြရတာဖြစ်တဲ့အတွက်ကိုယ်လဲကိုယ်ဖြစ်ချင်တဲ့ဘ၀ ငယ်ငယ်လေးကတည်းကမိန်းမဖြစ်ချင်တယ်။ အခုဆိုဖြစ်ဖို့အခွင့်အရေးလဲရှိလာတယ်။ ပြီးတော့ဒီအချိန်မှာလဲ စီးပွားရေးဆိုလဲ ကိုယ်ကိုတိုင်ဦးဆောင်ပြီး ရှာဖွေနိုင်တယ်။ အဲ့ဒါကြောင့် လုပ်မယ်ဆိုတဲ့စိတ်နဲ့အစီအစဉ်ဆွဲထားတာကို ဒီနှစ်မှာအကောင်အထည်စဖော်ဖြစ်တာပါ။ ဘာကြောင့်လဲဆိုတာ့ Sex ချိန်းတာကျတော့လဲ လွယ်လွယ်ကူကူကြီး လုပ်လို့မရဘူး။ ဟိုမုန်းဆရာဝန်တွေနဲ့တိုင်ပင်တယ်။ ဆွေးနွေးတယ်။ ဟိုကို တော့ ခဏ၊ ခဏသွားနေရမှာပဲ။

-အိမ်ထောင်ပြုတော့မယ်ဆိုတဲ့သတင်းတွေလဲကြားနေရတယ်။ အဲ့ဒါလေးကိုလဲ သိချင်ပါတယ်။

အဲ့ဒါကတော့ တကယ်တမ်းပြောရမယ်ဆိုရင်တော့ မထူးဆန်းပါဘူး။ ညီညီမောင်တို့အရွယ်သုံးဆယ်ဝန်းကျင်မှာ ညီညီမောင်တို့ အသိုင်းအ၀ိုင်းမှာယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ၊ သူတို့ဘ၀တွေနဲ့သူတို့၊ သူတို့မိသားစုတွေနဲ့သူတို့၊ သူတို့ကလေးတွေနဲ့သူတို့ဖြစ်နေကြပြီ။ ညီညီမောင်တို့တွေကလဲ လူသားထဲကလူသားတစ်ယောက်ဖြစ်တဲ့အတွက်ဒီအိမ်ထောင်ပြုတာတို့၊ ရည်းစားရှိတယ်တို့ဆိုတာတွေကလဲ ဒါစိတ်ခံစားမှုတစ်ခုပဲလေ။ အဲ့ဒီအတိုင်းပဲသွားချင်ပါတယ်။ အစီအစဉ်တွေကတော့ ရှိနေပါတယ်။ စကားကတော့ အများကြီးလဲ မပြောချင်ဘူး။ ဖြစ်လာခဲ့ရင်တော့ပြောမှာပါ။

-အိမ်ထောင်ပြုဖို့အစီအစဉ်ရှိလို့ဒါတွေကိုပြင်ချလိုက်တာလား။

မဟုတ်ဘူး။ အဓိကကတော့ လှချင်တာပဲ။ ကိုယ့်ဟာကိုလှချင်လို့လုပ်တာပါ။ အိမ်ထောင်ပြုမှာမို့လုပ်တာ မဟုတ်ဘူး။ ဟိုကဒီအတိုင်းလဲ ဘာမှမဖြစ်ဘူး။ အမှန်အတိုင်းပြောရရင်ညီညီမောင်တို့လုပ်ပြချင်တာလဲပါတယ်။ လုပ်ပြချင်တယ်ဆိုတာက Sex ချိန်းထားတဲ့ လူနဲ့လက်ထပ်တာကိုမဟုတ်ဘူး။ Gay Gay ချင်းလက်ထပ်တာကိုပဲ လိုချင်တာ။ Sex ချိန်းတယ်ဆိုတာက ကိုယ့်ရဲ့စိတ်ဆန္ဒအရလုပ်မှာပါ။ အမှန်အတိုင်းပြောရရင် ကိုယ်က Life ကို ဂေးအဖြစ်ပဲရပ်တည်ချင်တာပါ။ ညီညီမောင်တို့အလှဖန်တီးရှင်တွေ မိန်းမလိုနေကြတယ်။ နားလည်မှုတွေနဲ့ယူကြတယ်။ တူတူနေကြတာတွေရှိတယ်။ ဒါပေမဲ့ တရားဝင်လုပ်တယ်ဆိုတာ မရှိဘူး။ ညီညီမောင်တို့ကတော့ လူနှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတရားကိုပြချင်တာပါ။ လူထဲက လူဖြစ်တဲ့အတွက် အသိရှိတယ်။ ခံစားချက်ရှိတယ်။ ကိုယ်တွေကို နားလည်ပေးစေချင်တာပေါ့။ သူနဲ့ကိုယ်နဲ့ဆိုလဲ အခုဆိုနားလည်မှုတွေယူနေရတာပဲလေ။ ပုံမှန်အတိုင်းပါပဲ။ လူတွေကတော့ မိန်းမလျာမို့လို့ တစ်မူကွဲတယ်လို့ထင်မှာပေါ့။ ဒါပေမဲ့ကိုယ်နဲ့သူနဲ့အိမ်ထောင်ပြုတော့မယ်ဆိုတော့ အားလုံးအဆင်ပြေအောင်ညှိရတာပေါ့။ သူ့အသိုင်းအ၀ိုင်း ကိုယ့်အသိုင်းအ၀ိုင်းကလဲ ရှိတော့လေ။ လူသားဆန်ဆန်စကားပြောရရင်တော့ နှစ်ဖက်လဲသိ၊ အပေါင်းအသင်း အသိုင်းအ၀ိုင်းလဲသိ၊ အတိအလင်းဖြစ်ချင်တာပေါ့။ ခံစားချက်ကလေးတွေရှိတယ်။ အဲ့ဒါကို အကောင်အထည်ဖော်ချင်တာပါ။ ဒါကိုအားလုံးလဲ နားလည်ပေးကြလိ့မ်မယ်လို့မျှော်လင့်ပါတယ်။ ဒါဟာ ချစ်ခြင်းမေတ္တာ တရားကိုပဲပြတာပါ။ ကျန်တာ ဘာမှမပါပါဘူး။ ပြီးတော့လူ့အသိုင်းအ၀ိုင်းမှာယောကျာ်းနဲ့မိန်းမကိုလက်ခံလို့ရှိရင် မိန်းမလျာနဲ့ယောကျာ်းလျာကိုလဲ လက်ခံရမယ်။ အဲ့ဒါလေးတစ်ခုပေါ့။ အမြင်ကျယ်ကျယ်လေးကြည့်စေချင်ပါတယ်။ လူသားတစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတရားနဲ့ခံစားပိုင်ခွင့်လေးတွေကိုပြချင်တာပါ။ 

-ချစ်သူသက်တမ်းကရော ဘယ်လောက်ရှိသွားပြီလဲ။

၎လကျော်သွားပါပြီ။ အရင်ကတည်းကတော့ အရမ်းရင်းနှီးတယ်။ သံယောဇဉ်ဖြစ်တာတော့ကြာပြီ။ အတိအလင်းချစ်သူဖြစ်တာကတော့ ၄လကျော် သွားပါပြီ။

-မင်္ဂလာပွဲကရော ဘယ်တော့လောက်ဖြစ်မလဲ။

ဒီနှစ်ထဲမှာ ရည်ရွယ်ထားတယ်။ အစီအစဉ်ရှိတယ်။ အတိအကျကိုတော့ အနားကပ်မှာပဲ ထပ်ပြောပြပါ့မယ်။

-ကလေးဘာတွေလိုချင်တာမျိုးရောရှိမလား။

အဲ့ဒီလောက်ကြီးတော့ မမှန်းထားဘူး။ ဒါကလဲ အိပ်မက်ပဲလေ။ မလိုချင်ဘူးတော့ ဘယ်ရှိပါ့မလဲ။ ကိုယ်လဲ ကိုယ့်သွေးကိုယ့်သားပဲ လိုချင်တာပေါ့။ ဒါပေမဲ့ မဖြစ်နိုင်တာလောက်ကြီးကိုစိတ်ကူးမယဉ်ချင်ဘူး။ ဖြစ်နိုင်လောက်တဲ့ထိတော့ရူးသွားမှာပဲ။ ကလေးယူဖို့ကကျတော့ အရမ်းရှုပ်ထွေးတဲ့ဆေးပညာ၊ နောက်ခန္ဒာကိုယ်ဖွဲ့စည်းမှုတွေနဲ့အရမ်းရှုပ်ထွေးတယ်ပေါ့။ အကယ်လို့ဘုရားပေးလို့ရရင်တော့ လိုချင်ပါတယ်။ 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.