စက်တင်ဘာလမှာ New York Fashion Week ကိုသွားတက်ရမယ့်အကြောင်း ဖွင့်ဟလာတဲ့ မေမြတ်နိုး

13084288_1739064949685749_1713690625_n.jpg

စင်ကာပူနိုင်ငံမှာ Asia’s Next Top Model 4 ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခဲ့သူကတော့ မေမြတ်နိုးပဲဖြစ်ပါတယ်။ သူမဟာ နံပါတ်ခုနစ်မှာ ပြုတ်ကျကျန်ခဲ့သလို အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး ပရိသတ်တွေ အခိုင်အမာအားပေးခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ခဲ့တယ်လို့လဲပြောပြပေးခဲ့ပါတယ်။ ယင်းပြိုင်ပွဲမှာ ဆုမရခဲ့ပေမယ့် နိုင်ငံတကာက အနုပညာရှင်၊ အတတ်ပညာရှင်များနဲ့အလုပ်တွဲလုပ်ခဲ့ရတဲ့အတွက် အတွေ့အကြုံကောင်းတွေ ရရှိခဲ့တယ်လို့ပြောပြလာတဲ့ မေမြတ်နိုးရဲ့ လတ်လလောအနုပညာလှုပ်ရှားမှုများကတော့

-အခုလက်ရှိ လုပ်ဖြစ်နေတဲ့ အနုပညာလှုပ်ရှားမှု။

အခုလက်ရှိက မဂ္ဂဇင်းတွေအတွက် ရိုက်ဖြစ်တယ်။ နောက်သီချင်းတွေ အပ်ထားတယ်။ အဲ့ဒါကိုစောင့်နေတယ်ပေါ့။ မြတ်နိုးအခွေအတွက်သီချင်းလေးကိုစောင့်နေတာရှိတယ်။ မေထဲမှာတော့ ကားကြီးနှစ်ကားလက်ခံထားတယ်။ ဇွန်လမှာလဲဆက်ရိုက်သွားဖို့ရှိတယ်။

-စင်ကာပူမှာသွားပြိုင်ခဲ့တဲ့ Asia ‘s Next top Model ရှိုးပွဲအကြောင်းကိုလဲသိချင်ပါတယ်။

အဲ့ဒါကတော့ ပရိသတ်တွေကြောင့်ပေါ့။ ပရိသတ်တွေကလဲ မြတ်နိုးကို အင်တာနေရှင်နယ်မှာ သွားပြိုင်စေချင်ကြတယ်။ နောက်မြတ်နိုးက မော်ဒယ် ဖက်ကို စိတ်ဝင်စားတဲ့အတွက် သွားပြိုင်ဖြစ်တာပါရှင့်။

-နောက်အဲ့ဒီပြိုင်ပွဲမှာလဲ ပရိသတ်တွေအရမ်းအားပေးနေတဲ့ကြားထဲက ညီမလေးပြုတ်ခဲ့တယ်ပေါ့။ ဒါနဲ့ပတ်သက်ပြီးကိုယ်ယှဉ်ပြိုင်ခဲ့တဲ့အပေါ် အမြင်လေးတွေကိုသုံးသပ်ကြည့်ပေးပါဦး။

အဓိကကတော့ အားလုံးကကြိုးစားကြသလို အားလုံးကလဲတော်ကြတယ်။ ဒါပေမဲ့ဒိုင်တွေပေါ်မှာ မူတည်တယ်။ သူတို့ကြိုက်တဲ့သူကို သူတို့ရွေးတာပေါ့။

-ဟိုမှာရိုက်ထားတဲ့ပုံတွေတက်လာတဲ့အခါ ပရိသတ်တော်တော်များများ သဘောကျခြင်းခံရတာကိုတွေ့ရတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး ဘယ်လိုကြိုးစားအားထုတ်ခဲ့ရလဲ။

သူတို့ရိုက်တဲ့ရိုက်ကွင်းပေါ်မှာ မူတည်သလို မြတ်နိုးဝတ်ထားတဲ့ ၀တ်စုံပေါ်မူတည်ပြီးပို့စ်ပေးတာများတယ်။ ပြီးတော့လဲ မြတ်နိုးကအာရုံထဲမှာလဲ မြန်မာနိုင်ငံအတွက် အကောင်းဆုံးကြိုးစားသွားမယ်ဆိုတဲ့စိတ်ကလေးနဲ့ အခက်အခဲတွေကြားကနေဇွဲမလျှော့ပဲဆက်ပြိုင်သွားတာပါ။

-ဒီတစ်ခေါက်ပြိုင်ပွဲမှာဆုမရတဲ့အတွက်မြတ်နိုးရဲ့ ပရိသတ်တော်တော်များများမကျေနပ်ကြတာကိုတွေ့ရတယ်။

မြန်မာပြည်သူပြည်သားတွေအားလုံးကစည်းရုံးကြတယ်။ မြန်မာနိုင်ငံအတွက်ဘာမဆိုအားပေးကြတယ်။ အစအဆုံး ဘောလုံးပွဲတွေကအစ ၊ Miss ပြိုင်ပွဲအဆုံးပေါ့။ အဲ့ဒါကြောင့် စည်းစည်းလုံးလုံးရှိတဲ့ မြန်မာလူမျိုးဖြစ်ရတာကို ၀မ်းသာတယ်။ မြတ်နိုးကိုဆုရစေချင်တဲ့စေတနာကိုလဲမြတ်နိုးသိပါတယ်။ ဒါပေမဲ့မြတ်နိုးကြိုးစားမှုကနံပါတ်ခုနစ်အထိမှာပဲအဆုံးသတ်သွားတဲ့အတွက်တော့မြတ်နိုးစိတ်မကောင်းပါဘူး။

-အခုဆို အင်တာနေရှင်နယ်မှာသွားပြိုင်တာ နှစ်ပွဲရှိပြီ။ ထပ်ပြိုင်ဖို့ရောစိတ်ကူးရှိသေးလား။

မရှိသေးပါဘူး။ ဘာလို့လဲဆိုတော့ မြတ်နိုးကဒီပြိုင်ပွဲပြီးတော့ ကားရိုက်တွေ လက်ခံထားတာရှိလို့ သွားမပြိုင်ဖြစ်သေးပါဘူး။ ဒါပေမဲ့ Modelling ပိုင်းကိုလဲသေချာလုပ်ချင်တယ်။ ဒီမှာရော အင်တာနေရှင်နယ်မှာရောကြိုးစားချင်ပါတယ်။

-ဖန်တီးနေတဲ့သီချင်းခွေအကြောင်းလေးကိုလဲသိချင်ပါတယ်။

သီချင်းခွေကတော့ လုပ်နေတာ တစ်နှစ်ကျော်လောက်ရှိပြီ။ ပရိသတ်တွေလဲ သိမှာပါ။ မြတ်နိုးကဖြေးဖြေးချင်းစီ လုပ်နေတာပါ။ အရမ်းမြန်မြန် မြန်မြန်လုပ်ပြီး ပရိသတ်တွေရင်ထဲမှာ မစွဲသွားမှာကိုလဲ စိတ်ပူတယ်။ ပြီးတော့ အဆိုပိုင်းကိုလဲ ၀ါသနာပါလို့လုပ်တာ။ အခွေထွက်ရင်ပြီးရော ဆိုပြီး မလုပ်ချင်ဘူး။ အဲ့ဒါကြောင့်မြတ်နိုးကြိုက်တဲ့ သီချင်းလေးကိုသေချာရွေးပြီး ထည့်ချင်တဲ့အတွက် အချိန်ကြာနေတာပါ။ သီချင်းက အများဆုံးပါမှ ၈ပုဒ်၊ ၉ပုဒ်လောက်ပဲ။ သီချင်းတွေပေါ်မှာလဲမူတည်တယ်။ အကုန်လုံးကြိုက်ရင် အကုန်လုံးထည့်လိုက်မယ်။ အရင်သီချင်းတွေကိုပြန်ဆိုတာလဲ ၂ပုဒ်လောက်ပါမယ်။ နောက်အဆိုတော် တွေရေးပေးတာတွေလဲ ပါမယ်။ အပ်ထားတာက အဆိုတော်၆ယောက်၊ တေးရေးဆီမှာ၂ယောက်၊ ပြန်ဆိုတေးကိုတော့ ၂ပုဒ်လောက်ဝယ်ဖို့လုပ်နေတယ်။ အဲ့ဒီဆယ်ပုဒ်ထဲကပဲပြန်ရွေးမှာပေါ့။ သီချင်းအမျိုးအစားကတော့ ပေါ့ပ်နဲ့R&B ဆန်တာလေးကိုပိုလုပ်ဖြစ်မယ်။

-အခုနောက်ပိုင်း ဓာတ်ပုံရိုက်တဲ့အခါ အရင်ကနဲ့မတူဘူး။ ပိုမိုက်လာတယ်ပေါ့။

မြတ်နိုးဒီပြိုင်ပွဲပြီးတော့ ပိုပြီး အမြင်ကျယ်လာတယ်။ High Fashion ပုံစံမျိုးလေးတွေကို ဓာတ်ပုံရိုက်တဲ့အခါမှာ ပိုလုပ်ဖြစ်တယ်။ မြန်မာဝတ်စုံကိုမှ Traditional မလုပ်ဖြစ်ပဲ High Fashion ပုံစံဖက်ကိုနည်းနည်းပြောင်းပြီးလုပ်ဖြစ်တယ်။ အဲ့ဒါကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုကိုခံရမှာတော့ သိပါတယ်။ ဒါပေမဲ့လဲ မြန်မာဝတ်စုံကလဲ High Fashion လုပ်လို့ရတယ်ဆိုတာလေးကိုပြချင်တဲ့ သဘောလဲပါပါတယ်။ အဲ့ဒီတော့ High Fashion ကိုသဘောကျတယ်။ မော်လ်ဒယ်လောကကြီးတစ်ခုလုံးကိုလဲ အင်တာနေရှင်နယ်လိုပုံစံမျိုးသွားစေချင်တယ်။ အဲ့ဒီကြောင့် ဖြေးဖြေးချင်းနဲ့တစ်လှမ်းချင်းသွားနေတာပါ။

-စင်ကာပူမှာသွားပြိုင်ခဲ့တဲ့ ပြိုင်ပွဲကြောင့် ဘယ်လိုအတွေ့အကြုံကောင်းတွေရလဲ။

အများကြီးပဲရှင့်။ တကယ့်ကို အာရှနိုင်ငံမှာ နာမည်ကြီးနေတဲ့ Photographer တွေ ၊ Creative Director တွေ၊ Model တွေ၊ Miss တွေ၊ Make Up Artist တွေနဲ့အလုပ်တွဲပြီးလုပ်ရတော့ ကိုယ်က အချိန်လေးစားမှုကိုလဲနားလည်လာသလို သူတို့အလုပ်တစ်ခုလုပ်တဲ့အခါမှာ အရမ်း Serious ထားပြီး လုပ်လာတယ်ဆိုတာကို သိလာရတယ်။ ပြီးတော့ တကယ့်ကို ပရော်ဖက်ရှင်နယ် အရမ်းဆန်တာတော့ တစ်ယောက်နဲ့တစ်ယောက်အားပေးတယ်။ သူတို့နဲ့အလုပ်တွဲလုပ်တဲ့အခါမှာ အများကြီးပွင့်လင်းလာတယ်။ အမြင်တွေကျယ်လာတယ်။

ရာသီဥတုပူတဲ့အတွက်ရှုတင်မှာ ဘယ်လိုအခက်အခဲတွေရော တွေ့ရသေးလဲ။

ညီမကတော့ ကားပိတ်ရင် အိမ်ကကြိုထွက်လိုက်တယ်။ နေပူတယ်ဆိုရင် ထီးတို့၊ ပန်ကာတို့ယူသွားတာမျိုးတို့အဲ့လိုလေးလုပ်လိုက်တယ်။ ဘာကြောင့်လဲဆိုတော့ Complain မတက်တော့ဘူး။ နိုင်ငံခြားမှာ Complain တက်ရင် ဘယ်တော့မှခေါ်မရိုက်တာမျိုးတွေဖြစ်တယ်။ အဲ့ဒါကြောင့် ကိုယ်ကဘယ်လောက်ပဲတော်နေတော်နေ ကမ္ဘာပေါ်မှာ နင့်ရဲ့မျက်နှာက အချောဆုံးမော်လ်ဒယ်၊ နင်သာအတော်ဆုံးမော်လ်ဒယ်ဖြစ်နေပါစေ။ နင်နဲ့အလုပ်လုပ်လို့မကောင်းရင်နင့်ကိုဘယ်တော့မှခေါ်မရိုက်တော့ဘူးလို့ပြောပါတယ်ရှင့်။ အဲ့ဒါကြောင့် အဲ့ဒါကိုစိတ်ထဲမှာထားပြီးအားလုံးနဲ့ တည့်အောင်ပေါင်းတယ်။ အားလုံးနဲ့အဆင်ပြေအောင်လိုက်လုပ်ပေးတယ်။ အတိုင်းအတာတစ်ခုထိပဲပေါ့။

-ခရီးသွားဖို့ရောရှိဦးမလား။

မေလမှာ မန္တလေးမှာရှိုးလျှောက်ဖို့ရှိတယ်။ စက်တင်ဘာလမှာတော့ Asin’s Next Top Model ကနေပြီးတော့ မြတ်နိုးဆုရထားတဲ့ဟာ အမှတ်စဉ် ငါးက Maybelline New York ကနေ New York Fashion Week ကိုသွားတက်ဖို့ဖိတ်ထားပါတယ်။ 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.