Pop ကြယ်ပွင့်တစ်ပွင့်ဖြစ်တဲ့ Demi Lovato ဟာ ကင်မရာရှေ့မှာနေရတာ သက်တောင့်သက်သာမဖြစ်ဘူးလို့ ၀န်ခံခဲ့ပြီး သူ့ရဲ့သရုပ်ဆောင်အလုပ်ကိုဆက်လုပ်ဖို့ တွန့်ဆုတ်နေတာဖြစ်ပါတယ်။ သူ့ရဲ့ငယ်ဘ၀မှာ ပုံမှန်မဟုတ်တဲ့ အစားအသောက်ပြသနာတွေနဲ့ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။
Skyscraper သီချင်းနဲ့အောင်မြင်လာတဲ့ ၂၁ နှစ်အရွယ် Demi Lovato ဟာ တောင်အမေရိက နယ်လှည့်ဖျော်ဖြေပွဲအတွင်း ခံစားခဲ့ရတဲ့စိတ်ဝေဒနာတွေကြောင့် ၂၀၁၀၊၂၀၁၁ ကာလာတွေမှာ ပြန်လည်ထူထောင်ရေးစင်တာမှာအချိန်ကုန်ဆုံးခဲ့ရတာဖြစ်ပါတယ်။ အဲဒီ့နောက်မှာတော့ Demi ဟာ ကိုယ့်ကိုကိုယ်ထိခိုက်နာကျင်စေမှု၊ စိတ်ကျဝေဒနာ၊ မူးယစ်ဆေးစွဲလမ်းမှု၊ အစားအသောက်အလွန်အကျွံလျှော့စားမှု၊ အစားအသောက်လွန်ကဲပြီးအော့အန်မှု စတဲ့ကျန်းမာရေးပြသနာတွေနဲ့ ရင်ဆိုင်ခဲ့ရကြောင်းထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။
အဲဒီ့နောက် X Factor show မှာဒိုင်တစ်ယောက်အဖြစ်နဲ့ပါဝင်ပြီး သူ့ရဲ့ကျန်းမာရေးပြသနာတွေကနေ ပြန်နလန်ထူလာတာဖြစ်ပေမယ့် ကင်မရာရှေ့ကိုခြေလှမ်းလိုက်ပြီဆိုတာနဲ့ သူ့ရဲ့ကြောက်ရွံ့မှုကိုကျော်လွှားနိုင်ဖို့ တော်တော်လေးကြိုးစားရတယ်လို့ဆိုပါတယ်။
Demi ဟာသူပါဝင်ထားတဲ့ ကလေး show တစ်ခုဖြစ်တဲ့ Sonny with a Chance နဲ့ Glee ရုပ်ရှင်တို့ကိုအပြီးသတ်ပြီးနောက် သရုပ်ဆောင်လောကကိုပြန်လာဖို့ အဆင်သင့်မဖြစ်သေးကြောင်း ၀န်ခံလိုက်ပါတယ်။
“အစားအသောက်ပုံမှန်မဟုတ်တဲ့ပြသနာရှိရင်တော့ ကင်မရာရှေ့ထွက်ဖို့ကခက်ခဲနေဦးမှာပါ။ ပြီးတော့ကျွန်မပါဝင်ထားတဲ့ ဇာတ်လမ်းတွဲတွေကိုကျွန်မမကြည့်ပါဘူး။ ခက်ပါတယ်။ ကျွန်မရဲ့အဓိကအလုပ်က သီချင်းဆိုတာပါ။ ရုပ်ရှင်ကတော့ သင့်တော်တဲ့ဇာတ်ကောင်နေရာကဆိုရင် တစ်ခါတလေရိုက်ရင်ရိုက်ဖြစ်မှာပါ” လို့ပြောပါတယ်။
Demi တစ်ယောက်ကိုယ်ပိုင်ပြသနာတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ မှောင်မိုက်ပြီးနက်ရှိုင်းတဲ့ ကာလအကြောင်းနဲ့အတူ ပြန်လည်ထူထောင်ရေးစင်တာကအပြန် ကြုံတွေ့ခဲ့ရတဲ့အံ့အားသင့်စရာဖြစ်ရပ်တွေအကြောင်းပြောပါတယ်။
“ကျွန်မပြန်လည်ထူထောင်ရေးစင်တာမှာတုန်းက ကျွန်မရဲ့အနုပညာလုပ်ငန်းတော့အဆုံးသတ်သွားပြီးလို့ တကယ်ကိုထင်ခဲ့ပါတယ်။ ဒါပေမယ့်အဲဒီ့က အပြန်မှာ ကျွန်မကိုအားပေးတဲ့ပရိတ်သတ်တွေ အရင်ကထက်ပိုပြီးများလာပါတယ်” လို့ Entertainment Weekly မဂ္ဂဇင်းကိုပြောသွားပါတယ်။
Demi ဟာသူ့ဘ၀ရဲ့ အနိမ့်အမြင့်အတက်အကျ အခြေအနေတွေကို သူ့ရဲ့စာအုပ်အသစ် Staying Strong: 365 Days a Year မှာထည့်သွင်းရေးသားထားပါတယ်။
Ref:starpulse