ပရိသတ်တွေစိတ်ချမ်းသာရင် ပြီးတာပါပဲဆိုတဲ့ ပြေတီဦးက အကယ်ဒမီပွဲရဲ့ ဘယ်ရလဒ်မဆို ကျေနပ်ပြီးသားပါတဲ့

12910795_1728895497369361_1119089186_n.jpg

ဧပြီ ၃ ရက်နေ့မှာ ကျင်းပမဲ့ ၂၀၁၄ ၊ ၂၀၁၅ အကယ်ဒမီပေးပွဲမှာ တိုက်ဆိုင်မှုရှိလျှင် ဇာတ်ကားကြီးနဲ့ တစ်ပြေးနေတဲ့ ပြေတီဦးက နှလုံးသားဖြင့်ပြုလုပ်သည် ဇာတ်ကားမှာလဲ သရုပ်ဆောင်ကောင်းတဲ့ မင်းသားတစ်ယောက်ဖြစ်တယ်ဆိုတာ အားလုံးက လက်ခံနေကြပါတယ်။ လက်ရှိမှာ သူဖန်တီးကြိုးစားပုံဖော်ဖြစ်နေတဲ့ အနုပညာရေးရာအကြောင်းများနဲ့ အကယ်ဒမီပွဲနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ရင်ခုန်မှုများကို ထုဆစ်ကြည့်တဲ့အခါ

-အားလုံးကတိုက်ဆိုင်မှုရှိလျှင်ဇာတ်ကားနဲ့ အစ်ကို့ကို ပြောနေကြတယ်။ အစ်ကို့ရဲ့ ရင်ခုန်သံကရော ဘယ်လိုရှိလဲ။

အကယ်ဒမီနဲ့ပတ်သက်ပြီးရင်ခုန်တယ်ရယ်တော့ မရှိပါဘူး။ ဘယ်သူရရ အားပေးမှာပါ။ ရစေချင်တဲ့ ပရိသတ်တွေကတော့ တိုက်ဆိုင်မှုရှိလျှင်မှာကောင်းတယ်ဆိုပြီး ခန့်မှန်းပေးကြတယ်။ အဲ့ဒီအတွက်လဲ ကျေးဇူးအရမ်းတင်တယ်။ ကျွန်တော်ကတော့ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေကျေနပ်ပါတယ်။

-ဒီနှစ်အကယ်ဒမီပေးပွဲမှာ အနုပညာရှင်တွေစုပြီးသီချင်းသီဆိုဖျော်ဖြေမယ်လို့လဲသိရတယ်။ ပါဝင်ဖြစ်ပုံလေးကိုလဲပြောပြပေးပါဦး။

ဒါကတော့ လှုံ့ဆော်ရေးပေါ့။ အကယ်ဒမီအကြိုလှုံ့ဆော်ရေးမှာ တစ်တပ်တစ်အားပူးပေါင်းပါဝင်ပြီးတော့ ကိုယ့်လောကအတွက်ကူညီပေးတဲ့သဘောပါပဲ။

-အကယ်ဒမီစည်းမျဉ်းစည်းကမ်းကလဲ မနှစ်ကနဲ့မတူပဲပြောင်းထားတယ်လို့သိရတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးဘယ်လိုမြင်မိသေးလဲ။

ကျွန်တော်တိတိကျကျသေသေချာချာကြီးတော့မသိပါဘူး။ ဘာတွေဘယ်လိုပြောင်းလဲသွားလဲဘာလဲညာလဲဆိုတာကိုပေါ့။ အဲ့ဒီတော့မနှစ်ကဖြစ်ခဲ့တဲ့အတွေ့အကြုံတွေပေါ်မူတည်ပြီးတော့ပြောင်းလဲမှာဖြစ်တဲ့အတွက်ကြောင့်ကောင်းမှာပါ။

-ပရိသတ်တွေက တိုက်ဆိုင်မှုရှိလျှင်ကားကြီးအပြင် အခြားကားတွေနဲ့လဲ အကယ်ဒမီမှန်းပေးနေကြသေးတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ရော ဘာများပြောချင်သေးလဲ။

ကျွန်တော့ကို ချစ်ခင်တဲ့အားပေးတဲ့ပရိသတ်တွေကအကယ်ဒမီမှန်းပေးကြတယ်။ အဲ့ဒီအတွက်ကြောင့်အရမ်းဝမ်းသာပါတယ်။ ကျွန်တော်တို့တွေစိတ်ဓာတ်ကျတဲ့အခါတွေ၊ အခက်အခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါတွေမှာ ဒီပရိသတ်တွေရှိနေလို့လဲ ကျွန်တော်တို့ဒီအချိန်ထိ ရပ်တည်နေနိုင်တာပါ။ ဒါကြောင့်မို့ဒီပရိသတ်တွေရဲ့ကျေးဇူးကိုလဲ ဘယ်တော့မှမမေ့ပါဘူး။ အဲ့ဒီတော့ကျွန်တော်ဖြစ်စေချင်တာကတော့ အားလုံးကိုစိတ်ချမ်းသာစေချင်တာပါပဲ။ ကျွန်တော်ရခြင်း၊ မရခြင်းက အဓိကမကျပါဘူး။ အဲ့ဒီတော့ဒီအပေါ်မှာကြည့်ရှုပြီးတော့ ခံစားကြမဲ့ ပရိသတ်တွေအများစုပျော်စေချင်တယ်။ အဲ့ဒါပါပဲ။ အဲ့ဒီလိုသာဖြစ်မယ်ဆိုရင် ဘယ်လိုရလာဒ်မျိုးဖြစ်ဖြစ် ကျွန်တော်ကျေနပ်ပြီးသားပါ။

-မအူဝဲကိုလဲ မောင့်အိမ်သူနဲ့ပြောနေကြတယ်။

အကယ်ဒမီကကံနဲ့ဆိုင်တယ်ဆိုတော့ ရတဲ့ကံပါရင်ရမာပေါ့။ ရတဲ့ကံမပါရင်တော့မရဘူးပေါ့။ ဒါပါပဲ။

-အရှေ့မှာ မအူဝဲနဲ့တွဲဖက်ရိုက်ကူးထားတာကိုတွေ့ရတယ်။ သူ့ကိုပြန်ရိုက်ဖို့အတွက်အစ်ကိုကိုယ်တိုင်ဖျောင်းဖျပေးခဲ့ရသေးလား။

ဇာတ်လမ်းလေးတော့ပြလိုက်တယ်။ ရိုက်ခြင်းမရိုက်ခြင်းကတော့ သူ့ဟာသူ ဆုံးဖြတ်တာပေါ့နော်။ ကျွန်တော့်အနေနဲ့ကတော့ ရိုက်ပါလို့တိုက်တွန်းတာမျိုးလဲမရှိဘူး။ မရိုက်နဲ့လို့ပြောတာမျိုးလဲမရှိပါဘူး။ အလုပ်ကိစ္စနဲ့ပတ်သက်တဲ့ဟာတွေကကျတော့ ကိုယ်ကိုတိုင်တကယ်လုပ်ချင်စိတ်ရှိပြီး ကိုယ်ကိုတိုင်ပျော်ဖို့အရေးကြီးတယ်လေ။ အဲ့ဒါကြောင့်မို့ကျွန်တော်ကတော့ အလုပ်ကိစ္စနဲ့ပတ်သက်တဲ့အရာတွေမှာပါဝင်ပြီးတော့ မစွက်ဖက်ပါဘူး။ သူသွားချင်တဲ့ပုံစံ၊ သူနေချင်တဲ့ပုံစံကို လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ပေးထားပါတယ်။

-အဲ့ဒီကားကြီးမှာရော အစ်ကို့ကာရိုက်တာကဘယ်လိုပုံစံမျိုးလဲ။

ကျွန်တော်က ဆေးကျောင်းသားပေါ့။ ဟောက်ဆာဂျင်ဖြစ်နေပြီ။ ကိုယ်ပိုင်ဆုံးဖြတ်ချက် သိပ်မရှိဘူး။ အမေတွေ၊ အမတွေပြောသမျှကိုခေါင်းညိမ့်ပြီးနားယောင်တယ်။ အိမ်မှာသူက ကလေးလိုပဲထားခဲ့တာဆိုတော့ တွေဝေတယ်။ အမှားအမှန်ကို ကိုယ့်ဟာနဲ့ကိုယ်သေချာမဆုံးဖြတ်နိုင်ဘူး။ အဲ့ဒီလိုကာရိုက်တာမျိုးပါ။

-အစ်ကိုတို့အနေနဲ့ဆို ဗီဒီယိုကတက်တဲ့မင်းသားလို့ပြောလို့ရတယ်။ နယ်ပရိသတ်တွေအနေနဲ့က ဗီဒီယိုကတစ်ဆင့်သိပြီးအားပေးခဲ့ကြတာဆိုတော့ လက်ရှိမှာ ဗီဒီယိုရိုက်တာနည်းပြီး ရုပ်ရှင်အရိုက်များနေတဲ့အပေါ် အစ်ကို့ရဲ့ အမြင်လေးကိုလဲသိချင်ပါတယ်။

ဗီဒီယိုဈေးကွက်ကိုကောင်းအောင် အားလုံးစုပေါင်းပြီးအဖြေရှာသင့်ပြီ။ အဖြေမရှာပဲနဲ့ဒီပုံစံအတိုင်းသွားမယ်ဆိုရင်စိုးရိမ်စရာအများကြီးရှိပါတယ်။ ကျွန်တော်တို့ကတော့ တစ်ယောက်ကိုတစ်ယောက်အပြစ်တွေပြောမနေကြပဲ အားလုံးစုပေါင်းပြီး အကောင်းဆုံးဖြစ်မဲ့ နည်းလမ်းတစ်ခုကို ရှာဖွေစေချင်တာပါပဲ။ ဗီဒီယိုပရိသတ်ကလဲ ရှိနေသေးတယ်။ အများကြီးပဲလေ။ တစ်နိုင်ငံလုံးမှာ သန်း၅၀ ရှိတယ်ဆိုရင် ဒီဗီဒီယိုကိုပဲအားပြုပြီး ဒီမင်းသား၊ မင်းသမီးကိုကြည့်ချင်တဲ့ နယ်ကပရိသတ်တွေကတော့ လူများစုဗျ။ သူတို့အတွက်က ဒီဗီဒီယိုကရှိကိုရှိနေရမဲ့ အရာတစ်ခု၊ ဘာလို့လဲဆိုတော့ တစ်နေကုန်အလုပ်လုပ်ကြတယ်။ ပင်ပန်းကြတယ်။ ပြီးရင်မြန်မာကားလေးကြည့်ပြီးနယ်တွေမှာဆို အပန်းဖြေချင်ကြတယ်။ အဲ့ဒီတော့ဖြန့်ချိမဲ့ စနစ်တစ်ခုကောင်းဖို့လိုတယ်။ အဲ့ဒီကောင်းမွန်တဲ့စနစ်တစ်ခုကို တည်ဆောက်နိုင်ဖို့ပဲကြိုးစားကြရမှာပါ။

-ဗီဒီယိုနဲ့ကားကြီးပိုင်းကို ဘယ်လိုခွဲထားသေးလဲ။

ဗီဒီယိုတွေလဲပြန်ရိုက်ဖြစ်မယ်။ တိုက်၎ တိုက်နဲ့သေချာလေးပြောထားတယ်။ အခုလောလောဆယ်က ကားကြီးတွေ လက်ခံထားတဲ့အတွက် ပြီးအောင်ရိုက်ပေးနေတယ်။ ၇လပိုင်းလောက်ထိပေါ့။ ကြားထဲမှာလဲ ဗီဒီယို ၂ကားလောက်တော့ရိုက်စရာရှိတယ်။ ပြီးရင်တော့ ဗီဒီယိုကိုသေချာလေးပြန်ရိုက်ဖြစ်မှာပါ။

-၂၀၁၆ မှာကားကြီးဘယ်နှစ်ကားလောက်လက်ခံထားလဲ။

ခုနစ်ကား၊ ရှစ်ကားလောက်ပါပဲ။ လောလောဆယ်ပေါ့။

-အရှေ့မှာ သားသားနဲ့ကြော်ငြာရိုက်ထားတယ်လို့လဲသိရတယ်။

သားသားအတွက်က ပထမဆုံးကြော်ငြာပေါ့။ ဧရာဝတီဘဏ်ကလုပ်တဲ့ ဧရာမြန်မာ အာမခံလုပ်ငန်းအတွက် ဓာတ်ပုံလေး ရိုက်ပေးတာပေါ့။ အမှန်ကတော့ အကူအညီတောင်းလို့ပါ။ ကျွန်တော်တို့နဲ့ကလဲ အရမ်းကြီးခင်မင်ရင်းနှီးနေတဲ့သူတွေဆိုတော့ လုပ်ပေးဖြစ်တာပါ။ သားသားကတော့ ဘာမှမသိသေးပါဘူး။ သူအဆင်ပြေသလိုနေတာကိုပဲ အဆင်ပြေအောင်ရိုက်ရတာပေါ့။ 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.