သင်္ကြန်ရောက်ပြီဆိုတာနဲ့ ရိပ်သာအမြဲ ၀င်ဖြစ်တယ်ဆိုတဲ့ ရတနာဖြူဖြူအောင်က တစ်ကိုယ်တော်အခွေအတွက် ပြင်ဆင်နေကြောင်း ဖွင့်ဟ

12895258_1726870254238552_572990397_n.jpg

အနုပညာသက်တမ်း လေးနှစ်နီးပါးရှိနေပြီဖြစ်တဲ့ ရတနာဖြူဖြူအောင်က လက်ရှိမှာ တစ်ကိုယ်တော်အခွေကိုလဲ ပြင်ဆင်နေတာ ပြီးသလောက်ရှိနေပြီဖြစ်သလို သင်္ကြန်အပြီးမိုးတွင်းမှာထွက်နိုင်အောင်ကြိုးစားနေတယ်လို့သိရပါတယ်။ တစ်ဖက်ကတစ်ကိုယ်တော်ခွေကိုလဲပြင်ဆင်ရင်းသရုပ်ဆောင်ဖက်မှာလဲ ခေါင်းဆောင်မင်းသမီးအနေနဲ့ဇာတ်ကားတွေစတင်ရိုက်ကူးနေတာ ဗီဒီယိုအနေနဲ့သုံးကားမြောက်ရှိပြီး ကားကြီးအနေနဲ့တစ်ကားသာရိုက်ကူးထားတဲ့ ရတနာဖြူဖြူအောင်ရဲ့ အနုပညာရေးရာအကြောင်းများကို မေးမြန်းဖြစ်တဲ့အခါ

-အခုရိုက်နေတဲ့ ဇာတ်ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။

ကောင်းကင်မှာအရုပ်ရေးတဲ့ကြယ်တဲ့။ မင်းသားက ကိုနေတိုး၊ ၀တ္ထုက လွန်းထားထား ၊ ဒါရိုက်တာက ကိုအောင်ဇော်လင်းပါ။ ဒီကားထဲမှာ ညီမက Tourist Guide ပေါ့။

-ဒီကားလေးက ခေါင်းဆောင် အနေနဲ့ရိုက်တာ ဘယ်နှကားမြောက်ဖြစ်မလဲ။

 ၃ ကားမြောက်ပါ။ ရှေ့က နှစ်ကားကတော့ ကိုမြင့်မြတ်နဲ့ပါ။ ပြီးတော့ အခုကိုနေတိုးနဲ့ပေါ့။

-ထွက်ထားတဲ့ကားလေးတွေနဲ့ပတ်သက်ပြီး ပရိသတ်ဆီကရော ဘယ်လိုပြန်ကြားရလဲ။

သမီးရဲ့ သရုပ်ဆောင်မှုကအဆင်ပြေတယ်ပေါ့။ သမီးမှာတော့ ကြိုးစားမှုတွေလိုနေသေးတာပေါ့နော်။ ဇာတ်ရုပ်ကတော့ တစ်မျိုးတည်းလို့ပြောကြတယ်။ အ၀တ်အစားပိုင်းနဲ့ပတ်သက်ပြီး မြန်မာဆန်တာများတယ်ပေါ့။ ဒါပေမဲ့ တချို့ကျတော့လဲ မြန်မာဆန်တာပဲလုပ်စေချင်ကြတယ်။ တချို့ကျတော့ ကာရိုက်တာပြောင်းစေချင်ကြတယ်။ ဒါပါပဲ ။ ထွေထွေထူးထူးဝေဖန်တာတော့သိပ်မရှိပါဘူး။

-ရုပ်ရှင်ကားကြီးအနေနဲ့ နက္ခတ်မှားတဲ့တိုက်ပွဲ ကားကိုရိုက်ထားတာတွေ့ရတယ်။ အဲ့ဒီကားကြီးက အကယ်ဒမီတန်းလဲဝင်နေတော့ ဒါနဲ့ပတ်သက်ပြီး စိတ်ခံစားချက်လေးကိုလဲသိချင်ပါတယ်။

နက္ခတ်မှားတဲ့တိုက်ပွဲ ရုပ်ရှင်ဇာတ်ကားကြီးက သမီးတို့တိုက်ကနေ ရိုက်တယ်။ အခုလိုအကယ်ဒမီ ဆန်ခါတင် စာရင်းထဲပါတဲ့အတွက်လဲပျော်ပါတယ်။

-သင်္ကြန်ကရော ဘယ်မှာရှိမလဲ။

ရိပ်သာမှာရှိပါမယ်။ သင်္ကြန်ကငယ်ငယ်လေးကတည်းကမလည်ဖြစ်ဘူး။ ၉တန်းကနေစပြီးရိပ်သာဝင်ဖြစ်တာ အခုချိန်ထိပါပဲ။ သင်္ကြန်မှာ အေးအေးချမ်းချမ်းနေရတာပဲကြိုက်တယ်။ သွားသွားလာလာလဲသိပ်မရှိဘူး။ သင်္ကြန်မှာ ရိပ်သာဝင်ရတာကိုနှစ်သက်တယ်။ အေးအေးချမ်းချမ်းနေရတာကိုကြိုက်လို့ပါ။ မှော်ဘီက သဲအင်းဂူ ကျောင်းတိုက်မှာဝင်ဖြစ်မှာပါ။

-အကယ်ဒမီပေးပွဲအတွက်ရော ဘယ်လိုပြင်ဆင်ထားလဲ။

ဒီဇိုင်နာက အန်တီနုရည်ပွင့်ပါ။ အရောင်တို့ပိုးထည်တို့ကမသိရသေးပါဘူး။

-အကယ်ဒမီပေးပွဲက ဒီနှစ်ပထမဆုံးတက်ရောက်ရမှာဆိုတော့ စိတ်ခံစားချက်လေးကိုလဲပြောပြပေးပါဦး။

 ဒီနှစ်ကနှစ်နှစ်စာပေါင်းပြီးပေးမဲ့ ထူးထူးခြားခြားနှစ်လေးလဲဖြစ်တယ်။ သမီးရဲ့ ပထမဦးဆုံးအကယ်ဒမီပွဲတက်တဲ့နှစ်လဲဖြစ်တယ်။ တီဗီကနေကြည့်ပြီးပဲအားပေးဖူးတယ်။ အပြင်ပွဲကိုသွားပြီးမကြည့်ဖူးဘူးဆိုတော့ရင်ခုန်တယ်။ ကိုယ့်အနုပညာမောင်နှမတွေကိုသွားပြီးအားပေးရမှာပေါ့။

-အခုရိုက်နေတဲ့ကားလေးပြီးရင် ရော ဘာတွေလုပ်ဖို့ရှိဦးမလဲ။

အမ်တီဗီရိုက်မယ်အစ်မ။ သမီးတစ်ကိုယ်တော်အခွေလေးထွက်ဖို့ရှိတယ်။ စီဒီအရင်ထွက်မယ်ပေါ့။ စီဒီထွက်ပြီးသိပ်မကြာခင်မှာ အမ်တီဗီထွက်နိုင်ဖို့အတွက်အခုတစ်ခါတည်း ကြိုရိုက်ထားတာပါ။

-ဖန်တီးဖြစ်နေတဲ့ အခွေအကြောင်းလေးကိုလဲ သိချင်ပါတယ်။

အခုက အိပ်မက်လေးအတွက်လို့ယာယီပေးထားတယ်။ သီချင်းအရေအတွက်က ၁၂ ပုဒ်လောက်ပါပဲ။ အဲ့ဒီအခွေကလုပ်နေတာ ၂နှစ်ကျော်ကျော်လောက်ရှိပြီ။ သီချင်းရွေးရင်းရွေးရင်းနဲ့မထွက်ဖြစ်တာပေါ့။ တေးရေးတွေက ဆရာမြင့်မိုးအောင်၊ ဦးရွှေ၊ G Fatt ၊ အေးချမ်း၊ သမီးကိုယ်တိုင်ရေးထားတာပါမယ်။ သင်္ကြန်အပြီး မိုးတွင်းဖက်မှာထွက်ဖို့တော့ ရည်ရွယ်ထားပါတယ်။ စီဒီကပြီးနေပြီ။ ထည့်ဖို့အတွက်ပြန်ရွေးနေတာပါ။ အခုအမ်တီဗီရိုက်မယ်ဆိုတာက သေချာတဲ့ ၆ ပုဒ်ထဲကဟာတွေကို အရင်ရိုက်ထားမှာပါ။

-အရင်က ဒုတိယမင်းသမီးနေရာကရိုက်ခဲ့တယ်။ အခုလက်ရှိမှာ ခေါင်းဆောင်မင်းသမီးနေရာကရိုက်နေရပြီဆိုတော့ ကွာခြားချက်လေးကိုလဲသိချင်ပါတယ်။

ဒုတိယမင်းသမီးရိုက်ခဲ့တဲ့ကားက လက်ချိုးရေကြည့်လို့ရတယ်။ ၃ ကားလောက်ပဲရှိတယ်ပေါ့။ အဲ့ဒါကြောင့်ပရိသတ်မျက်လုံးထဲမှာ ဒုတိယမင်းသမီးနေရာရယ်လို့တော့မဖြစ်သွားဘူးပေါ့။ အတွေ့အကြုံရအောင်ဝင်ရိုက်ခဲ့တာပဲဆိုတော့လေ။ ဒုတိယကနေစရိုက်တယ်။ ဒါပေမဲ့ သိသိသာသာကြီးဖြစ်လားဆိုတော့ မဖြစ်ခဲ့တဲ့အတွက် ညီမအနုပညာဝမ်းစာကိုရသလောက်လေးဖြည့်ပြီးပြန်ဝင်လာတဲ့အချိန်မှာ ခေါင်းဆောင်အနေနဲ့စရိုက်တယ်ပေါ့။

-အရင်ကထက် နည်းနည်းလေးပိုဝလာသလိုပဲ။

ဟုတ်ပါတယ်။ အစားကတော့ လုံးဝလျှော့လို့မရဘူး။ မပြောပါနဲ့။ လျှော့တာတော့လျှော့မယ်။ ဒါပေမဲ့ အစားကစားပြီးရင် မနေနိုင်ဘူး။ သူများတွေ Gym ဆော့တာတွေ့ရင်အားကျတယ်။ ပိန်သွားတာတွေကိုလဲတွေ့ရတော့ ညီမလဲ Gym ဆော့တော့ဆော့ဖြစ်အောင်ကြိုးစားနေပါတယ်။ အစားအသောက်ကမရှောင်ချင်တော့ Gym ဆော့ဖို့ကိုပျင်းနေတာပါ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.