Hip-Hop မျိုးဆက်အားလုံးနဲ့အတူ ပရိသတ်တွေ အပြတ်ကဲနိုင်မယ့် Old School အထာ Youk Shi ဖျော်ဖြေပွဲ

12039754_1572138263100321_6831721263047497865_n.jpg

၂၀၀၂၊ ၂၀၀၃ ၀န်းကျင်တုန်းက ကျင်းပခဲ့တဲ့ မြရိပ်ညိုက Funfair ပွဲတွေရဲ့ အရသာကို ပြန်လိုချင်ရင် ဧပြီ ၉ ရက်နေ့မှာ ကျင်းပပြုလုပ်မဲ့ မြရိပ်ညို သင်္ကြန် Funfair ကိုလာခဲ့ပါလို့ဖိတ်ခေါ်လိုက်တဲ့ Youk Shi Crew က ပွဲစီစဉ်သူတစ်ဦးဖြစ်သူ မဂျန်ဂျန်းနဲ့တွေ့ဆုံခိုက် သိလိုသမျှကို မေးမြန်းဖြစ်တဲ့အခါ

-ရောက်ရှိဆိုတဲ့ ပွဲလေး လုပ်ဖြစ်ခဲ့ပုံအကြောင်းလေးကို အရင်ဆုံးပြောပြပေးပါဦး။

အရင်က မြရိပ်ညို Funfair လိုမျိုး အခုခေတ်မှာ မရှိတော့ဘူး။ မလုပ်ကြတော့ဘူး။ စတိတ်ရှိုးဆို စတိတ်ရှိုးကြီးပဲလေ။ အဲ့ဒါကြောင့် အခုခေတ် Funfair ပုံစံမျိုးအနေနဲ့ အရင်ခေတ်ကထက် ပိုစုံလင်အောင်လို့ဒီပွဲလေးကို စီစဉ်ဖြစ်ခဲ့တာပေါ့။၂၀၀၀ ခုနှစ်ကျော်ကျော်လောက်က သူတို့လုပ်ခဲ့တဲ့ Funfair လိုပေါ့။ ဒါပေမဲ့ အဲ့ဒီထက် ပိုစုံမယ်။

-၉ ရက်နေ့လုပ်ဖို့ရော ဘယ်လိုစီစဉ်ဖြစ်တာလဲ။ အဲ့ဒီရဲ့ အရှေ့ရော အနောက်ရောက ရှိုးပွဲတွေဆက်တိုက်ဆိုတော့လေ။

အဲ့ဒါက ဘယ်လိုလဲဆိုတော့ ( Bushwick Boogie / UK ) ကအဖွဲ့ပေါ့။ အဲ့ဒီက DJ ကိုသူက လာဖို့လုပ်ထားတာ၊ သူက ၄ ရက်နေ့ရောက်မယ်ဆိုတော့ သင်္ကြန်မတိုင်ခင်လဲ လုပ်ချင်တဲ့အတွက် ၉ ရက်နေ့ကိုရွေးဖြစ်သွားတာပေါ့။

-ဒီပွဲကို အစ်မတစ်ယောက်တည်းလုပ်တာလား။ တခြားဘယ်သူတွေရော ပါဦးမလဲ။

အစ်မရယ်၊ အစ်မ ပါတနာ Abin ဆိုတဲ့ တစ်ယောက်ရယ်က Main ပေါ့။ နောက်ပြီး ဆိုင်ကလုန်းက သူငယ်ချင်းတွေလဲပါတယ်။ နောက် J me တို့ ဘာဘူတို့ မြတ်ကောင်းတို့ကလဲ အကြံဥာဏ်တွေပေးတယ်။ အဲ့ဒါနဲ့ပဲလုပ်ဖြစ်သွားတာပါ။

-အရင်က J One ဘားမှာလုပ်ဖူးတယ်လို့လဲသိရတယ်။ အဲ့ဒီအပြင်တခြားဘာပွဲတွေရောလုပ်ဖူးသေးလဲ။

ပွဲအများကြီးတော့မလုပ်ဖူးဘူး။ အစ်မနဲ့ Abin နဲ့က J One မှာတုန်းကလဲ Hip Hop Charity ဆိုပြီး သူငယ်ချင်းတွေ စုစကားပြောဖြစ်ပြီး J One ဘားမှာ လုပ်ဖြစ်ခဲ့တယ်။ အဲ့ဒီတုန်းကတော့ Charity ပွဲပေါ့။ ဒီလိုမျိုးပွဲကတော့ အခုမှစလုပ်ဖြစ်တာပါ။

-ဒီပွဲအောင်မြင်ရင် နောက်ပိုင်းမှာရော ဒီလိုပွဲမျိုးလုပ်သွားဖို့အစီအစဉ်ရှိသေးလား။

ရှိပါတယ်။ ဒီပွဲအဆင်ပြေရင်နောက်ပွဲတွေ ဆက်တိုက်လုပ်သွားမယ်။ ဒီလိုပုံစံမျိုးတော့မဟုတ်ဘူး။ အသစ်အသစ်တွေဖြစ်အောင် အမြဲတမ်းလုပ်သွားပါမယ်။ အခုလောလောဆယ်က အစ်မတို့ရဲ့ Crew က ရောက်ရှိ Crew ပေါ့။ အခုပထမဆုံး လုပ်တဲ့ပွဲလေးမို့လို့ရောက်ရှိလို့ပေးခဲ့တယ်။ နောက်ပွဲတွေကျရင်တော့ ပြောင်းသွားမှာပေါ့နော်။ ရောက်ရှိလာပြီဆိုတဲ့ အဓိပ္ပါယ်လေးနဲ့ပါ။ ဒီပွဲပေါက်သွားရင် Crew နာမည်လဲပေါက်မယ်ဆိုပြီး အဲ့ဒီနာမည်နဲ့ပဲလုပ်ဖြစ်ခဲ့တာပါ။

-ဒီပွဲမှာ ထူးခြားမှုက ဟိုးအရင် Generation ကစပြီး အခုနောက်တက် Generation တွေအထိ ပါဝင်တာကိုတွေ့ရတယ်ပေါ့။ သူတို့ကိုဘယ်လိုစုစည်းထားရလဲ။ ဘယ်လိုအခက်အခဲတွေရော တွေ့ရသေးလဲ။

အစ်မတို့က ဟိုးအရင်တုန်းက နာမည်ကြီးတဲ့ ကိုမျိုးကျော့တို့ကအစ အခုအသေးအဖွဲ့တွေထိ ပါအောင်လုပ်ဖြစ်ခဲ့တာက အစ်မတို့ခေတ်တုန်းကကြိုက်ခဲ့တဲ့သူတွေရော အခုခေတ်မှာ အလားအလာရှိတဲ့သူတွေရယ်ကို ပေါင်းပြီးလုပ်တာပေါ့။ ဒီပွဲကို လုပ်တဲ့အဓိကရည်ရွယ်ချက်က ပွဲလုပ်တဲ့သူတွေလဲပျော်ရမယ်။ ပွဲကိုလာတဲ့သူတွေလဲပျော်ရမယ်။ ပွဲမှာလာဆိုတဲ့ သူတွေလဲပျော်ရမယ်။ ပွဲမှာလာပြီးဈေးရောင်းတဲ့သူတွေလဲပျော်ရမယ်။ အဲ့ဒီလိုမျိုး ရည်ရွယ်ချက်နဲ့လုပ်တာဆိုတော့ အဓိကအစ်မတို့ပျော်ချင်လို့အရင်ဆုံး စလုပ်သလိုဖြစ်တာပေါ့။ အစ်မတို့ကြိုက်ခဲ့တဲ့ အဆိုတော်တွေကို ထည့်တယ်။ နောက်ပိုင်း Generation မှာလဲ ကြိုက်တဲ့သူတွေပဲပေါ့။ လန်ဘားတို့၊ Chilli Family တို့New Gipsy တို့ဘာတို့ဆို အခုနောက်ပိုင်းမှာ အစ်မတို့နားထောင်ဖူးတာ အစ်မတို့ကြိုက်တဲ့သူတွေပေါ့။ Cycloneတို့၊ Theoryတို့၊ Acidတို့ကျတော့ အစ်မတို့အရင်တုန်းကကြိုက်ခဲ့တဲ့ အဖွဲ့တွေပေါ့။ သူတို့ကို စုစည်းရတာက အရမ်းတော့မခက်ဘူး။ ဘာကြောင့်လဲဆိုတော့ အစ်မနဲ့ကဟိုးငယ်ငယ်လေးကတည်းက သူငယ်ချင်းတွေမို့လို့ပါ၊ ဒီထဲကလူတွေပဲ အဆိုတော်တွေဖြစ်ဖြစ်သွားကြတာပေါ့။ ငယ်သူငယ်ချင်းတွေလိုဖြစ်နေတဲ့အတွက် စုရတာသိပ်မခက်ဘူး ။ ဒါပေမဲ့ အခုနောက်တက်ကလေးတွေကျတော့လဲ Cyclone ထဲက G Tone တို့ပြည်သာတို့ကပြန်ပြီးဆက်သွယ်ပေးတယ်။ ဒီပွဲက အစ်မတို့ကြိုက်တဲ့သူတွေကိုပဲစုပြီးလုပ်တဲ့ပွဲပေါ့။

-ဒီပွဲက မြရိပ်ညိုမှာလုပ်တဲ့နောက်ဆုံးပွဲလားအစ်မ။ နောက်ပိုင်း Construction ဆောက်လို့လဲကြားနေရတယ်။

နောက်ဆုံးပွဲတော့ မဟုတ်ဘူး ညီမရဲ့ အရင်က Funfair လုပ်ခဲ့တဲ့ E ဆောင်ကို သူတို့နောက်ပိုင်းကျရင် Construction ၀င်မယ်လို့ပြောတယ်။ ဒါပေမဲ့ မြရိပ်ညိုရဲ့ နောက်ဆုံးပွဲတော့မဟုတ်ဘူး။ အနောက်တွေအောက်တွေမှာလဲ ရှိသေးတော့လေ။ ဟိုး ၂၀၀၂ ၊ ၂၀၀၃ တုန်းကလုပ်ခဲ့တဲ့ မြရိပ်ညို Funfair လိုပုံစံမျိုးပဲ အခုပြန်လုပ်တာပေါ့။

-လူတွေကလဲစုံတော့ အဲ့ဒီပွဲမှာ ထူးထူးခြားခြားအနေနဲ့ ဘယ်လိုမျိုးလေးလုပ်ဖို့စီစဉ်ထားလဲ။

အစ်မတို့စီစဉ်ထားတာတော့ ခုနစ်ပိုင်းရှိတယ်။ စတိတ်ရှိုးပိုင်းမှာ အဆိုတော်တွေ Performance လုပ်မယ်။ နောက် Graffiti ဆွဲတာပါမယ်။ နောက်မြန်မာ Skateboards Club က ကိုအာကာဘိုတို့ သူတို့ဆီက Skater တွေလဲလာပြီးစကိတ်စီးမယ်။ နောက်ဂျပန်ကနေ Body Paint လုပ်တဲ့ Body Artist တစ်ယောက်လဲခေါ်ထားတယ်။ နောက် Funfair ကြီးလဲရှိမယ်။ မုန့်တွေဝယ်စား တီရှပ်တွေ ၀ယ်လို့ရမယ်။ နောက် ၂ ခုက Street Dancer တွေပါမယ်။ နောက် DJ ကတော့ ကိုသူနဲ့ကိုဇော်ကြီးတို့က ပါဝင်အားဖြည့်မယ်လို့ပြောတယ်။

-ရှိုးမှာသီဆိုဖျော်ဖြေမဲ့ အဆိုတော်တွေနဲ့လဲမိတ်ဆက်ပေးပါဦး။

မျိုးကျော့မြိုင်၊ အက်ဆစ်၊ သီအိုရီ၊ Chill Session ၊ ဆိုင်ကလုန်း၊ Bigg Y ၊ စန္ဒီမြင့်လွင်၊ အမွန်း၊ YAK ၊Lil’z ( Immortal ) ၊ Hip II ၊ One Way ၊ J Flowz & Ko Thu ( Bushwick Boogie / UK ) ၊ လန်ဘား ( Legendary ) ၊ Trigger ၊ Jimmy Jacobs & MR . Luffie  ( SME ) ၊ Chilli Family ၊ Bo Htet ၊ OG KU$H & Zwe Thet Paing ( P. Crew ) ၊ ထက်ထက် ၊ New Gipsy ၊ T+I+B ၊ DJ ဇော်ကြီး တို့ပေါ့။

-ပွဲက ဘယ်အချိန်လောက်စပြီးဘယ်အချိန်မှာသိမ်းမလဲ။

အစ်မတို့၁ နာရီလောက်ကတည်းက ဈေးစရောင်းမယ်။ ၅ နာရီလောက်မှာ စဆိုမယ်။ ည ၉ ခွဲလောက်ထိပါပဲ။

-ဒီပွဲကရော ဘယ်နှစ်ပွဲမြောက်လဲ။

သုံးပွဲမြောက်ပေါ့။ J One ဘားမှာ DJ ကိုစိုင်းလာတုန်းက တစ်ခါလုပ်ဖူးတယ်။ ဘာနာမည်မှ မတပ်လိုက်ဘူး။ အဲ့ဒီတုန်းက Abin ဦးစီးတာပေါ့။ နောက်ပြီး J One ဘားမှာပဲ အစ်မနဲ့ Abin ဦးစီးပြီး Hip Hop Charity ပွဲလေးလုပ်တယ်။ ပြီးတော့ ဒါပေါ့။ ငယ်ငယ်တုန်းက  Taste အတိုင်းပြန်လိုချင်ရင် ဒီပွဲလေးကိုလာခဲ့ပါလို့ပြောချင်ပါတယ်။

-လူစုံအောင်ထည့်ထားတာကရော ပရိသတ်ကို ဘယ်လို Taste မျိုးပေးချင်လို့လဲ။

ပျော်စေချင်တာပါပဲ။ အခုအစ်မထည့်ထားတဲ့ သူတွေအားလုံးကလဲ သူ့ပရိသတ်နဲ့သူရှိပြီးသားလေ။ အဟောင်းတွေကိုလဲ သူတို့ကရှိုးမဆိုတာကြာပြီ။ သူတို့ရဲ့ Performance ကိုပြန်ကြည့်ချင်တယ်။ အဲ့ဒါကြောင့် ပြန်စုပြီးလုပ်ဖြစ်တယ်။ ကိုယ့်ဟာကိုယ်ကြိုက်တဲ့သူတွေကိုစုပြီးခေါ်ထားတယ်။

-အခုခေတ်ရှိုးတော်တော်များများက လူထပ်တယ်။ နောက်တက်ထဲကအောင်မြင်လာတဲ့သူကို ဆွဲထည့်တယ်။ ရှိုးဆိုရှိုးပွဲကြီးသီးသန့်ပဲ။ တခြားဘာမှလဲ မပါဘူးပေါ့။ အစ်မတို့ကျတော့ လူလဲစုံတယ်။ ထည့်ထားတဲ့ဟာတွေကလဲ ခုနစ်မျိုးလောက်ရှိတယ်ဆိုတော့ အဲ့ဒီအပိုင်းနဲ့ပတ်သက်ပြီး စီစဉ်မှုအပိုင်းမှာအခက်အခဲရောတွေ့ရသေးလား။

အခက်အခဲတော့သိပ်မရှိဘူး။ အောင်မြင်တဲ့သူကိုသိပ်မခေါ်ဖြစ်ဘူး။ အစ်မတို့ကြိုက်ပြီး အစ်မတို့နားထောင်နေကျ သူတွေကိုခေါ်ပြီး စုပြီးပွဲလုပ်တာများတယ်။ အစ်မတို့နောက်တစ်ခါလုပ်ရင် ဒီလူတွေဖြစ်ချင်မှဖြစ်တော့မယ်။ အစ်မတို့စုထားတဲ့သူတွေလဲ ပရိသတ်ကြိုက်ကြလိမ့်မယ်လို့ထင်ပါတယ်။ အစ်မတို့လဲအကြိုက်၊ ပရိသတ်လဲအကြိုက်ပေါ့။

-လက်မှတ်တွေကရော ဘယ်ဆိုင်တွေမှာရမလဲ။

မြန်မာ ပလာဇာက အင်းဝစာအုပ်ဆိုင်မှာ ရမယ်။ ပြီးတော့ ဆရာကြီးဆိုင် အစ်မခေတ်ထဲက အခုချိန်ထိကလေးတွေသွားတဲ့ အင်းလျားမြိုင်ထဲက ဆရာကြီး Ginki Kids ဆိုတဲ့ဆိုင်မှာရမယ်။ မြို့ထဲကလူတွေအတွက် ယောမင်းကြီးလမ်းထဲက Fatman ဘားမှာရှိမယ်။ နောက် Dream Fashion Shop 3 ဆိုင်လုံးမှာ ရှိမယ်။ ပြီးတော့ အစ်မတို့ထပ်ထားဖို့က ၃၇ လမ်းက ဘားမှာ ထားမယ်။ နောက် Genius ဆိုင်တွေမှာ ထားမယ်။

-ပရိသတ်တွေဘာလိုအပ်နေလဲ ပရိသတ်ဘာကြိုက်လဲ ဆိုတဲ့ အရာကို ဘယ်လိုလေ့လာထားဖြစ်လဲ။

အစ်မတို့လဲ ပရိသတ်ပဲလေ။ အစ်မတို့လဲ ရှိုးတွေသွားရင် လူတွေကရိုးလာတယ်။ ကိုယ်ကြည့်ချင်တဲ့သူက ဘယ်သူမှမလုပ်ကြဘူး။ နောက်ပိုင်း နာမည်တက်လာတဲ့သူတွေနဲ့နာမည်ရှိပြီးသားလူတွေကိုပဲလုပ်ကြတယ်။ ကိုယ်ကြည့်ချင်တဲ့သူက မပါလာတော့ဘူး။ အဲ့ဒါကြောင့် Abin နဲ့ပြောဖြစ်ပြီး ကိုယ်ကြည့်ချင်တဲ့သူကိုယ်ဟာကိုယ်စလုပ်မယ်ဆိုပြီးလုပ်ဖြစ်သွားတာပါ။

-ဒီပွဲနဲ့ပတ်သက်ပြီး ပြောချင်တာလေးတွေရှိရင်လဲပြောပြပေးပါဦး။

 အစ်မပြောချင်တာကတော့ ဒီလိုမျိုးပွဲမျိုးက မလုပ်ဖြစ်တာကြာပြီ။ အစ်မတို့စလုပ်တဲ့အချိန်မှာလဲ အကုန်လုံးကို လာပျော်စေချင်တယ်။ စတိတ်ရှိုးမှာဆိုတဲ့သူတွေကို မကြိုက်ဘူးဆိုရင်လဲ ဈေးရောင်းတဲ့သူတွေရှိတယ်။ လာပြီးစားလို့ရတယ်။ တခြား ဟာတွေလဲ ၇မျိုးလောက်ပါတယ်ဆိုတော့ တစ်မျိုးမဟုတ်တစ်မျိုးကတော့ လူတစ်ယောက်ယောက်နဲ့နွယ်နေမယ်ထင်တာပဲ။ အဲ့ဒီတော့ အစ်မပြောချင်တာကတော့ ရောက်ရှိပွဲမှာ လာပြီးတော့ ပျော်ကြဖို့ပဲဖိတ်ချင်ပါတယ်။

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.