ယခင် Playboyz ယခု ရုပ်သေးဆိုတဲ့ မြန်မာမှုနာမည်နဲ့ ထူးခြားနေတဲ့ မဏ္ဍပ်ရဲ့ စီစဉ်သူတစ်ဦးဖြစ်သူ ခိုင်သဇင်ငုဝါနဲ့တွေ့ဆုံခြင်း

12899878_1723631021229142_453723882_n.jpg

၂၀၁၆ သင်္ကြန်ဟာ ရက်ထပ်နှစ်ဖြစ်တဲ့အတွက် ယခင်နှစ်တွေနဲ့မတူပဲ တစ်ရက်ပိုကျတဲ့နှစ်မို့ သင်္ကြန်မတိုင်ခင်ကတည်းက လူငယ်တော်တော်များများက ရင်ခုန်စိတ်လှုပ်ရှားနေပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့တစ်ခွင်မှာလဲ ယခင်နှစ်တွေက မဏ္ဍပ်လုပ်နေကျ ၊ စည်ကားနေကျ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်းနဲ့ကန်တော်ကြီးပတ်လမ်းတို့မှာ မဏ္ဍပ်အသီးသီးဟာ သူ့နေရာနဲ့သူ အပီအပြင်ကို နေရာယူထားနေကြပါပြီ။ မဏ္ဍပ် Organizer တွေကလဲ သူ့မဏ္ဍပ်၊ ကိုယ့်မဏ္ဍပ်အပြိုင် အကောင်းဆုံးဖြစ်အောင် ကြိုးစားပြင်ဆင်ဖန်တီးစဉ်းစားကာ Facility ပိုင်းနဲ့ပတ်သက်ပြီး အမိုက်ဆုံးဖြစ်အောင် စီစဉ်နေကြတာကိုလဲတွေ့ရပါတယ်။ မြူးကြွတဲ့ DJ သမားများကိုခေါ်ယူပြီး အလန်းဆုံးနဲ့အမိုက်ဆုံးဖြစ်အောင်ကြိုးစားနေကြတဲ့ မဏ္ဍပ်တွေထဲမှာမှ မဏ္ဍပ်တစ်ခုဖြစ်တဲ့ ယခင်  Playboyz ယခု နှစ် ရုပ်သေးဆိုတဲ့ မြန်မာမှုနာမည်နဲ့ ဆန်းပြားနေတဲ့ မဏ္ဍပ်ရဲ့ Organizer တစ်ဦးဖြစ်သူ မော်ဒယ် ခိုင်သဇင်ငုဝါကို မဏပ်ပိုင်းနဲ့ပတ်သက်ပြီး သိလိုသမျှကို သွားရောက်မေးမြန်းဖြစ်တဲ့အခါ

-ရုပ်သေးဆိုတဲ့ သင်္ကြန်မဏ္ဍပ်လေးကို စလုပ်ဖြစ်ခဲ့ပုံလေးကို သိချင်ပါတယ်။

ညီမ သူငယ်ချင်းတွေပေါ့။ Playboyz နာမည်နဲ့ ၂၀၁၀ ကတည်းက လုပ်လာခဲ့တယ်။ ညီမကတော့ ဒီနှစ်ကျမှ ပါဝင်ပြီးလုပ်ဖြစ်တာပေါ့။ Playboyz ကနေ သူငယ်ချင်းတွေ ကွဲထွက်သွားပြီး သူတို့ကလဲ သူတို့မဏ္ဍပ် သူတို့လုပ်တဲ့အတွက်ကျန်တဲ့သူငယ်ချင်းတွေနဲ့အတူ ညီမလဲ ဒီနှစ်မှာပါဝင်ပြီး Organized By Playboyz ရုပ်သေးဆိုတဲ့နာမည်နဲ့ ပြန်လုပ်ဖြစ်ခဲ့တာပါ။

-ရုပ်သေးဆိုတဲ့ နာမည်ကိုရော ဘယ်လိုအဓိပ္ပါယ်နဲ့ပေးဖြစ်ခဲ့တာလဲ။

ဒီမဏ္ဍပ်စမလုပ်ခင် ညီမသူငယ်ချင်းနှစ်ယောက်က ဒီ Playboyz ကနေမြန်မာမှုလေးလဲပါအောင် ရုပ်သေးဆိုပြီးပေးဖြစ်ခဲ့တယ်။ ညီမတို့မဏ္ဍပ်ရဲ့ Decoration ပိုင်းနဲ့ပတ်သက်ပြီးလဲ မြန်မာမှုပါအောင်ဖန်တီးသွားပါမယ်။

-လက်မှတ်ဈေးနှုန်းလေးတွေကရော ဘယ်လိုရှိလဲ။

မတ်လထဲမှာဝယ်ရင် ၄၅၀၀၀ ပါ။ ဧပြီမှဆို ၆၀၀၀၀ ပါ။ တစ်ရက်ချင်းစီဈေးနှုန်းတွေကတော့ အကျနေ့က ၁၅၀၀၀၊ အကြတ်ပထမနေ့က ၂၅၀၀၀ ၊ အကြတ်ဒုတိယနေ့က ၃၀၀၀၀၊ အတက်နေ့က ၃၅၀၀၀ ပါ။ ၁၀စောင်ဝယ်ရင် တစ်စောင် Free ပေးပါမယ်။ VIP Table ကကျတော့ ၅ယောက်ကို Gold Label ဖောက်ပေးမယ်။ ဒီမတ်လအတွင်းမှာ ၀ယ်ရင် ၈၀၀၀၀၀ ပါ။ ဧပြီမှဆို ၁၀၀၀၀၀၀ပါ။

-ရုပ်သေးမဏ္ဍပ်မှာ ထူးထူးခြားခြားအနေနဲ့ ဘယ်လိုမျိုးလေးတွေစီစဉ်ထားသေးလဲ။

မတ်လအတွင်းမှာ ၀ယ်တဲ့သူတွေကို ပရိုမိုးရှင်းအနေနဲ့ ကံစမ်းမဲဖောက်ပေးဖို့ရှိတယ်။ ညီမတို့ပါတီလုပ်မဲ့နေ့ကျရင် မတ်လအတွင်းမှာ ၀ယ်တဲ့သူတွေကို ကံစမ်းမဲဖောက်ပေးမယ်။ VIP ticket တွေနဲ့ပြန်လဲပေးဖို့ရှိပါတယ်။ ပြီးတော့ ဖေ့စ်ဘွတ်ခ်မှာလဲ ညီမတို့Flayer ကို Like & Share လုပ်ပေးပြီး Like အများဆုံးရတဲ့သူတွေကို Ticket တွေလက်ဆောင်ပေးဖို့ရှိပါတယ်။

-အစားအသောက်ပိုင်းနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးစီစဉ်ထားပေးလဲ။

ရိုးရိုးကကျတော့ ထမင်းကြော်၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော်ပေါ့။ VIP နဲ့တော့မတူပါဘူး။

-မဏ္ဍပ်တည်ရှိရာ နေရာလေးကိုလဲသိချင်ပါတယ်။

ကမ္ဘာအေး လမ်းမပေါ်မှာပါပဲ။ နေရာကတော့ အတိအကျ မသိရသေးပါဘူး။

-ရုပ်သေးမဏ္ဍပ်မှာ ငုဝါအပါအ၀င် ဘယ်အနုပညာရှင်တွေရှိဦးမလဲ။

အများကြီးဖိတ်ထားပါတယ်။ ကိုဇေယျ၊ သန္တာဗို၊ ကောင်းပြည့်၊ သံသာမိုးသိမ့်၊ နေ၀င်း၊ စည်သူဝင်း၊ အောင်မင်းခန့်တို့လဲရှိပါမယ်။

-သင်္ကြန်မဏ္ဍပ်လုပ်ရတဲ့ Feeling ကရောဘယ်လိုရှိလဲ။

ပျော်ဖို့ကောင်းတယ်။ အခုဆိုရင်ညီမတို့မဏ္ဍပ်ကိုအားပေးကြတဲ့သူတွေတော်တော်များလာတယ်။ Playboyz ကနေ ရုပ်သေးပြောင်းသွားပေမဲ့ အားပေးတာတွေ များတဲ့အတွက် ၀မ်းသာတယ်။ ညီမတို့ဒီနှစ်က တခြားမဏ္ဍပ်တွေနဲ့မတူပဲ ရုပ်သေးဆိုပြီး မြန်မာဆန်ဆန်ပေးထားတယ်။ သူများတွေထက် ဆန်းနေတယ်။ အရင်နှစ်တွေကတော့ ဒီလိုကိုယ်တိုင် မလုပ်ဖြစ်ဘူး။ သူများဖိတ်တဲ့ မဏ္ဍပ်တွေမှာပဲသွားထိုင်ပေးဖြစ်တယ်။ ဒီနှစ်ကတော့ ကိုယ်တိုင်ဝင်လုပ်ရတဲ့အတွက်ကိုယ့်မဏ္ဍပ်က သူများမဏ္ဍပ်တွေထက်သာအောင် ဘယ်လိုလုပ်ရမလဲဆိုပြီး နေ့တိုင်း Meeting ထိုင်ဖြစ်တယ် ။ နေ့တိုင်းလဲတွေးဖြစ်တယ်။ Organizer ၈ယောက်လုံးကလဲ တက်ညီလက်ညီနဲ့ အားလုံးကြိုးစားနေကြပါတယ်။ သင်္ကြန်အတွက် ရင်ခုန်နေတယ်။ ကိုယ့်ပရိသတ်တွေနဲ့တူတူရှိရမယ်ဆိုတဲ့အတွက်လဲပျော်နေပါတယ်။

-ဒီနှစ်မှာ သူငယ်ချင်းတွေနဲ့စပြီး မဏ္ဍပ်လုပ်ဖြစ်တာဆိုတော့ အတွေ့အကြုံကရော ဘယ်လိုရှိလဲ။

မဏ္ဍပ်တစ်ခုလုပ်ရတာမလွယ်ဘူး။ ဒီဇိုင်းကအစ ဘယ်လိုလုပ်ရမယ်။ ဈေးနှုန်းဆိုလဲ ဘယ်လိုထားရမယ်။ သင့်တင့်တဲ့ အနေအထားလဲတစ်ခုဖြစ်အောင်လဲစဉ်းစားရတယ်။ အစားအသောက်ကျွေးမယ်ဆိုလဲ ဘယ်လိုဟာကိုကျွေးရမလဲ။ ဖြစ်ကလက်ဆန်းလဲမကျွေးချင်ဘူး။ နောက်ပြီး ကိုယ့်မဏ္ဍပ်ကလ တစ်နှစ်ထက်တစ်နှစ်လူကြိုက်များလာတာပဲဖြစ်စေချင်တယ်။ အဲ့ဒါကြောင့်စိတ်ရောလူရောနှစ်ပြီး ကြိုးစားနေပါတယ်။ အရမ်းလဲပင်ပန်းပါတယ်။ မဏ္ဍပ်ပေါ်မှာရလာတဲ့ရလဒ်က အကောင်းဆုံးဖြစ်အောင်ကြိုးစားပါ့မယ်။ ပရိသတ်တွေအနေနဲ့လဲအားပေးပေးပါ။

-မဏ္ဍပ်တစ်ခုလုပ်ပြီးဆိုရင် အဓိက လူကြပ်တဲ့ပြသနာပေါ့။ ပိုက်ဆံပေးပြီး ဘတ်စ်ကားတိုးစီးနေရသလိုမဖြစ်အောင်ရော ရုပ်သေးမဏ္ဍပ်အနေနဲ့ ဘယ်လိုစီစဉ်ထားလဲ။

ညီမတို့ကတော့ နှစ်ထောင်နဲ့နှစ်ထောင့်ငါးရာကြားပဲ လက်မှတ်ကိုသတ်မှတ်ထားပါတယ်။ မဏ္ဍပ်ဆိုဒ်ကတော့ အရင် Playboyz ဆိုဒ်အတိုင်းပါပဲ။

-မဏ္ဍပ်လုံခြုံရေးအပိုင်း၊ မဏ္ဍပ်ခိုင်ခံ့မှုအပိုင်းနဲပတ်သက်ပြီးတော့ရော ဘယ်လိုမျိုးလေးစီစဉ်ထားလဲ။

ညီမတို့မဏ္ဍပ်စလုပ်ပြီဆိုကတည်းက လုံခြုံရေး အပြည့်ထားထားပေးမယ်။ CCTV တွေလဲ တပ်ထားမယ်။ မဏ္ဍပ်ကိုလဲသေချာခိုင်ခံ့အောင် လုပ်ထားမှာပါ။ နေရောင်ခြည် ကာကွယ်နိုင်အောင်လဲ ၁၀၀ % UV Protection တွေနဲ့လုပ်ထားမှာပါ။

-Dj သမားတွေအနေနဲ့ကရော ဘယ်သူတွေများဖြစ်မလဲ။

The Bugbears ၊ DJ Kendrick ၊ Tyrah T၊ M Invaders၊Terror Bass၊ DJ Chacky ( Brave Bar ) နဲ့ DJ Neonz ( Poe Ei Phyu Sin ) တို့ပါ။

-သင်္ကြန် ငါးရက်လုံး ရုပ်သေးမဏ္ဍပ်မှာပဲဆိုတော့ အဲ့ဒီအတွက်ရော ဘယ်လိုမျိုးပြင်ဆင်ထားလဲ။

ရင်လဲခုန်တယ်။ ကိုယ်က Organizer တစ်ယောက်အနေနဲ့ပါတယ်ဆိုတော့ ကိုယ့်မဏ္ဍပ်အတွက် ဥပမာ ရန်ဖြစ်ရင်ဘယ်လိုဖြေရှင်းမလဲ။ တခြားပြသနာတွေဆို မိန်းကလေးတွေ မူးတာမောတာဆိုဘယ်လိုဖြေရှင်းမလဲပေါ့။ စသဖြင့် အမြဲတမ်းခေါင်းထဲမှာထည့်ထားပါတယ်။

-လက်မှတ်ရနိုင်မဲ့နေရာလေးတွေကိုလဲ ပြောပြပေးပါဦး။

ကျောက်မြောင်းက ညီမအဒေါ်ရဲ့ သစ်ရွှန်း အလှပြုပြင်ရေး၊ Heaven Fashion Shop ၊ Milan Fashion Shop နဲ့ Dream Fashion Shop တို့မှာ ရနိုင်ပါတယ်။

-ငုဝါတို့မဏ္ဍပ်မှာလာထိုင်မဲ့ လူငယ်တွေကိုရော ဘာများပြောချင်ပါသေးလဲ။

ညီမတို့မဏ္ဍပ်ကိုလာရင် ပေးထားတဲ့ ပိုက်ဆံ မရှုံးစေရပါဘူး။ ပေးထားတဲ့ပိုက်ဆံထက်ပိုပြီးသာလွန်တဲ့ facilities နဲ့စောင့်နေပါတယ်။ ညီမတို့မဏ္ဍပ်မှာလဲ ပရိသတ်တွေနဲ့သဟဇာတဖြစ်မဲ့ DJ တွေလဲခေါ်ထားတဲ့အတွက် ပျော်ရမယ်လို့ညီမမျှော်လင့်ပါတယ်။

 

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.