ဧပြီမှာ ထွက်ရှိမယ့် အခွေဖြစ်ပေမယ့် သင်္ကြန်သီချင်းတစ်ပုဒ်မှ မပါဝင်ကြောင်း ပြောပြပေးသွားတဲ့ ဖြူဖြူကျော်သိန်းရဲ့ April Fool အယ်လ်ဘမ်

12887401_1722003338058577_1273070814_o.jpg

ဂီတသက်တမ်း ၁၃ နှစ်နီးပါး ရှိနေပြီဖြစ်တဲ့ တေးသံရှင် ဖြူဖြူကျော်သိန်းရဲ့ ခြောက်ခွေမြောက် တေးစီးရီး April Fool Mini တေးအယ်လ်ဘမ် မိတ်ဆက်ပွဲအခမ်းအနားကို ( ၂၁. ၃. ၁၆ ) ရက်နေ့ နေ့လည် ၁ နာရီတွင် Orchid Hotel မှာစည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ အဆိုပါအခွေနဲ့ပတ်သက်ပြီးတေးသံရှင်ဖြူဖြူကျော်သိန်းက " ဒီအခွေလေးဟာ ဧပြီ ၁ ရက်နေ့မှာထွက်ရှိပေမဲ့ သင်္ကြန်သီချင်း လုံးဝ မဟုတ်ပါဘူး။ ဒါပေမဲ့ တန်ခူးလဆိုတဲ့အတွက် မြူးကြွတဲ့ အချစ် သီချင်းလေးတွေ ကိုရွေးချယ်ပြီး ထည့်ထားပါတယ်။ သီချင်းလေးပုဒ်စလုံးက ကိုယ်ပိုင်သံစဉ်သီချင်းတွေပဲဖြစ်ပါတယ်။ ဖြူဖြူရဲ့ ၆ခွေမြောက် တစ်ကိုယ်တော်အခွေလေးပါ။ ဒီထဲမှာ ပါဝင်တဲ့ ဂီတအမျိုးအစားတွေက EDM ( Electronic Music )လို့ခေါ်ကြတဲ့ သီချင်း အမြူးလေးတွေပါ။ အရင်အခွေမှာလို Player အများကြီးနဲ့တီးတာမျိုး မဟုတ်ပဲနဲ့ Musician တစ်ယောက်တည်းကနေ အစအဆုံးတီးတဲ့ပုံစံပေါ့။ ဖြူဖြူစင်ပေါ်မှာဆိုတဲ့အခါကျရင်လဲ ဒီလိုဖန်တီးထားတဲ့ စီဒီနဲ့ပဲဆိုရမှာဖြစ်တယ်။

ဒီအခွေလေးကိုဘာလို့ထုတ်ဖြစ်လဲဆိုတော့ ဖြူဖြူ့ရဲ့ မွေးလလေးမှာ အမှတ်တရလေးလဲဖြစ်ချင်တဲ့အတွက် ထုတ်ဖြစ်ခဲ့ပါတယ်။ အားလုံးသိကြတဲ့ Water ပါတီ၊ ရေပါတီပေါ့။ မနှစ်က သင်္ကြန်တုန်းက ပရိသတ်တွေ ၀က်ဝက်ကွဲ အားပေးခဲ့ကြတဲ့အတွက်ကျေးဇူးလဲ တင်တယ်။ အဲ့ဒီမှာဖြူဖြူ ပထမဦးဆုံး အတွေးစရတယ်။ နောက်ပြီးတော့ ဒုတိယတစ်ခေါက်ကတော့ ဒီလိုသီချင်းအမျိုးအစားတွေပဲ ထပ်လုပ်ဖို့အတွက် Forever Group ရဲ့ အစီအစဉ်နဲ့ ဖြူဖြူတို့ဆွီဒင်ကို သွားကြတယ်။ အဲ့ဒီမှာ သီချင်းလေးပုဒ် ထပ်ရတယ်။ ဒီမြူးဆစ်အမျိုးအစားနဲ့ရင်းနှီးလာတယ်။ ပြန်လာပြီးတဲ့အခါမှာ သိန်းလင်းစိုးတို့ကိုမျိုးဇော်ထက်တို့ကနေ သူတို့လုပ်ထားတဲ့သီချင်းလေးတွေ၊ နိုင်ငံခြားမှာပေါက်နေတဲ့ သီချင်းလေးတွေဖြူဖြူ့ကိုပေးနားထောင်တယ်။ အားလုံးက၀ိုင်းပြီးဆေးထိုးကြတဲ့အတွက်ဖြူဖြူလဲ အဲ့ဒီသီချင်းတွေကို အရမ်းကိုသဘောကျပြီး လုပ်ဖြစ်သွားတယ်ပေါ့။ ဆိုတဲ့အခါ နားထောင်တဲ့အခါမှာလဲ ကိုယ်တိုင်လွင့်ပြီးမြောက်တက်နေတဲ့ Feeling ကိုရတယ်။ ကိုယ့်ပရိသတ်ကိုလဲ အဲ့ဒီလို ခံစားမှုမျိုးကို ခံစားစေချင်တယ်။ အခုအချိန်မှာ ပျော်စရာကောင်းတဲ့ အချိန်ဖြစ်သွားတဲ့အတွက် ပိုပြီးလွတ်မြောက်ပြီး လွတ်လပ်စွာပျော်စေချင်တယ်။

ဒီဂီတဟာနိုင်ငံတကာမှာခေတ်စားနေတာကြာပြီလို့သိရပါတယ်။ ဖြူဖြူတို့မြန်မာပြည်မှာဆိုရင်လဲ ဒီဂီတအမျိုးအစားကိုလုပ်နေကြတဲ့ သူတွေလဲရှိကြပါတယ်။ ဒါပေမဲ့ဖြူဖြူအနေနဲ့ အခုလို Mini အယ်လ်ဘမ်လေးဖြစ်လာဖို့အတွက်ကိုယ့်ကိုဝိုင်းဝန်းမြှောက်ပေးတဲ့သူတွေလဲ ရှိလာတဲ့အခါ ကိုယ့်ရဲ့ယုံကြည်မှုလေးဟာ ခိုင်မာပြီး လုပ်ဖြစ်တဲ့ သဘောပါ။ ဒီအခွေမှာ သီချင်းလေးပုဒ်ပဲ ပါတယ်။ လေးပုဒ်ဆိုပေမဲ့ အကောင်းဆုံးကြိုးစားထားတယ်။ တေးရေးကတော့ နှစ်ယောက်ထဲပါ။ စိမ့်နဲ့သိန်းလင်းစိုးပါ။ စိမ့်က April Fool ဆိုတဲ့ Title song လေးရယ်၊ Sorry Girl ဆိုတဲ့ သီချင်းလေးရယ်ပါ။ သိန်းလင်းစိုးကတော့ Let U Go ဆိုတဲ့သီချင်းနဲ့ No More ဆိုတဲ့ သီချင်းနှစ်ပုဒ်ကိုရေးပေးထားပါတယ်။ အတီးသမားများအနေနဲ့ Dj ၀ိုင်း၊ သားသား၊ ချမ်းအေးဝင်းနဲ့ ကိုမျိုးဇော်ထက်တို့ကတီးပေးထားပါတယ်။

 ဖြူဖြူဟာ အခုလက်ရှိမှာ ဒီလိုဂီတအမျိုးအစားနဲ့ မြူးဆစ်အမျိုးအစားတွေကိုလုပ်ဖြစ်နေပေမဲ့ လိုင်းလုံးဝမပြောင်းသွားပါဘူး။ အရင်တုန်းကလို ရော့ခ်သီချင်းတွေလဲဆိုဦးမှာပါ။ အသည်းကွဲ သီချင်းတွေလဲဆိုနေဦးမှာပါပဲ။ အဲ့ဒီလိုပဲ ခေတ်နဲ့အညီ Update ဖြစ်တဲ့ မြူးဆစ်ပုံစံလေးတွေ ဖြူဖြူနဲ့လိုက်ဖက်မဲ့ ဖြူဖြူအာသီသရှိမဲ့ သီချင်းလေးတွေကိုလဲ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဂီတသမားတွေနဲ့တိုင်ပင်ပြီးအသစ်ဖန်တီးသွားမဲ့ ပရောဂျက်အသစ်တွေလဲ တန်းစီပြီးစောင့်နေတဲ့အကြောင်း ဖြူဖြူကို အားပေးနေတဲ့ ပရိသတ်ကြီးကို သတင်းကောင်းပါးချင်ပါတယ်။ အဆိုပါ April Fool အခွေလေးဟာဆိုရင် ဧပြီ ၁ ရက်နေ့မှာ ဘိုဘို မြူးဆစ်အင်တာတိန်းမန့်က စတင်ဖြန့်ချိမှာဖြစ်ပြီး ပရိုမိုးရှင်းကိုတော့ ခရီးသွားဖို့ရှိတာကြောင့် မလုပ်ဖြစ်တော့ဘူး"လို့ ပြောပြပေးသွားပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.